DVB Logo
Home
မြန်မာသတင်း
ဧရာဝတီကယ်တင်ရေးတွင် မဲခေါင်မြစ်ဝှမ်း လူထုကွန်ရက်က ပူးပေါင်း
DVB
·
September 12, 2011
ဧရာဝတီကယ်တင်ရေးတွင် မဲခေါင်မြစ်ဝှမ်း လူထုကွန်ရက်က ပူးပေါင်း
Donate to DVB

မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေရဲ့ ဧရာဝတီမြစ်ကယ်တင်ရေး တောင်းဆိုချက်ကို မဲခေါင်မြစ်ဝှမ်းဒေသက ထိုင်းပြည်နယ် ၈ ခုကို အခြေပြုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူထုကွန်ရက်က ထောက်ခံလိုက်ပါတယ်။

[caption id="attachment_15149" align="alignleft" width="310" caption="ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို အဝေးမှ မြင်ရစဉ် (ဧရာဝတီ မြစ်ကမ်းတနေရာ)"][/caption]

မြစ်ဆုံရေကာတာ အပါအ၀င် ဧရာဝတီမြစ်နှင့် မြစ်လက်တက်တွေမှာ တည်ဆောက်မယ့် ရေကာတာကြီး ၇ ခုဟာ အာရှမှာ အရေးကြီး မြစ်တစင်းဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးနေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

မဲခေါင်မြစ်အထက်ပိုင်းမှာ တရုတ်ပြည်က ပထမဆုံးရေကာတာ တည်ဆောက်တဲ့ အချိန်ကစလို့ ထိုင်းနိုင်ငံ အပါအ၀င်၊ မြစ်အောက်ပိုင်း မြစ်ဝှမ်းတလျှောက်က ပြည်သူတွေ ဆိုးကျိုးတွေ ခံစားနေရသလို မြန်မာပြည်မှာလည်း အလားတူ ပြဿနာတွေ မကြုံစေချင်ဘူးလို့ မဲခေါင်မြစ်ဝှမ်း ဒေသလူထု ကွန်ရက်အဖွဲ့က တီရာပွန် (Teerapong Phorman) က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၄-၅ နှစ်က စလို့၊ တရုတ်ပြည်က မဲခေါင်မြစ်ဝှမ်းမှာ တည်ဆောက်တဲ့ ရေကာတာကြောင့် မဲခေါင်မြစ်ဝှမ်းက လူတွေ ပြဿနာတွေနဲ့ ကြုံခဲ့ရပါတယ်။ မြစ်ကမ်းပါးပြိုတာ၊ မြစ်ရေတွေကလည်း မူမမှန်ဘဲနဲ့ မြင့်တက်တဲ့အခါ မြင့်တက်၊ နည်းတဲ့အခါနည်း ဖြစ်နေတော့ မြစ်ကမ်းပါးမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးတဲ့လူတွေကို ထိခိုက်ပါတယ်။

“မဲခေါင်ဒေသမှာ ငါးမျိုးစိတ်တွေ ၁၂၀၀ ကျော်ရှိပါတယ်။ တချို့ မျိုးဆက်တွေက မျိုးတုံးကုန်တာ ရေစီးကြောင်းပြောင်းလဲမှုနဲ့ ပတ်သက်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်တွေကစလို့ ရေမျက်နှာပြင်တွေက မြင့်လိုက်၊ နိမ့်လိုက်နဲ့ အများကြီး ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ငါးတွေရဲ့ သွားလာမှုပုံစံ ပြောင်းလဲသွားပြီး ငါးဖမ်းလုပ်ငန်းတွေကိုလည်း ထိခိုက်ခဲ့ပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာဆိုရင် ရေကာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုပေးတယ်ဆိုတာကို ထိုင်းလူထုကြားမှာ သိလာတဲ့ ၁၀ နှစ်ကျော်ကတည်းက ကန့်ကွက်လာတာကြောင့် အခုဆိုရင် ထိုင်းကုမ္ပဏီတွေဟာ ရေကာတာ စီမံကိန်းတွေကို အိမ်နီးချင်းနိုင်ငံတွေမှာ ပြောင်းရွှေ့ တည်ဆောက်နေကြတယ်လို့ တီရာပွန်က ဆိုပါတယ်။

မြန်မာနိုင်ငံ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာ တရုတ်က ရေကာတာပေါင်း ၁၂ ခု တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

ဧရာဝတီမြစ်ဖျားပိုင်းမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာကိုတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ ဆိုင်နိုဟိုက်ဒရို ကော်ပိုရေးရှင်း (Sinohydro Corporation) က အဓိက တာဝန်ယူဖြစ်ပြီး ထွက်လာမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ်ပြည်ကိုရောင်းချရင် မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ရမယ်လို့ သိရပါတယ်။

ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် မြစ်ဆုံစီမံကိန်းကို ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ကန့်ကွက်နေတဲ့ကြားက လာမယ့် ရှစ်နှစ်အတွင်းမှာ အပြီးတည်ဆောက်မယ်လို့ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၀န်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၀ ရက်နေ့က ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013