DVB Logo
Home
မြန်မာသတင်း
ခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ရန် တောင်းဆို
DVB
·
September 11, 2011
Donate to DVB

ရှမ်းခေါင်းဆောင် ခွန်ထွန်းဦရဲ့ ၆၈ နှစ်ပြည့် မွေးနေ့မှာ သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၀ပ်ကူတောက် ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ မွန်းလွဲ ကျင်းပတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးရဲ့ ၆၈ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေက ဒီလို တောင်းဆိုလိုက်ကြတာပါ။

အခမ်းအနားမှာ ခွန်ထွန်းဦးကို ဂုဏ်ပြုတဲ့ ကဗျာတွေ ရွတ်ဆိုကြပြီး ဆုမွန်တောင်းကြတယ်လို့ မွေးနေ့အခမ်းအနား ဦးဆောင်စီစဉ်သူတဦးက ပြောပြပါတယ်။

“ဖယောင်းတိုင်တွေ ထွန်ညှိပြီးတော့မှ ဦးခွန်ထွန်းဦးအတွက် ၀ိုင်းပြီး​ ဆုတောင်းကြတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် တခြားနိုင်ငံရေး အကျဉ်းသား အားလုံးလည်း လွှတ်ပေးဖို့ တောင်းဆိုတာပါ။”

ရဟန်းသံဃာတော်တွေကို အရုဏ်ဆွမ်းကပ်လှူပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေက ခွန်ထွန်းဦးရဲ့ ကိုယ်ရေးအကျဉ်းတွေနဲ့ မိန့်ခွန်း ကောက်နုတ်ချက်တွေကို ဟောပြောသွားပါတယ်။

ခွန်ထွန်းဦးရဲ့မွေးနေ့ကို အရင်နှစ်တွေက မိသားစုက အခမ်းအနား ကျင်းပလေ့ ရှိပေမယ့် ဒီနှစ်မှာ အကျဉ်းချုံး ကျင်းပတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ခွန်ထွန်းဦးကို ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အဖ စ၀်ကြာဇုံနဲ့ အမိ စ၀်ရွှေယုံတို့က မွေးဖွားခဲ့ပြီး သီပေါစော်ဘွားမျိုးနွယ် ဖြစ်ပါတယ်။

ခွန်ထွန်းဦးဟာ ၁၉၈၉ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန် စတင်ထမ်းဆောင်ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရပါတယ်။

အဲဒီနောက် သီပေါမဲဆန္ဒနယ်ကနေ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိပြီး ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို တက်ရောက်ပါတယ်။

၂ဝဝ၂ ခုနှစ်မှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (ယူအန်အေ)ကို ဖွဲ့စည်းပြီး ၂၀၀၁ ခုနှစ်အောက်တိုဘာ ၂၃ ရက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) ကို တိုးချဲ့ဖွဲ့စည်းတဲ့အခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါတယ်။

၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ ရှမ်းပြည်နယ်မှာ ပြုလုပ်တဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ပါတယ်။ ၉ ရက်နေ့မှာ ခွန်ထွန်းဦး အပါအ၀င် ရှမ်းခေါင်းဆောင် ၈ ဦးကို နအဖ စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း​​ ​လိုက်တာပါ။ အဲဒီနောက် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မိသားစုနဲ့ဝေးလံတဲ့ ပူတာအိုထောင်ကို ပြောင်းရွှေ့ အကျဉ်းချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013