Home
ဆောင်းပါး
ပထမဆုံး ဒီမိုကရက်ပါတီသမ္မတလောင်းနဲ့ ထိပ်ဆုံး မဟာအင်အားကြီးနိုင်ငံရဲ့ သမ္မတလောင်း ဟီလာရီကလင်တန်
DVB
·
June 13, 2016
အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးလာပြီဖြစ်တဲ့အတွက် ဒီမိုကရက်တွေ သွေးစည်းကြဖို့ ကြာသပတေးနေ့က သမ္မတ ဘားရက်အိုဘားမားက ပြောကြားရင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့တယ်လို့ ၀မ်းသာစရာ သိရပါတယ်။ ဟီလာရီနဲ့ အပြိုင်ဖြစ်နေသူ ဘာနီဆင်းဒါးကို ညှိနှိုင်းဆွေးနွေးအပြီးမှာ ဘာနီဆင်းဒါးက သဘောတူ လက်ခံခဲ့တာလည်း ဖြစ်ပါတယ်။ ၀ါရှင်တန်မှာ စဉ်ဆက်နီးပါး ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအပြီး သမ္မတ ဘားရက် အိုဘားမားက ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးအပြီးမှာ သူဟာ ဟီလာရီကလင်တန်နဲ့ ဆွေးနွေးပြီး အလုပ်အတူ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ အောက်ခြေရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ခဲ့ပြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဘာနီဆင်းဒါးက “အင်္ဂါနေ့ညက ကျနော် ၀န်ကြီး ဟီလာရီကလင်တန်နဲ့ စကားပြောပြီး သူ့ရဲ့ အင်မတန်အားကောင်းတဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဂုဏ်ပြု ချီးကျူးခဲ့ပါတယ်။ ဒေါ်နယ်လ်ထရမ့်ကို အနိုင်ရဖို့ ကျနော်တို့ ဘယ်လို အလုပ်အတူ လုပ်ကြမယ်ဆိုတာလည်း မကြာခင် ဆွေးနွေးနိုင်မယ်ထင်ပါတယ်။ ၁ ရာခိုင်နှုန်းလောက်ပဲ မဟုတ်တဲ့ ကျနော်တို့ အားလုံးအတွက် ကိုယ်စားပြုမယ့်အစိုးရ ဖွဲ့စည်းနိုင်ဖို့ပေါ့ဗျာ။”လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ အင်္ဂါနေ့က “ကျနော်က သူ့ဘက်က ရှိပါတယ်။ ဒီရာထူးနေရာ အတွက် သူလိုအရည်အချင်းရှိတဲ့ သူ ရှိမယ်လို့ ကျနော်မထင်ပါဘူး။ သူ့မှာ သတ္တိရှိတယ်။ စေတနာ ရှိတယ်။ ဒီအလုပ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မယ့်စိတ်လည်း ရှိတယ်။ သူ့ရဲ့ အဆုံးအဖြတ် မှန်ကန်မှုကိုလည်း ကျနော်တွေ့ခဲ့ရပြီ။ သူ့ရဲ့မာကြောမှုကို တွေ့ခဲ့ရပြီးသလို ကျနော်တို့ရဲ့ တန်ဖိုးတွေကို သူမြှင့်တင်နိုင်မယ်ဆိုတာလည်း တွေ့ခဲ့ရပြီး အမေရိကန်ပြည်သူတိုင်းအတွက် မျှတတဲ့ အခွင့်အရေးတွေကို ပေးနိုင်ဖို့ ဘယ်လောက်ပဲ တိုက်ရတိုက်ရ ရအောင်လုပ်ပေးမယ်ဆိုတဲ့ သူ့ရဲ့ သန္နိဋ္ဌာန်တွေကို ကျနော်တွေ့ခဲ့ရပြီ။ သူ အဲဒီအားနဲ့ သွားနေတာပဲ။ သွားနေတုန်းပဲ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် အဲလီဇဘက် ၀ါရင်းကလည်း အင်္ဂါနေ့ကပဲ ဟီလာရီကို အမည်စာရင်း တင်သွင်းပေးခဲ့ပါတယ်။ သူက “အမေရိကန်နိုင်ငံရဲ့ နောက်သမ္မတဟာ ဟီလာရီ ကလင်တန်ဖြစ်လာဖို့ ဒေါ်နယ်လ်ထရမ့် အိမ်ဖြူတော်နား ဘယ်တော့မှ မကပ်နိုင်အောင် ကျမရင်ထဲ အသည်းထဲကနေ ကြိုးစားတိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားကတော့ “ဒီ အခြေခံမဲဆွယ်စည်းရုံးရေးတွေမှာ ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ အထက်လွှတ်တော်အမတ် ဆင်းဒါးတို့ဟာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တိုင်းပြည်ကို ချစ်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ ဘယ်လိုဖြစ်ရမယ်လို့ ကျနော်တို့ ယုံကြည်ထား တာတွေမှာတော့ အမြင်ချင်း တူကြပါတယ်” လို့ သမ္မတ အိုဘားမားရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။ စာဖတ်သူတွေ သိပြီးကြတဲ့အတိုင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အထက်လွှတ်တော်အမတ် ဟီလာရီကလင်တန်တို့ လွန်ခဲ့တဲ့ ၈ နှစ်က သမ္မတရွေးကောက်ပွဲမှာ တယောက်နဲ့တယောက် အပြိုင်အဆိုင် မဲဆွယ်စည်းရုံးကြ၊ စကားစစ်ထိုးကြ လုပ်ခဲ့ပေမယ့် ဘားရက်အိုဘားမား အနိုင်ရအပြီး သမ္မတဖြစ်အပြီးမှာ သူ့ရဲ့ ထိပ်တန်းပြိုင်ဘက် ဟီလာရီ ကလင်တန်ကို နိုင်ငံခြားရေးဌာန ၀န်ကြီးတာဝန် ပေးအပ်ခဲ့တာကို တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အရည်အချင်းအရ သူဟာ ဒီရာထူးနဲ့ ထိုက်တန်တဲ့သူဖြစ်တယ်လို့ အိုဘားမားက သိပါတယ်။ လူချင်းမမုန်းခဲ့ကြပါဘူး။ ပြိုင်ခဲ့ကြတာပါ။ ခု သူ သမ္မတသက်တမ်း ၂ ဆက်အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဆက်လုပ်လို့ မရနိုင်တော့တဲ့ အချိန်မှာလည်း ဘယ်သူဟာ ဘာအရည်အချင်းရှိတယ်ဆိုတာ သိတဲ့ သမ္မတ အိုဘားမားက ဒေါ်နယ်လ်ထရမ့်ထက် စာရင်တော့ ဟီလာရီက အများကြီး အမေရိကန် ပြည်ထောင်စု အကျိုးစီးပွားနဲ့ နိုင်ငံတကာ အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်နိုင်မယ့်သူ ဖြစ်တယ်လို့ ယုံကြည်ပြီး ဟီလာရီကလင်တန်ကို ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် သူက အမည်စာရင်း တင်သွင်းပေးလိုက်ပြီလို့ ပြောရမှာပါပဲ။ ပြဿနာက အမေရိကန်ပြည်သူတချို့က ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းကို ဒီလို အမျိုးသားရေး အစွန်းရောက် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေ၊ အမေရိကန်ပြည်သူတချို့နဲ့ ပဋိပက္ခတွေ ဖြစ်နေမှန်း သိရဲ့နဲ့ ဒီနောက်ဆုံးအဆင့် အမေရိကန် ရီပတ်ဗလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့ ပြဿနာပါပဲ။ ဗီယက်နမ်စစ်ကို ဆန့်ကျင်ခဲ့တဲ့ အမေရိကန်ပြည်သူတွေ လူမျိုးခွဲခြားရေး၊ အသားအရောင် ခွဲခြားရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ အမေရိကန်ပြည်သူတွေ ဒုက္ခသည်တွေအရေးမှာ စိတ်ဓာတ်တွေ ပျက်စီး ဖောက်ပြန်ကုန်ကြပြီလား။ ကိုယ့်အမျိုးသားရေးနဲ့ (Protectionism) ကိုပဲ ဂရုစိုက်ကြတော့မယ့် သဘောလားဆိုတာ မေးခွန်းထုတ်ရမယ့်သဘော ပြလာပါပြီ။ ကံကောင်းချင်တော့ အခြေခံစည်းရုံးရေး နယ်တွေမှာ ရတဲ့ မဲအရေအတွက်အရ အမေရိကန် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်က အနိုင်ရခဲ့တာကို သိရလို့ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဒါပေမယ့် တကယ့် သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ တဘက် ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်တဲ့ ဒေါ်နယ်လ် ထရမ့်ကိုများ မဲအများစုပေးလိုက်ကြရင် ဘယ်လိုဖြစ်လာမလဲ။ ကမ္ဘာကြီးရဲ့ ချိန်ခွင်လျှာတွေများ လွဲချော်တိမ်းပါးကုန်မလား။ စစ်ပွဲတွေ ပိုများလာလေမလားလို့ စိုးရိမ်နေမိရတဲ့ကာလလို့ ပြောရမှာပါပဲ။ ပုဂ္ဂိုလ်ရေးအရ ပြောရရင် ဒေါ်နယ်လ်ထရမ့်ဟာ နိုင်ငံရေးသမား မဟုတ်ဘဲ တကယ့် စီးပွားရေးသမား ဖြစ်တယ်ဆိုတာ စာဖတ်သူတွေ သိပြီးဖြစ်မှာပါ။ ကျနော်တို့ကတော့ နိုင်ငံရေးသမား ဘယ်တုန်းကမှ မဖြစ်ခဲ့၊ မလုပ်ခဲ့ဘူးသူတွေ နိုင်ငံရေးလောကထဲရောက်၊ နိုင်ငံရေးတာဝန်တွေ ထမ်းလာမှာကို အရမ်းစိုးရိမ်ပါတယ်။ ဘာလို့ဆိုတော့ သူတို့မှာ လုံလောက်တဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အတွေ့အကြုံ မရှိကြသေးလို့ပါ။ ဗမာပြည်မှာကတော့ ထောင်တခါလောက် (နိုင်ငံရေးနဲ့ သိပ်မပတ်သက်လည်း) ကျဖူးရင် ဟုတ်ပြီ။ နိုင်ငံရေးအကျဉ်းသားဟောင်းပဲဆိုပြီး လူရာဝင်ချင်သူတွေ (ဒါကလည်း အစိုးရကြောင့်ပါ)၊ (ခင်ညွန့်တို့အပါ) က များနေတော့ နိုင်ငံအရေး၊ နိုင်ငံတကာအရေး စဉ်းစားပြီး ရင်လေးနေမိတယ်လို့ ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာကတော့ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လို့ အလွန်ခေါ်ရခက်တဲ့ ရာထူးယူထားသူကလည်း စစ်တပ်ကို မလွန်ဆန်နိုင် ဖြစ်နေတော့… နိုင်ငံတကာအရေးကိစ္စ၊ ဗမာ့အရေးကိစ္စတွေဟာ မစ္စစ် ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ ဖြစ်လာရင် အတော်တန် အဆင်ပြေချောမွေ့နိုင်လာမလား။ မလား … မလားတွေနဲ့ပဲ။   ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024