စိန်ခေါ်နေသော ငြိမ်းချမ်းရေးညီလာခံ

ယခင်အစိုးရလက်ထက်က မအောင်မြင်ခဲ့သော ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ယခုအစိုးရလက်ထက်တွင် အောင်မြင်အောင် ဆောင်ရွက်ဖို့ တာဝန်ပုံကျလာပေသည်။ ၆၈ နှစ်ကြာ ပြည်တွင်းစစ်ကြီးကား ယခုထက်တိုင် တိုင်းပြည်ကို ခြိမ်းခြောက်နေဆဲ၊ ပြည်သူများ ဒုက္ခဝေနေဆဲ ဖြစ်ပါသည်။ အန်အယ်လ်ဒီပါတီ အနိုင်မရသေးခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ အဓိကရည်မှန်းချက်ထဲတွင် ငြိမ်းချမ်းရေး တည်ဆောက်ဖို့လည်း ပါဝင်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ ရာစု ပင်လုံစာချုပ် အောင်မြင်အောင် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း ဆိုပါသည်။ ယခု အန်အယ်လ်ဒီလက်ထဲ အာဏာရလာပါပြီ။ ငြိမ်းချမ်းရေး လိုလားသူများကလည်း အန်အယ်လ်ဒီကို ပုံအောမဲထည့်လိုက်ကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ဖို့ တနိုင်ငံလုံး ဒေသအသီးသီးတွင် အပစ်အခတ်များ ရပ်စဲသွားဖို့ တိုင်းရင်းသားပေါင်းစုံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့မှာလည်း ယခုအစိုးရအဖွဲ့သစ်တွင် တာဝန်ရှိလာပေသည်။ အန်အယ်လ်ဒီအစိုးရ၏ ပထမရက်ပေါင်း ၁ဝဝ အတွင်း ငြိမ်းချမ်းရေးကို ဘယ်လိုအစပျိုးမလဲ၊ ဘယ်လို စတင်တည်ဆောက်မလဲဆိုသည်မှာ မေးစရာမေးခွန်း ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ နောက်တလနှစ်လအတွင်း တိုင်းရင်းသားအားလုံး ပါဝင်သော၊ နိုင်ငံရေးပါတီအားလုံး ပါဝင်သော ၂၁ ရာစု ပင်လုံညီလာခံကြီးကို ခေါ်ဆိုနိုင်အောင် လုပ်ဆောင်နိုင်ဖို့ ကြေညာသွားခဲ့သည်။ ထိုကြေညာချက်ကို တချို့က ဘဝင်မကျလှ။ ဒေါ်အောင်ဆန်းစုကြည် အထင်နှင့် ပြောနေခြင်းဖြစ်သည်၊ ဆန္ဒစောလွန်းသည် စသည်ဖြင့် ယခင်အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ပုံကို စံထားပြီး ဝေဖန်ကြခြင်း ဖြစ်ပါသည်။ တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုထောက်ခံမှု အရှိဆုံးခေါင်းဆောင်၊ တိုင်းရင်းသားအားလုံးက ယုံကြည်မှု အရှိဆုံးခေါင်းဆောင်၊ ပြောသည့်အတိုင်း အောင်မြင်အောင် လုပ်သောခေါင်းဆောင်ဖြစ်၍ ထိုညီလာခံမှာ မဖြစ်နိုင်စရာမရှိဟု ပြောလာကြ၏။ မည်သို့ပင်ဆိုစေ အန်အယ်လ်ဒီအစိုးရက ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်လာသည်ကား သံသယဖြစ်စရာမလိုပေ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသော ဝ ပြည် သွေးစစ်ညီညွတ်ရေးအဖွဲ့လို အင်အားတောင့်တင်းလှသည့် အဖွဲ့မျိုး၊ ကေအိုင်အေ/ကေအိုင်အိုလို အင်အားတောင့်တင်းသည့် ကချင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံကြ၏။ တွေ့ဆုံဆွေးနွေးလိုကြောင်း အတိအလင်း ပြောဆိုလာကြသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလုပ်လျှင် အားလုံးကလက်ခံပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ဟုလည်း ယုံကြည်ကြသည်။ ပင်လုံစာချုပ် ချုပ်စဉ်က ဗိုလ်ချုပ်အောင်ဆန်းအပေါ် တိုင်းရင်းသားများ ယုံကြည်ကြသလို အနှစ် ၆ဝ နီးပါးအကြာ ယခုလိုကာလမျိုးတွင်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားများက ယုံကြည်ကြခြင်း ဖြစ်ပါသည်။ ပြည်သူ၏ ထောက်ခံမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်နှင့် ခြားနားမှု မရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်း အခြေအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှာ တူညီမှုမရှိကြသလို အချိန်ကာလကလည်း မတူညီတော့ပေ။ ထိုအချိန်က အာဏာကို အဓိကချုပ်ကိုင်ပြီး အမိန့်ပေးနိုင်သည့် သေနတ်သည် ဗိုလ်ချုပ်အောင်ဆန်းလက်ထဲတွင် ရှိခဲ့သော်လည်း ယခု အမိန့်ပေးနိုင်သော သေနတ်သည် ဒေါ်အောင်ဆန်းစုကြည်လက်ထဲတွင် မရှိပေ။ ထိုအခြေအနေ ကွာခြားမှုမှာ အဓိကဖြစ်သော်လည်း ထိုအခြေအနေကို အပြောင်းအလဲပြုနိုင်သည့် ပြည်သူလူထု အင်အားမှာမူ ဒေါ်အောင်ဆန်းစုကြည်နောက်တွင် အင်နှင့်အားနှင့် တောင့်တင်းခိုင်မာစွာ ရှိနေပါသည်။ ထို့ကြောင့် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ အရေးကြီးလှပေသည်။ ယခုရက်ပိုင်းအတွင်းက နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗိုလ်ချုပ်ကြီးများက စာနယ်ဇင်းသမားများကို ခေါ်ယူတွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သဘောထားကို ရှင်းပြကြလေသည်။ ကာကွယ်ရေးဦးစီးချုပ်က ယခု ၅ နှစ်အတွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရမည်ဟု သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူခဲ့ကြကြောင်း၊ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ပါဝင်ရန်လိုကြောင်း ပြောဆိုသွားခဲ့လေသည်။ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း လွှတ်တော်ထဲရှိနေသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ငြိမ်းချမ်းရေးရလျှင် ထွက်ပေးမလား၊ ထွက်မပေးဘူးလား ဆိုသည်ကို အတိအကျ ခြေခြေမြစ်မြစ် ပြောမသွားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်သည် အဓိက အခန်းကဏ္ဍက ပါဝင်နေကြောင်းကိုမူ ငြင်း၍မရနိုင်ပေ။ ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးခဲ့သော အန်စီအေစာချုပ်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ ပါဝင်ခဲ့ပြီး အင်အားတောင့်တင်းသော လက်နက်ကိုင် အဖွဲ့ကြီးများနှင့် နောက်ဆုံး လက်နက်ကိုင် တိုက်ခိုက်လာသော အဖွဲ့ ၃ ဖွဲ့မှာမူ အန်စီအေစာချုပ် လက်မှတ်ရေးထိုးပွဲတွင် မပါဝင်ခဲ့ပေ။ စင်စစ်အားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် ပထမဆုံး အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရမည်ဖြစ်သည်။ သေနတ်သံအားလုံး မကြားရတော့သည်အထိ ဒေသအသီးသီးတွင် တိုက်ပွဲများကို ရပ်ဆိုင်းပစ်ရမည်။ ပထမဆုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်နိုင်မည်မဟုတ်ပေ။ သေနတ်သံများ ကြားနေရခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခြင်းတို့မှာ အမှန်တကယ် ငြိမ်းချမ်းရေးကို မတည်ဆောက်လို၍လည်း ဖြစ်ပါသည်။ လက်နက်စွဲကိုင်၍ သူသေကိုယ်သေ တိုက်ပွဲဝင်နေသော ဘက်နှစ်ဘက်သည် တဦးကိုတဦး မယုံကြည်၍လည်း ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် ငြိမ်းချမ်းရေးလည်း တည်ဆောက်နိုင်မည်မဟုတ်။ ထို့ကြောင့်လည်း ပြည်တွင်းစစ်ကြီးမှာ ၆၈ နှစ် ကြာညောင်းခဲ့ရသည်။ ယခုလည်း နယ်မြေထိန်းသိမ်းမှု ပြဿနာ၊ သယံဇာတ ပိုင်ဆိုင်လိုမှု ပြဿနာ၊ တနည်းပြောရလျှင် ကျောက်စိမ်းပြဿနာ၊ သစ်ထုတ်လုပ်ရောင်းချမှု ပြဿနာများကြောင့် အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား အပစ်အခတ် မရပ်စဲနိုင်ခြင်းဖြစ်၏။ နယ်မြေဖြတ်သန်းခွင့်ကိုပင် ခွင့်မပြုနိုင်ခြင်းဖြစ်၏။ ထိုကဲ့သို့ ယုံကြည်မှု မတည်ဆောက်နိုင်သ၍ ငြိမ်းချမ်းရေးမှာ ကြာလေ ဝေးလေ ဖြစ်၏။ နှစ်ဘက်ညှိနှိုင်း၍ စစ်ပွဲများကို မရပ်နိုင်လျှင် တဘက်ဘက်က အပစ်ခတ် ရပ်စဲပေးနိုင်လျှင်ကော မဖြစ်နိုင်ပေဘူးလား။ အစိုးရဘက်ကဖြစ်စေ လက်နက်ကိုင်အဖွဲ့များဘက်က ဖြစ်စေ အပစ်အခတ် ရပ်စဲပေးလိုက်လျှင် တဘက်ကလည်း အလိုလို ရပ်စဲသွားနိုင်ပါသည်။ မိမိဘက်က ရပ်စဲပေးလိုက်၍ တဘက်က အပစ်အခတ် မရပ်စဲဘဲ တိုးချဲ့တိုက်ခိုက်လာလျှင်ကော ဘယ်လိုလုပ်မလဲဟု တချို့က မေးကြ၏။ ထိုအခြေအနေမျိုးမှာ ယခုလို ငြိမ်းချမ်းရေး တည်ဆောက်နေချိန်တွင် ဖြစ်နိုင်ချေ အလွန်နည်းပါသည်။ ထိုမေးခွန်းမျိုးမှာလည်း တဘက်ကို ယုံကြည်မှု နည်းလွန်းခြင်း၏ သံသယစိတ် ဖြစ်ပါသည်။ ကိုယ်နာပြီး သူသာမည်ဆိုသည့် ဈေးကွက် တွက်ခြင်းမျိုးလည်း ဖြစ်ပါသည်။ ကိုယ်က အပစ်အခတ်ရပ်စဲပြီး တဘက်က အတင့်ရဲပြီး ရောင့်ငမ်းတက်လာလျှင် နိုင်ငံရေးအရ မိမိကသာပြီး တဘက်က ရှုံးနိမ့်သွားပေလိမ့်မည်။ သဘောာထားကြီးမှုနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြောင်း တဘက်သတ် အပစ်အခတ် ရပ်စဲပေးလိုက်လျှင် ငြိမ်းချမ်းရေးအတွက်လည်း အမြတ်ထွက်သလို နိုင်ငံရေးအရ အပစ်အခတ်ရပ်စဲသောဘက်ကသာ အသာစီးရသွားသည့် သဘောထားကြီးကြောင်း ပြလိုက်ခြင်းလည်းဖြစ်၏။ ထိုအခြေအနေမျိုးကို အဖန်တီးနိုင်ဆုံးမှာ အစိုးရနှင့် တပ်မတော်သာ ဖြစ်သည်။ နှစ်ပေါင်း ၆ဝ  ကျော်လာသည်အထိ ထိုကဲ့သို့ မယုံကြည်မှုများ၊ စိတ်သဘောထား နိမ့်ကျမှုများကြောင့် ပြည်တွင်းစစ် ကြာနေရသည်ဆိုလျှင် မှားမည်မထင်ပေ။ တဘက်နှင့်တဘက် မယုံကြည်ဘဲ သူကင့ါကို သတ်မလား၊ ငါ့နောက်ကျောကို ဓားနှင့်ထိုးမလားဟု စိတ်ထင့်နေသေးသရွေ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးပေ။ လက်နက်စွန့်မှ၊ လက်နက်အပ်မှ ဆွေးနွေးမည်၊ ငြိမ်းချမ်းရေးစကား ပြောမည်ဆိုလျှင်လည်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မလွယ်လှပေ။ ယုံကြည်မှုမရှိ၍ လက်နက်ကိုင်တိုက်ခြင်း မရှိသောကြောင့် သူတို့လက်နက်ကို ဖက်တွယ်ထားကြပေလိမ့်မည်။ ထိုသို့ တဘက်နှင့်တဘက် ယုံကြည်နိုင်အောင် ယခုအာဏာရနေသော အန်အယ်လ်ဒီပါတီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သာလျှင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။ အနှစ် ၅ဝ ကျော် အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ခေတ်လွန် အရပ်သား အာဏာရသည့်သမိုင်းတွင် အနှစ် ၇ဝ နီးပါး ပြည်တွင်းစစ်ကို ရပ်စဲပစ်နိုင်သော အခွင့်အရေးများ၊ အလားအလာများ မြင်တွေ့နေရပေသည်။ ထိုအခြေအနေအရပ်ရပ်ကို လေးလေးနက်နက် စဉ်းစားသုံးသပ်ကြဖို့ လိုသည်။ နောက်ထပ် အနှစ် ၃ဝ၊ အနှစ် ၅ဝ ပြည်တွင်းစစ်ကြီး ရေရှည်နေသမျှ မိမိတို့ တိုင်းရင်းသားများကလည်း အကျိုးယုတ်သထက်ယုတ်ကာ လုံးပါး ပါးသွားနိုင်သလို တိုင်းပြည်လည်း ပို၍ စုပ်ပြတ်သတ်သွားနိုင်သည်။ စစ်အာဏာရှင်စနစ်လည်း တကျော့ပြန် မလွှမ်းမိုးသွားနိုင်ဟု မည်သူမှ အာမခံနိုင်မည် မဟုတ်ပေ။ လက်နက်အားကိုးသော အတွေးအခေါ်၊ မိမိကိုယ်မိမိ မာန်တက်သော မာနများကို ဖယ်ရှားနိုင်ဖို့ လိုပေလိမ့်မည်။ အဓမ္မသည် ယာယီသာဖြစ်ပြီး ဓမ္မသည် ထာဝရဖြစ်ကြောင်း ရိုးသားဖြောင့်မတ်စွာ နားလည်သဘောပေါက်လျှင် ၂၁ ရာစု ပင်လုံသည်လည်း အောင်မြင်နိုင်မှာဖြစ်သလို ငြိမ်းချမ်းရေးကိုလည်း နှစ်ပိုင်းအတွင်း တည်ဆောက်နိုင်ကြပေလိမ့်မည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up