A d v e r t i s e m e n t With Us

တရုတ် ခွေးသားစားပွဲတော် မကျင်းပရန် တိရစ္ဆာန်အခွင့်ရေးလှုပ်ရှားသူများ တောင်းဆို

တရုတ်နိုင်ငံတောင်ပိုင်းမှာ နှစ်စဉ်ကျင်းပနေတဲ့ ခွေးသားစားပွဲတော်ကို မကျင်းပတော့ဖို့ တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ ၁၁ သန်းက ဇွန် ၁၁ ရက်နေ့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြပါတယ်။ ယုလင်မြို့မှာ အခုလ ၂၁ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဒီခွေးသားစားပွဲတော်မှာ ခွေးတွေ ထောင်နဲ့ချီပြီး သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၂၄ ဦးက ဒီပွဲတော်ကို ဆန့်ကျင်သူတွေရဲ့ လက်မှတ်ပေါင်း ၁၁ သန်းကျော်စုဆောင်းပြီး ပေကျင်းမြို့မှာရှိတဲ့ ယုလင်မြို့ကိုယ်စားလှယ်ကို ပေးအပ်ခဲ့တာပါ။ အာရှနိုင်ငံတွေမှာ တနှစ်ကို ခွေးအကောင်ရေ သန်း ၃၀ လောက် သတ်ဖြတ်ခံရပြီး အဲ့ဒီထဲက ၃ ပုံ တပုံဟာ တရုတ်နိုင်ငံမှာ သတ်ဖြတ်ခံရတာလို့ သတင်းတွေက ဆိုပါတယ်။ ဒီပွဲတော်ကို အားပေးထောက်ခံသူတွေကတော့ ခွေးသားဟာ လူတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး တခြားအသားတွေစားတာနဲ့ မခြားနားဘူးလို့ ပြောဆိုကြတာပါ။ ၂၀၁၄ ခုနှစ် ဒီပွဲတော် ကန်ကွက်ခဲ့တုန်းကတော့ ယုလင်မြို့အာဏာပိုင်တွေက ခွေးသားစားပွဲတော် ကျင်းပကြတာဟာ မြို့တော်က တရားဝင်အစီအစဉ်နဲ့ ကျင်းပတာမဟုတ်ဘဲ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေက သူတို့အစီအစဉ်နဲ့ သူတို့ကျင်းပတာလို့ ပြောဆိုပါတယ်။ ခွေးသားစားတဲ့ အလေ့အထဟာ တရုတ်နိုင်ငံအပါအ၀င်၊ တောင်ကိုရီးယားနဲ့ တခြားအာရှနိုင်ငံတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တယ်လို့ ဆိုပေမယ့် ဒီယုလင်ခွေးသားစားပွဲတော်ကတော့ သိပ်မကြာခင်နှစ်တွေကမှ စတင်ကျင်းပလာတာလို့ ပြီးခဲ့တဲ့နှစ်က ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up