DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား
DVB
·
September 12, 2011
မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား
Donate to DVB

ဧရာဝတီမြစ်ဆုံ အောက်ဘက်နဲ့ အထက်ဘက်မှာ တည်ဆောက်နေတဲ့ ရေကာတာ စီမံကိန်းတွေကို ပြည်တွင်းပြည်ပက ကန့်ကွက်ဆန့်ကျင်နေပေမယ့် နောက်မဆုတ်ဘူးလို့ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်းက ပြောလိုက်ပါတယ်။

နေပြည်တော်မှာ ပြည်တွင်းသတင်းထောက်တွေနဲ့ မနေ့က တွေ့ဆုံရာမှာ ၀န်ကြီးက ဒီလိုပြောလိုက်တာပါ။

[caption id="attachment_15467" align="alignright" width="310" caption=" ဦးဇော်မင်း (ဓာတ်ပုံ - Eleven Media Group)"][/caption]

“ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး နောက်မဆုတ်ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ကန့်ကွက်နေလို့လည်း နောက်မဆုတ်ပါဘူး။ ယူအန်က ထပ်မံစစ်ဆေးဦးမှာလား၊ ယူအန်နဲ့ ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး။ ကျနော်တို့နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။ Environmental (သဘာဝပတ်ဝန်းကျင်) အရရော၊ Technic (နည်းပညာ) အရရော သေချာလေ့လာပြီးသား စီမံကိန်းဖြစ်တဲ့အတွက် ကျနော်တို့ နောက်မဆုတ်ဘူး။ ဆက်လုပ်မှာဖြစ်တယ်။ ရောဂါဆန်းဖြစ်နေတာတွေကို ရှင်းသွားအောင်ပြောတာ။ ဆက်လုပ်မယ်ဆိုတာကို။”

စီမံကိန်းကို ၈ နှစ်အတွင်း အပြီးလုပ်မှာဖြစ်ပြီး မိုးတွင်းမှာ လုပ်ငန်းရပ်နေပေမယ့် နွေရာသီရောက်တာနဲ့ လုပ်ငန်းပြန်စမယ်လို့ ၀န်ကြီးက ပြောသွားပါတယ်။

ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံအတွက်ထက် တရုတ်နိုင်ငံအတွက် အကျိုးရှိတယ်လို့ ဝေဖန်ချက်တွေနဲ့ ပတ်သက်လို့လည်း မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေတာကြောင့် တရုတ်နိုင်ငံကို ရောင်းစားရတာပါလို့ ၀န်ကြီးက တုံ့ပြန်ပြောကြားသွားပါတယ်။

“ဒီစီမံကိန်းတွေ လုပ်တိုင်းလုပ်တိုင်းမှာ ကျနော်တို့နိုင်ငံမှာ ပိုက်ဆံမရှိလို့ လုပ်တာ။ ပိုက်ဆံရှိရင် ကိုယ့်ဘာသာကိုယ် လုပ်မှာပေါ့။ နံပါတ်တစ်၊ ပိုက်ဆံရှိလို့ ကိုယ့်ဘာသာလုပ်ပြီးရင် ဒီလျှပ်စစ်ကို ဘယ်သူကသုံးမှာလဲ။ ကျနော်တို့နိုင်ငံမှာ အခု မီဂါဝပ် ၁,၅၀၀ ပေးတာကို ကုန်အောင်မသုံးနိုင်ဘူး။ ဘယ်သူကသုံးမှာလဲ၊ သုံးစရာမရှိ ရင် ဈေးကွက်သဘောအရ ရောင်းစားရမယ်။ သုံးဖို့လိုလာရင် ၀ယ်သုံးရမယ်။ ဒါ ဈေးကွက်ရဲ့သဘောပဲ။  ကိုယ်တိုင်မလုပ်နိုင်တဲ့အခါမှာ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကို ခေါ်ပြီးတော့ လုပ်ကြတယ်။ ကျနော်တို့က ၁၀ ရာခိုင်နှုန်း ရတယ်။ မီဂါဝပ် ၁၈,၀၀၀ လုပ်ရင် ၁,၈၀၀ အလကားရတယ်။”

စီမံကိန်းကို ကန့်ကွက်နေသူတွေဟာ ပြည်သူ့အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်း ကြံစည်သူတွေပဲလို့ ၀န်ကြီးက စွပ်စွဲသွားပါတယ်။

“လျှပ်စစ်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးပမ်းနေချိန်မှာ မလိုလားအပ်တဲ့ တမျိုးတမည် ကြံစည်မှုတွေနဲ့ စီမံကိန်းတွေ ပျက်ပြားအောင် လျှောက်ပြောနေခြင်းသည် ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ လူတဦး၊ တစုတဖွဲ့ရဲ့ အကျိုးစီးပွားကို ကျနော်တို့ နားယောင်ပြီးတော့ လုပ်လိုက်ကြမလား၊ ကျနော်တို့ ပြည်သူလူထုရဲ့ လူဦးရေ သန်း ၅၀၊ ၆၀ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။”

သဘာဝပတ်ဝန်းကျင်ထိခိုက်မယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့လည်း စီမံကိန်းမစခင်ကတည်းက  တရုတ်ပညာရှင်တွေပါတဲ့ ဘန်ကာ (BANCA) အဖွဲ့ကို  အမေရိကန်ဒေါ်လာ တသန်းခွဲနီးပါးနဲ့ ငှားရမ်းပြီး လေ့လာခိုင်းခဲ့တယ်လို့ ၀န်ကြီးက ခုခံပြောဆိုသွားပါတယ်။

ဝန်ကြီးက ဘန်ကာအဖွဲ့ကို ရည်ညွှန်းပြောသွားပေမယ့် စီမံကိန်းဆက်မလုပ်ဖို့ အဲဒီအဖွဲ့ရဲ့ အကြံပြုချက်ကို လျစ်လျူရှုခဲ့တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က တာဝန်ခံ အာနန်က ပြောပါတယ်။

ရေကာတာစီမံကိန်းကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ တရုတ်ကုမ္ပဏီက သစ်ခုတ် တောင်ရှင်းတာ စတဲ့ဆိုးကျိုးတွေကို ဒေသခံတွေ ကြုံတွေ့နေရတာကိုလည်း အာနန်က ထောက်ပြပါတယ်။

“လူတွေကလည်း အဓမ္မရွှေ့ပြောင်းခံနေရတာကို တွေ့ရတယ်။ ဒါတောင်မှ ဆိုးကျိုးမရှိဘူးလို့ ပြောတယ်ဆိုရင် တကယ်တမ်း ကချင်ပြည်နယ် ဒေသခံတွေ ခံစားနေရတဲ့ဟာတွေကို မျက်ကွယ်ပြုထားတယ်ဆိုတာကို ကျမတို့ ရှင်းရှင်းလင်းလင်း သိရတယ်။”

တိုင်းရင်းသားဒေသတွေမှာ ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့် ဒေသခံတွေကို အဓမ္မလုပ်အားပေးခိုင်းတာ၊ အဓမ္မရွှေ့ပြောင်းတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံစားခဲ့ရပြီး လျှပ်စစ်ဓာတ်အားကိုတော့ ဒေသခံတိုင်းရင်းသားတွေ မရရှိဘူးလို့လည်း အာနန်က ထောက်ပြပါတယ်။

ရေကာတာကို အကြောင်းပြုပြီး ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေ ကြောင့် ဒုက္ခသည် ၂၀,၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ရပြီး မုဒိမ်းမှုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကို ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဩဂုတ် ၃၀ ရက် ကြေညာချက်မှာ  ထောက်ပြထားပါတယ်။

ကချင်ပြည်နယ်က နာမည်ကျော် မြစ်ဆုံဒေသမှာ အကောင်အထည်ဖော်မယ့် ရေကာက ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ရောင်းမှာဖြစ်ပြီး မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ၀င်ငွေရမယ်လို့ ခန့်မှန်းကြပါတယ်။

ဒီစီမံကိန်းကို တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ ဆိုင်နိုဟိုက်ဒရိုကော်ပိုရေးရှင်း (Sinohydro Corporation) က အကောင်အထည်ဖော်နေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ မြန်မာပြည်က ထင်ရှားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ စာပေအနုပညာရှင်တွေနဲ့ မီဒီယာတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013