DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှုအတွက် ကော်မရှင်ဖွဲ့ စစ်ဆေးမည်
DVB
·
June 10, 2016
ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှုအတွက် ကော်မရှင်ဖွဲ့ စစ်ဆေးမည်
Donate to DVB

ကျောက်မျက်အသင်းရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ ယူရို သန်း ၈၀ ကျော်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ဖွဲ့စည်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

အသင်းရန်ပုံငွေ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ အသင်းဝင်အချို့ တိုင်ကြားထားတာတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရုံးမူက ပြောပါတယ်။

“ကျနော်က အသင်းမှာ တာဝန်ရှိသူပါ။ အသင်းနဲ့ပတ်သက်ပြီး ရန်ပုံငွေပျောက်ဆုံးမှု ရှိမရှိ၊ အလွဲသုံးစားမှုရှိမရှိ၊ ဒါတွေကို ကျနော်တို့က ကော်မတီဖွဲ့ပြီး စစ်ဆေးသွားမှာပါ။”

အသင်းရန်ပုံငွေက ပျောက်ဆုံးခြင်းမရှိဘဲ ကျောက်မျက်ရတနာခန်းမ တည်ဆောက်ခြင်း၊ ကျောက်စိမ်းဥယျာဉ် တည်ဆောက်ခြင်းနဲ့ အသင်းရဲ့ အခြားလိုအပ်ချက်တွေမှာ သုံးစွဲခဲ့တာဖြစ်တယ်လို့ တိုင်ကြားသူတွေကိုလည်း ရှင်းလင်းစာ ပေးပို့ထားပြီးဖြစ်ကြောင်း ဦးရုံးမူက ဆက်ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြင်ပပညာရှင်တွေ၊ ငွေကြေးပျောက်ဆုံးမှုအပေါ် တိုင်ကြားထားတဲ့ အသင်းဝင်တွေနဲ့ တိုင်ကြားခံရတဲ့ အသင်းဝင်တွေ ပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပြီး အဲလိုဖွဲ့စည်းနိုင်ဖို့ ဇွန်လ ၁၅ ရက်နေ့မှာ အစည်းအဝေးတရပ် ခေါ်ယူသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ရန်ပုံငွေနဲ့ ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီက ကျောက်မျက်ရောင်းရငွေပေါ်မှာ ကောက်ခံရရှိတဲ့ ရန်ပုံငွေ မတူညီဘူးလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

ကျောက်မျက်ရတနာပြပွဲမှာ ရောင်းရငွေအပေါ် ကောက်ခံခဲ့တဲ့ ၁ ရာခိုင်နှုန်းကိုလည်း ၂၀၁၆ ခုနှစ်  ဇွန်လမှာ ကျင်းပပြုလုပ်မယ့် ကျောက်မျက်ရတနာပြပွဲမှာတော့ ကောက်ခံမှု မရှိတော့ဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“လက်ရှိမှာတော့ ၇ သန်းကျော် ကျန်ရှိနေပါသေးတယ်။ ၇ သန်းကျော် ကျန်ရှိနေတဲ့အတွက် လာမယ့်ပြပွဲမှာ ၀မ်းပါဆင့်ကို မကောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာငွေလည်း ၁ ဒသမ ၂ သန်းကျော်လောက် ကျန်ပါသေးတယ်။ ဒေါ်လာလည်း ၇ သန်းကျော်လောက် ကျန်ရှိတဲ့အတွက်၊ နောက် အခု နည်းနည်းလည်း ရှုပ်ထွေးနေတဲ့အတွက် အခုလာမယ့် ပြပွဲကစပြီး ၀မ်းပါဆင့် မကောက်တော့ပါဘူး” လို့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ-၂ ဦးမြင့်ဟန်က ပြောပါတယ်။

အသင်းရန်ပုံငွေတွေ ပျောက်ဆုံးနေတယ်ဆိုပြီး သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တိုင်ကြားခဲ့တာတွေကြောင့် နှစ်ဘက် အဖွဲ့အစည်းတွေကလည်း သတင်းစာရှင်းလင်းပွဲတွေ အပြိုင်အဆိုင် ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013