Home
မြန်မာသတင်း
စစ်တပ်က တလ ကျပ်သုံးသိန်းနှုန်းဖြင့် သစ်ဝါး အကန့်အသတ်မရှိ ခုတ်ခွင့်ပြု
DVB
·
September 12, 2011
သာစည်မြို့နယ်မှာ စစ်တပ်က အခကြေးငွေရယူပြီး သစ်ဝါးတွေကို အကန့်အသတ်မရှိ ခုတ်ခွင့်ပေးနေတဲ့အတွက် သစ်တောပြုန်းတီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ် အရှေ့ဘက် ၂၂ မိုင်အကွာ ပြည်ထောင်စုလမ်းမရှိ တပ်မတော်အကြီးစားစက်ရုံ အမှတ် ၂ တပ်ရင်းမှူးက တပ်ရန်ပုံငွေလို့ဆိုပြီး အရပ်သား သစ်ခုတ်လုပ်ငန်းရှင်တွေဆီက တလ ကျပ် ၃ သိန်း တောင်းပြီး သစ်တွေကို အကန့်အသတ်မရှိ ခုတ်ယူရောင်းချခွင့် ပေးထားတာလို့ ယင်းမပင်ရွာ ဒေသခံတဦးက ပြောပါတယ်။ “တပ်ရန်ပုံငွေဆိုပြီး ၃ ပေရှိတဲ့ ထင်း၊ အုတ်ဖုတ်မယ့် ထင်းတွေကို သူ့ကို ကျပ် သုံးသိန်းပေးရင် တပ်ဝင်း အတွင်းအပြင် ကြိုက်သလိုပဲ ခုတ်လှဲခွင့်ပြုနေပါတယ်။  တပ်တွင်းတပ်ပြင်မှာရှိတဲ့ ၀ါးတွေမှန်သမျှ တလ ၃ သိန်းပေးရင် ကြိုက်သလောက်ခုတ် ဆိုပြီးတော့ တပ်ရင်းမှူး ဗိုလ်မှူးသန်းရွှေက ခွင့်ပြုချက်ပေးနေတဲ့အတွက် တလကို ၀ါး ၁၀ ဘီးကား ၁၀ စီးခန့်၊ ထင်းတွေ ကား ၁၀ စီးထက်မက ထွက်တဲ့အတွက် တပ်မတော်အကြီးစားစက်ရုံအမှတ် ၂ ယင်းမာပင်ဟာ သဘာဝပတ်ဝန်းကျင်တွေကို ပျက်စီးအောင် ဖျက်ဆီးနေပါတယ်။” တပ်မတော်အကြီးစားစက်ရုံ အမှတ် ၂ တပ်ဝင်းအတွင်းပိုင်းမှာလည်း အောက်ခြေတပ်မှူး ၅ ဦးဆီကနေ တလ ၂ သိန်းခွဲ ကောက်ခံကာ သစ်စက်တွေ တည်ထောင်ခွင့် ပေးထားပြီး သစ်ဝါးတွေကို အကန့်အသတ်မရှိ ရောင်းဝယ် ထုတ်လုပ်ခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ တပ်မတော်အကြီးစား စက်ရုံ အမှတ် ၂ ကို ၂၀၀၅ ခုနှစ် မေလမှာ စပြီး တည်ထောင်တာဖြစ်ပါတယ်။ အဲဒီအချိန်က တပ်ရင်းမှူး ဗိုလ်မှူးကြီးသိန်းတန်က ယင်းမာပင် ရွာသူရွာသားတွေကို အခမဲ့လုပ်အားပေးခေါ်ပြီး တောရှင်းခိုင်းတဲ့အပြင် တပ်အတွင်းက ယမ်းတွေပျောက်ဆုံးမှုမှာ ရွာသားတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024