Home
မေးမြန်းခန်း
အားကောင်းတဲ့ လူ့အခွင့်အရေးကော်မရှင်ဖြစ်ဖို့ လိုအပ်ပါတယ် - ဦးအောင်မျိုးမင်း
အေးနိုင်
·
June 11, 2016
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အရပ်ဖက်လူထု အခြေပြုအဖွဲ့အစည်းတွေရဲ့ တင်ပြချက်ကို လွှတ်တော်က ခေါ်ယူမေးမြန်းခဲ့ပြီး မကြာခင်လပိုင်းအတွင်း အပြောင်းအလဲတချို့ ရှိလာဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းမှာ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်လောက်က  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ ဥပဒေပိုင်းဆိုင်ရာတွေ ပြောင်းလဲပေးဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုခဲ့ကြပါတယ်။ ကော်မရှင်မှာ လက်သိပ်ထိုး ဖွဲ့စည်းထားတဲ့သူတွေ မဟုတ်ဘဲ ပြည်သူလူထုဆန္ဒနဲ့ အညီ တတ်သိပညာရှင်တွေ ပါဝင်ဖို့၊ အမှီခိုကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ် ပြန်လည် ဖွဲ့စည်းပေးဖို့ကို အဓိကထား တောင်းဆိုကြတာ ဖြစ်ပါတယ်။ ဒီအခြေနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ညီမျှခြင်း မြန်မာ (Equality Myanmar) အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို မေးမြန်းခဲ့ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်စုဖွဲ့ဖို့ တင်ပြတာနဲ့ ပတ်သက်လို့ ဘာဖြစ်ထွန်းမှုတွေ ရှိလဲ။ “ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်မှာ ရှိနေတဲ့လူတွေရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ ဒါကို ပြင်ဆင်သင့်တဲ့အကြောင်း၊ ဖြစ်နိုင်ရင် ပြန်လည်ရွေးချယ်သင့်တဲ့ အကြောင်း၊ အိတ်ဖွင့်ပေးစာ ကျနော်တို့ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့နေရာမှာ ဥပဒေများ ပြန်လည်သုံးသပ်ရေးကော်မတီကနေ ကျနော်တို့ကို အသေးစိတ်ထပ်မံမေးမြန်းမှုတွေ ရှိတယ်။” “ဘာတွေကြောင့်မို့လို့ ပြောင်းသင့်တာလဲ၊ လက်ရှိလူ့အခွင့်အရေးကော်မရှင်က ပြင်သစ် ပဲရစ်မူဝါဒနဲ့ မတိုက်ဆိုင်တာ ဘာတွေ ရှိလို့လဲ၊ ဘာတွေလုပ်သင့်လဲဆိုတဲ့မေးခွန်းတွေကို ကျနော်တို့ကို အသေးစိတ်ပြန်မေးပါတယ်ခင်ဗျ။ မေးပြီးတဲ့အချိန်မှာ သူတို့ကလည်း ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ပြီးတော့ လက်ရှိလူ့အခွင့်အရေးကော်မရှင်ကိုလည်း ခေါ်ယူမေးမြန်းတယ်လို့လည်း ကြားပါတယ်။” “အဲဒီတော့ ကျနော်တို့ရဲ့ တင်ပြချက်ကို သူတို့အနေနဲ့ လက်ခံရရှိကြောင်း စာတွေလည်း ရောက်ရှိလာပါတယ်။ အဲဒီတော့ ဘာဖြစ်နိုင်လဲဆိုရင်တော့ သူတို့ သုံးသပ်မှုတွေ လုပ်ဆောင်တာကတော့ အထင်အရှားပါပဲ။ သုံးသပ်မှုလုပ်ဆောင်တဲ့အချိန်မှာ ဒီဟာကို တင်ပြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရော၊ လူ့အခွင့်အရေးကော်မရှင်ကိုရော နှစ်ဘက်လုံး တွေ့ဆုံမေးမြန်းတဲ့အချက်က ကျနော်တို့ သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘက် ၂ ဘက်စလုံးမှာ အမြင်မတူတာတွေ ရှိနိုင်တယ်၊ အယူအဆ မတူတာတွေ ရှိနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မူတည်ချက်ကတော့ ပဲရစ်မူဝါဒကို အခြေခံပြီးတော့ ဒါတွေကြောင့် ပြောင်းလဲသင့်တယ်ဆိုတဲ့အချက်ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တာ ဒါနောက်ဆုံး အခြေအနေပါပဲခင်ဗျ။ အဲဒီတော့ ကျနော်တို့ မျှော်မှန်းတာကတော့ ဒီအချက်တွေမှာ အကျိုးနဲ့ အကြောင်းနဲ့ အချက်နဲ့ အလက်နဲ့ ပြောနိုင်တဲ့အချက်တွေကို အခြေခံပြီးတော့ ကျနော်တို့ တင်ပြထားသလို လူ့အခွင့်အရေးကော်မရှင်ကို အားကောင်းတဲ့ လူ့အခွင့်အရေး ကော်မရှင် ဖြစ်ဖို့အတွက် ပဲရစ်မူဝါဒနဲ့အညီလုပ်ဆောင်ပေးဖို့၊ ဖြစ်နိုင်လို့ရှိရင် ပြန်လည်ပြီးတော့ ရွေးချယ်တင်မြှောက်ပြီးတော့ ပြည်သူလူထု လေးစားယုံကြည်တဲ့လူတွေနဲ့ တင်မြှောက်တဲ့ အရာမျိုးဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။” ပေးပို့တဲ့ အိတ်ဖွင့်ပေးစာပါ အချက်တွေကို  အကြမ်းဖျင်းပြောပြပါ။ “ဟုတ်ကဲ့၊ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်မှာ အလွှာစုံပါဝင်မှုတွေ၊ လွတ်လပ်မှုတွေ၊ ရွေးချယ်တင်မြှောက်တဲ့အချိန်မှာ သတင်းတွေကို ပွင့်လင်းမြင်သာမှုရှိမှုတွေ၊ ပြည်သူလူထုနဲ့ အထူးသဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေရှိရမယ်ဆိုတဲအချက်တွေက နိုင်ငံတကာက လက်ခံထားတဲ့မူဝါဒတွေ ဖြစ်ပါတယ်။ အဲဒါတွေပြောထားပေမယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာ ဒီလိုမျိုးရွေးချယ်တင်မြှောက်ချိန်မှာ ပြည်သူလူထု မသိတာတွေ၊ ရွေးချယ်တင်မြှောက်ရေးကော်မတီမှာ ဘယ်သူတွေပါလို့ပါမှန်းတောင် မသိတဲ့အဖြစ်တွေ ဖြစ်တဲ့အတွက် ဒါတွေကို ကျနော်တို့ ထောက်ပြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ဆောင်မှုလုပ်ပေမယ့် ဒီလိုမျိုးအချက်တွေကြောင့် ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုတွေ လျော့တယ်ဆိုတာကို အဓိက မီးမောင်းထိုးတင်ပြထားပါတယ်။ အဲဒါကြောင့်မို့လို့ လူ့အခွင့်အရေးကော်မရှင်ကို လူထုရဲ့လက်ခံမှုတွေ ရရှိဖို့အတွက် လူထုကနေ ကျေနပ်ပြီးတော့ တကယ့်လုပ်ထုံးလုပ်နည်းအပြည့်အ၀နဲ့ ရွေးချယ်တင်မြှောက်တဲ့သူတွေ ဖြစ်ဖို့အတွက် ဒါ ကျနော်တို့ တောင်းဆိုထားပါတယ်။” “နောက်တခုကတော့ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်မှာ ခုနပြောသလို ဝေဖန်ထောက်ပြမှုတွေ အများကြီးရှိတာကြောင့်မို့လို့ ကော်မရှင်ထဲမှာ ပါဝင်တဲ့သူတွေရဲ့ အကျင့်သိက္ခာ၊ စွမ်းဆောင်နိုင်မှုနဲ့ သူတို့ရဲ့ လုပ်ငန်းပေါ်မှာ လုပ်ဆောင်နေတဲ့ စိတ်အာသီသ ပြည့်ဝမှုအပေါ် အခြေခံပြီး လိုအပ်ရင်ပြန်လည်ရွေးချယ်တင်မြှောက်ပေးဖို့ အတွက် တိုက်တွန်းခဲ့ ပါတယ်။ ” ပေးပို့ခဲ့တာစာဟာ ဘယ်အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီးပေးပို့ခဲ့ကြတာလဲခင်ဗျ။ “အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ပါပါတယ်။ အဲဒီနေရာမှာ လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်ပြီးတော့ စဉ်ဆက်မပြတ်စောင့်ကြည့်လုပ်ဆောင်နေတဲ့အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့၊ နောက်တခါ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါသလို ပြည်ပမှာ အခြေစိုက်ပြီး လုပ်ဆောင်နေတဲ့အဖွဲ့တွေလည်း ပါဝင်ပါတယ်။ အဖွဲ့အစည်းအားလုံးရဲ့ ပုံစံက မတူညီပေမယ့် လူ့အခွင့်အရေးကော်မရှင်ကို ကောင်းမွန်စေချင်တဲ့စိတ်ဆန္ဒ တူညီတဲ့အတွက် အခုလို အဖွဲ့အစည်းရာကျော် လက်မှတ်ထိုးပြီးတော့ စုပေါင်းတောင်းဆို၊ တင်ပြခဲ့တာ ဖြစ်ပါတယ်။” အခုလို တောင်းဆိုတော့ လက်ရှိ ကော်မရှင်အဖွဲ့ဝင်တွေဟာ စွမ်းဆောင်ရည်၊ အရည်အသွေး နည်းတယ်ဆိုပြီး ထင်ကြမယ့်အပေါ် သူတို့ဂုဏ်သိက္ခာပိုင်းအတွက် ဘယ်လို စဉ်းစားလဲ ခင်ဗျ။ “ဟုတ်ကဲ့၊ ကျနော်တို့အတွက်က ရှင်းပြတာ လူကို မကြည့်ပါဘူး။ လူတယောက်ပေါ်မှာ မကြည့်ပါဘူး။ ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်တွေရဲ့ တာဝန်ရှိတဲ့အပိုင်းကို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာမူကို ကြည့်ပြီး ပြောတာပါ။ ကော်မရှင်ထဲမှာ ကြိုးစားမှုတွေ ရှိပါတယ်။ လက်ခံပါတယ်။ တိုးတက်မှု တစုံတရာလည်း ရှိပါတယ်။ ဒါပေမယ့် ပြည်သူလူထု ယုံကြည်မှု မရရှိတဲ့အချက်က ဘာလဲ။ ဒီကော်မရှင်မှာ ပါဝင်တဲ့သူတွေကို ရွေးချယ်တင်မြှောက်မှုမှာ အားနည်းခဲ့တာလေး၊ အဲဒါကို ကျနော်တို့ ထောက်ပြချင်ပါတယ်။ အဲဒီတော့ ပြန်လည်ရွေးချယ်တင်မြှောက်မှုလုပ်မယ်ဆိုရင် အရည်အချင်းရှိတဲ့သူတွေက ပြန်ပါမှာပါ။ လူထုလက်ခံတဲ့သူတွေ ပြန်ပါမှာပါ။ အဲဒါမျိုးမဟုတ်ဘဲနဲ့ ဘယ်သူက ရွေးချယ်တင်မြှောက်မှန်း မသိဘဲနဲ့ ပါဝင်ခဲ့တဲ့လူတွေကိုပဲ ကျနော်တို့ ရည်ရွယ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လူမကြည့်ပါဘူးခင်ဗျ။ မူကြည့်ပြီးတော့ ဖြစ်လာမှာပါ။ ဘယ်တော့လောက် အပြောင်းအလဲတွေ ဖြစ်နိုင်မယ်ခန့်မှန်းလဲခင်ဗျ။ “ခန့်မှန်းချက်ကတော့ ဥပဒေထဲမှာ၊ သုံးသပ်တဲ့ထဲမှာပါပြီ။ အဲဒါကိုလည်း သမ္မတကိုလည်း တင်ပြပြီးပြီဆိုလို့ ရှိရင် ၁ လ၊ ၂ လအတွင်းမှာ ဒါတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ယူဆတယ်။ နောက်တခါ တဖက်မှာလည်း အန်အယ်လ်ဒီအစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်မှာ ဘယ်လူတွေပါသင့်လဲ ဆိုပြီးတော့ လိုက်ပြီးတော့ ချဉ်းကပ်စည်းရုံးနေတာလည်း ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စလေးက ကျနော်တို့ အနှေးနဲ့အမြန်တော့ ပေါ်ပေါက်လာမယ်လို့ ယူဆပါတယ်။” “ကျနော်တို့ ပြောချင်တာက ဘယ်အစိုးရပဲတက်တက် ရွေးချယ်တင်မြှောက်တဲ့အခါမှာ သင့်လျော်သောသူတွေကို လူအများသိတဲ့ တိုင်ပင်မှုတွေ ပြုလုပ်ပြီးတော့ ရွေးချယ်တင်မြှောက်မှု ကော်မတီကိုလည်း ဘယ်သူတွေပါလဲ၊ ဘယ်လိုမျိုးနည်းနဲ့ ရွေးချယ်တင်မြှောက်လဲဆိုတာ သိဖို့အတွက် ကျနော်တို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အရင်တုန်းက ဒါတွေကို လုပ်ဆောင်ခဲ့တာ မနှစ်သက်ခဲ့သလို အခုတခါ ပြန်လည်ရွေးချယ်တင်မြှောက်တဲ့အခါမှာလည်း အဲဒီလို မဖြစ်ဖို့အတွက် ကျနော်တို့ ကြိုတင်ပြီးတော့ တိုက်တွန်းတာဖြစ်ပါတယ်ခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024