သောင်ရင်းမြစ်ရေကြီး၊ မြဝတီမြို့နဲ့ ထိုင်းဘက်ကမ်းက နေရာအချို့ ရေမြုပ်
DVB
·
September 13, 2011

ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ရေကြီးတဲ့အတွက် မြဝတီမြို့နယ်က ရပ်ကွက်တချို့ ရေမြုပ်ပြီး ထိုင်းဘက်ခြမ်းက ဈေးလည်း ပိတ်ထားရပါတယ်။
[caption id="attachment_15532" align="alignright" width="310" caption="သောင်ရင်းမြစ်ရေကြီးနေစဉ်"]
[/caption]
မြဝတီမြို့က အမှတ် ၁ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ သောင်ရင်းမြစ်ကမ်းနားနဲ့နီးတဲ့ မြို့လယ်မှာလည်း ရေနစ်မြုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
၁၀ နှစ်အတွင်း အဆိုးဝါးဆုံးရေကြီးမှုဖြစ်ပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားခဲ့ရပါတယ်။ ရေမြုပ်မှုကြောင့် အိမ်ခြေ ၅ဝဝခန့် ပြောင်းရွှေခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့ ညနေပိုင်းကစပြီး မြဝတီမြို့မှာ ရေကြီးခဲ့တာနဲ့ပတ်သက်လို့ မြို့ခံတဦးက“မနေ့ညနေက ရေကြီးတာ တော်တော်အခြေအနေဆိုးတယ်။ ရပ်ကွက်ရဲ့ သုံးပုံတပုံလောက် မြုပ်သွားတယ်။ ရင်ဘတ်လောက်ထိ ရေရောက်တယ်။ တချို့နေရာတွေက လှေသွားလို့ရတဲ့အထိ ဖြစ်သွားတယ်။ အိမ်ခြေ ၄၀၀၊ ၅၀၀ လောက် ရှိမယ်” လို့ ပြောပါတယ်။
မြဝတီမြို့မှာရေကြီးသလို ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း မြစ်ရေကြီးတဲ့အတွက် အမှတ် ၂ ဂိတ်က နယ်စပ်ဖြတ် လက်မှတ်ထုတ်ပေးတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရုံးကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထားလိုက်ရပြီး ထိုင်း-မြန်မာနယ်စပ် ချစ်ကြီးရေးတံတားအနီးက ထိုင်ဘက်ခြမ်း ကမ်းနဖူးဈေး မနေ့ညနေပိုင်းကစပြီး ပိတ်ထားခဲ့ရတာနဲ့ပတ်သက်လို့ ဈေးသည်တဦးက ခုလို ဆိုပါတယ်။
“မနေ့က တနာရီခွဲကနေ စတက်တယ်။ သုံးနာရီကျော်လေးမှာ ကျမတို့ဆိုင်ဘက်ကို ရေရောက်လာတယ်။ ၅ နာရီလောက်မှာ ရေက ခါးလောက်ရောက်သွားပြီ။”
ထိုင်းနိုင်ငံ တာ့ခရိုင် အုပ်ချုပ်ရေးမှုး နိုင်ဆာမာ့လွိုင်ဖာက ရေကြီးရေလျှံဖြစ်ခဲ့တဲ့ သောင်ရင်းမြစ်ကမ်း ထိုင်းဘက်ခြမ်းကိုတော့ လာရောက်စစ်ဆေးပြီး လိုအပ်တဲ့ အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာဘက်ကမ်း မြဝတီမှာတော့ အခုချိန်ထိ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီတာတွေ မရှိသေးဘူးလို့လည်း မြို့ခံတွေအပြောအရ သိရပါတယ်။
ရေဘေးသင့် ဒုက္ခသည်တွေကတော့ ရေလွတ်တဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ကုန်မြင့်ပိုင်းတွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ မြဝတီမြို့ခံက ပြောပါတယ်။
“ကယ်ဆယ်ရေးက ဘာမှမလာသေးဘူး။ အမှတ် ၁ ရုံးက မီးတွေပိတ်ထားဖို့ ညက ကြေညာတယ်။ တချို့တော့ ဓမ္မာရုံမှာသွားနေရတယ်။”
