ပုသိမ်မြို့ ကုန်သည်လမ်းတွင် မီးလောင်
DVB
·
September 12, 2011
ပုသိမ်မြို့ ကုန်သည်လမ်းက ဆိုင်တန်းမှာ မီးလောင်လို့ ဆိုင်ခန်း ၁၂ ခန်း မီးလောင် ဆုံးရှုံးသွားပါတယ်။
မနေ့ည ၇ နာရီလောက်မှာ လျှပ်စစ်မီးပျက်နေတုန်း အလှကုန်ဆိုင်တဆိုင်က အင်ဂျင်စက်ကို လောင်စာဆီထည့်ပြီး မီးခြစ်ကြည့်ရာက စတင်လောင်ကျွမ်းတာလို့ ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနက စုံစမ်းသိရှိရပါတယ်။ ည ၁၀ နာရီထိုးခါနီးမှာ မီးငြိမ်းသွားတယ်လို့လည်း သိရပါတယ်။
မနေ့ည မီးလောင်ရာမှာ မီးသတ်ဦးစီးဌာနအပြင် လူမှုရေးအဖွဲ့အစည်းတွေကလည်း မီးငြှိမ်းသတ်ရာမှာ ၀ိုင်းဝန်ကူညီကြပါတယ်။
ပုသိမ်မြို့ ကရုဏာလူမှုကူညီရေးအသင်းကလည်း မီးငြှိမ်းသတ်ရာမှာ ၀ိုင်းဝန်းကူညီပုံကို အသင်းဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပြပါတယ်။
“ကရုဏာ လူမှုရေးအသင်းက မီးသတ်တဲ့ အင်ဂျင်ယူသွားပြီး ကိုယ့်ပိုက်နဲ့ ကိုယ်သွားပြီး ချောင်းထဲက ရေစုပ်ပြီး ငြှိမ်းသတ်ပေးပါတယ်။ လောလောဆယ်တော့ အဲဒီအကူအညီတော့ လုပ်ပေးပါတယ်။ ကျန်တာတွေကတော့ လိုအပ်တဲ့အကူအညီရှိရင် ပေးဖို့ ပြောထားတယ်။ အခုထိ ဘာမှအကူအညီမှ မတောင်းသေးပါဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေကတော့ လောလောဆယ် သုံးစွဲဖို့ ငွေ အကူညီပေးမယ်လို့တော့ ပြောပါတယ်။”
မီးလောင်တဲ့နေရာဟာ ပုသိမ်မြို့လယ်က အစည်ကားဆုံးနေရာဖြစ်ပြီး မီးလောင်သွားတဲ့ထဲမှာ ရွှေဆိုင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၂၀ ရှိမယ်လို့ သိရပါတယ်။
မီးဘေးဒုက္ခသည် ၄၀ ကတော့ သက်ဆိုင်ရာ အသိမိတ်ဆွေတွေနဲ့ ဆွေမျိုးတွေဆီမှာ ခေတ္တခိုလှုံနေကြတယ်လို့လည်း မီးသတ်ဦးစီးဌာနက စုံစမ်းသိရှိရပါတယ်။