DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေး အလားအလာကောင်းတွေ့ဟု အမေရိကန်ကိုယ်စားလှယ်ပြော
DVB
·
September 12, 2011
မြန်မာ့နိုင်ငံရေး အလားအလာကောင်းတွေ့ဟု အမေရိကန်ကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မယ့် အလားအလာတွေ မြင်တွေ့နေရပြီး မကြာခင် အကောင်အထည်ပေါ်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်က ပြောပါတယ်။

[caption id="attachment_15462" align="alignright" width="310" caption="အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်"][/caption]

ဒဲရက်ခ် မစ်ချဲလ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ၏အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ ဒီနေ့ တွေ့ဆုံအပြီးမှာ ဒီလို ပြောကြားလိုက်တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာမယ့် အလားအလာတွေ တွေ့နေရတဲ့ အကြောင်း၊ ဒီအလားအလာတွေက မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်လို့ ရလဒ်ကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်မိတဲ့အကြောင်း ပြောသွားပါတယ်။”

အမေရိကန်အထူးသံတမန်က မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်မယ့် အလားအလာဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်မပြောဘဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးဟာ အမေရိကန်ရဲ့လိုလားချက်ဖြစ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲဖြစ်ထွန်းတိုးတက်မှုတွေ အပေါ်မှာ ဆွေးနွေးနိုင်ခဲ့တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

အရင်တုန်းက အမေရိကန်အရာရှိကြီးတွေရဲ့ ခရီးစဉ်နဲ့ အခု အထူးသံတမန်ရဲ့ ခရီးစဉ် ဘာကွာခြားလဲလို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေဆိုသွားတယ်လို့လည်း ပြောပါတယ်။

“အခုနဲ့ မတူဘူးတဲ့၊ အရင်တုန်းကလာတဲ့ အခြေအနေနဲ့ အခုအခြေအနေက၊ အခုလာတဲ့ အခြေအနေက ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေဆိုတော့ ပြောင်းလဲလာမယ့် အလားအလာတွေ၊ ပြောင်းလဲလာမယ့် အနေအထားတွေ သူ့ဘက်ကလည်း အလားအလာတွေ ဆွေးနွေးနိုင်သလို၊ ဒီဘက်ကလည်း သုံးသပ်ချက်တွေ ဒီဘက်က အမြင်တွေ အခြေအနေသစ်တွေကို တင်ပြနိုင်တာပေါ့။ ဆွေးနွေးရတာ ကောင်းပါတယ်တဲ့။”

စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ရှိမရှိ မေးမြန်းရာမှာ ဒီကိစ္စ ဆွေးနွေးခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုပါတယ်။

အမေရိကန်အစိုးရအပေါ် သဘောထားကို မေးရာမှာ အမေရိကန်ဟာ မြန်မာပြည် ဒီမိုကရေစီရေးအတွက် စေတနာနဲ့ တစိုက်မတ်မတ် ကူညီနေပြီး နောင်လည်း တိုးချဲ့ကူညီမယ်လို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုပါတယ်။

ဒီနေ့တွေ့ဆုံရာမှာ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဦးတင်ဦးက အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး စည်းရုံးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပုံကို ရှင်းပြပါတယ်။

စီအာပီပီ အတွင်းရေးမှူး ဦအေးသာအောင်က တိုင်းရင်းသားအရေး ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်းများစွာကြာတာဟာ   နိုင်ငံရေး ခွင့်တူမျှမှုရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြစ်တယ်၊ ဒါကြောင့်  စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲက အချက်အချို့ ပြင်ဆင်ရမှာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။

စီအာရ်ပီပီအဖွဲ့ဝင် ပူးကျင့်ရှင်းထန်က နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ခြွင်းချက်မရှိ လွတ်မြောက်ရေး အရေးကြီးပုံကို ပြောလိုက်တယ်လို့ ဦးအုန်းကြိုင်က ပြောပြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံက လူ့အခွင့်အရး ချိုးဖောက်မှုတွေအပေါ် အခြေပြုပြီး မြန်မာနိုင်ငံပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပါတယ်။

လက်ရှိ အမေရိကန်သမ္မတ အိုဘားမားလက်ထက်မှာ ဆက်ပြီး စီးပွားရေးပိတ်ဆို့သလို တဖက်ကလည်း ထိတွေ့ဆက်ဆံရေးမှုကို ပြောင်းလဲကျင့်သုံးပြီး ခုလို အဆင့်အမြင့်ဆုံး အထူးသံတမန် စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်ကနေ အခုထိ စေလွှတ်သမျှ အမေရိကန် သံတမန်တွေထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013