လျှပ်စစ်ဝန်ကြီးစကားကို ပြစ်တင်ဝေဖန်
နေသွင်
·
September 13, 2011

မြစ်ဆုံရေကာတာဆောက်လုပ်မှု ကန့်ကွက်မှုတွေအပေါ် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏တုံ့ပြန်ချက်အပေါ် ပြည်တွင်းစာနယ်ဇင်းအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။
[caption id="attachment_15498" align="alignright" width="310" caption="ဦးဇော်မင်း (ဓာတ်ပုံ - Eleven Media Group)"]
[/caption]
နေပြည်တော်မှာ ဒီလ ၁၁ ရက်နေ့က ပြည်တွင်းသတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မြစ်ဆုံစီမံကိန်းအား ကန့်ကွက်မှုတွေကို "ဧရာဝတီ ရောဂါဆန်း" လို့ ဝန်ကြီးက သရော်ခဲ့ပြီး ကန့်ကွက်သူတွေဟာလည်း အမျိုးသားအကျိုးစီးပွား ပျက်စီးအောင် ကြံစည်သူတွေလို့ စွပ်စွဲသွားခဲ့တဲ့ အပေါ်မှာ ဒေါသထွက်နေကြတာပါ။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာ ဆရာမောင်စိမ်းနီက ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ လူကြီးလူကောင်းမဆန်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
“လူကြီးလူကောင်းမဆန်ဘဲ ပြောတဲ့စကားတွေကို ကျနော်တို့ သိပ် အဖက်လုပ်ပြီး ပြန်မပြောချင်ဘူး။ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာကို ရှေ့ဆက်လုပ်ဖို့ပဲ စဉ်းစားနေတယ်။ ကျနော်တို့က ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောမလားအောင့်မေ့တယ်။ တကယ်အောက်တန်းကျတဲ့ စကားတွေပြောတာပဲ။ အဲဒီအတွက်ကတော့ သူဒီတန်ဖိုးကို ပြန်ပေးရမယ်။”
ပြီးခဲ့တဲ့ ဇွန်လတုန်းက ပိတောက်ပွင့်သစ်က ဧရာဝတီမြစ်အထူးထုတ်ကို ထုတ်ခဲ့ပါတယ်။ ဧရာဝတီမြစ်တိမ်ကော ပျက်စီးတော့မယ့် အရိပ်အယောင်တွေ မြင်ရတဲ့အတွက် ထုတ်ဖြစ်တာလို့ အယ်ဒီတာ ဆရာမောင်စိမ်းနီက ပြောပါတယ်။
အောင်ပင်လယ်မဂ္ဂဇင်းရဲ့ အယ်ဒီတာ ဆရာမ ဒေဝီသန့်ဇင်ကလည်း လျှပ်စစ်ဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် လူတော်တော်များများ မကျေမနပ်ဖြစ်နေကြတယ်လို့ ပြောပါတယ်။
“ကျမထိတွေ့ရသလောက် နောက်မဆုတ်ဘူးဆိုတဲ့ စကားပေါ်မှာ ကျေနပ်တဲ့သူ တယောက်မှ မရှိဘူး။ နိုင်ငံတော် အစိုးရသစ်နဲ့ တိုင်းပြည်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သွားနေတဲ့အချိန်မှာ ဘာပဲပြောပြော ပြည်သူ့ရဲ့အသံ၊ ပြည်သူ့ရဲ့ ဆန္ဒကိုတော့ အလေးပေးသင့်တယ်လို့ ကျမထင်တယ်လေ။”
လျှပ်စစ်ဝန်ကြီးဦးဇော်မင်းရဲ့ ပြောဆိုချက်အပေါ် ပြည်တွင်းက ထင်ရှားတဲ့ စာနယ်ဇင်းသမားတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကလည်း စိတ်ပျက်လက်ပျက် တုံ့ပြန်ခဲ့ကြပါတယ်။
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက ယဉ်ယဉ်ကျေးကျေးနဲ့ ကန့်ကွက်လို့ မရတဲ့အဆုံးမှာ လူထုက လမ်းပေါ်ထွက်လာရင် စီမံကိန်းကို ဆက်လုပ်သူတွေရဲ့ တာဝန်ပဲလို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။
