A d v e r t i s e m e n t With Us

ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အိမ်ပြန်ချိန်တန်ပြီ

အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တပ်တွေအကြား  ကချင်စစ်ပွဲ တကြော့ပြန်ဖြစ်ပွားတာ ဒီကနေ့ ဇွန်လ ၉ ၇က်နေ့ဆိုရင် ၅ နှစ်တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီအစိုးရ တက်လာတဲ့ အခုချိန်ထိ တိုက်ပွဲတွေ မရပ်သေးသလို စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း အိမ်မပြန်နိုင် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရဆဲပါ။ ထွက်ပြေးတိမ်းရှောင်နေရတာ နှစ်ကာလရှည် ကြာလာတာနဲ့အမျှ နေထိုင်ဖို့ နေရာ အဆင်မပြေတော့သလို စားဝတ်နေရေးအတွက် အကူညီတွေလည်း လျော့နည်းပါးရှားသွားပြီး ကျောင်းဖွင့်ချိန် ကလေးငယ်တွေရဲ့ ပညာရေး အခွင့်အရေးလည်း ဆုံးရှုံးနေရတယ်လို့ ဆိုင်းအောင် စစ်ပြေးဒုက္ခသည်စခန်းက ဒေါ်ရွယ်ဆိုင်းက ပြောပါတယ်။ “၂၀၁၁ စစ်ပွဲဖြစ်တဲ့အချိန်မှာ ကျမတို့က ခဏတဖြုတ်ဆိုပြီးတော့မှ ရှောင်တိမ်းတာ မမျှော်လင့်ဘဲနဲ့ ဒီလိုနှစ်ရှည်ကာလဖြစ်ပြီးတော့မှ ကျမတို့နယ်စပ်ကို ရောက်သွားကြတယ်။ ပထမ တနှစ် နှစ်နှစ်မှာတော့ စားနပ်ရိက္ခာလေးတွေက ဆန်၊ ဆီ၊ ဆား၊ ပဲ ဆိုသလို ကျမ တို့ရရှိတယ်။ အခု ဒီသုံးလေးနှစ် နောက်ပိုင်းမှာ ဆီတွေဆားတွေမရတော့ပါဘူး။ ဆန်တွေလည်း လုံလောက်အောင်မရဘူး။ စားနပ်ရိက္ခာတွေက ကျမတို့အတွက် အများကြီး လိုအပ်တယ်။ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ဆာလောင် မွတ်သိပ်မှု အတွက်ကို ကျမတို့ အရမ်းစိုးရိမ်တယ်။ ဒီလိုအခက်ခဲတွေ အများကြီးရှိလာတာကိုတွေးပြီးမှ အိမ်ပြန်ချင်တယ်။ ဒါပေမယ့် အိမ်ပြန်မယ်ဆိုရင် ကျမတို့ ဘေးကင်း လုံခြုံစွာနေရဖို့ အခြေအနေက မဖြစ်သေးဘူး။ ကျမတို့ ရွာထဲမှာရှိတဲ့ တပ်စခန်းတွေလည်း မရုပ်သိမ်းသေးဘူး။ မြေမြှုပ်မိုင်းတွေလည်း မရှင်းသေးဘူး။ အစစအရာရာ ခက်ခဲမှုပေါင်းများစွာထဲမှာ ကျမတို့လည်း ဒုက္ခကို ကြိတ်မှိတ်ပြီးခံစားနေရပါတယ်။” ခုလိုစစ်ပွဲ ၅  နှစ်ပြည့်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အဖွဲ့ပေါင်း ၁၂၀ ကျော်ကလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ပွဲတွေ ချက်ချင်းရပ်ဖို့၊ လူသားချင်းစာနာကူညီ ထောက်ပံနေတဲ့ အဖွဲ့အစည်းတွေကို စစ်ဘေးသင့်ဒေသအားလုံးကို ကန့်သတ်ချက်မရှိ သွားရောက်ကူညီခွင့်ပေးဖို့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တောင်းဆိုပါတယ်။ လက်ရှိအစိုးရအဖွဲ့သစ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးခြေလှမ်းသစ်တွေ စတင်နေပြီဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အိုရဲ့ ဒု-ဥက္ကဋ္ဌ  ဗိုလ်ချုပ် ဂွန်မော်ကတော့ စစ်ရှောင်ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ “ဒီလိုတိုက်ပွဲတွေဖြစ်နေတာကတော့ မကောင်းပါဘူး။ ဒီတိုက်ပွဲတွေကို တစတစ ချုပ်ငြိမ်း သွားဖို့ဆိုပြီး ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းမျိုးမျိုးကြောင့် အခုချိန်ထိတော့ တိုက်ပွဲတွေ ရှိနေဆဲပါပဲ။ အခုမကြာခင်မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်မှာ ဒီတိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် ကြိုးစားပြီးတော့ ကျနော်တို့ရဲ့ အိုင်ဒီပီများလည်း ကိုယ့်ဒေသကို ပြန်နိုင်ဖို့ ကျနော်တို့ မျော်လင့်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ညှိနှိုင်းသွား မှာဖြစ်ပါတယ်။ ” ၂၀၁၁ ဇွန် ၉ ရက်နေ့ကစပြီး အစိုးရပ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေကလူထု ၁ သိန်းကျော် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရသလို ရွာပေါင်း ၂၀၀ ကျော်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ကချင်စစ်ပြေးဒုက္ခသည်စခန်းက ဒေါ်ရွယ်ဆိုင်းကတော့ တိုင်းပြည်မှာ အစိုးရနဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲသွားပြီမို့  စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာလည်း အပြောင်းအလဲဖြစ်ချိန်တန်နေပြီလို့ ပြောပါတယ်။ “အိုးမဲ့အိမ်မဲ့တာက တော်လောက်ပြီ၊ ယာမဲ့တော့မဖြစ်ချင်ဘူး။ အဲဒါကြောင့် ၆ နှစ်မပြည့်ခင်မှာ ကျမတို့ ပြန်ချင်တယ်။ အစိုးရလည်း ပြောင်းလဲပြီ၊ နိုင်ငံရေးလည်း ပြောင်းလဲပြီ။ အခုလိုတာက ကျမတို့ စစ်ရှောင်စခန်းတွေ ပြောင်းလဲဖို့ပဲလိုတော့တယ်။ အဲဒါကြောင့်မို့ စစ်ရှောင်စခန်းက ပြည်သူလူထုကို အမြန်ဆုံးနည်းနဲ့ အိမ်ပြန်နိုင်အောင် ကြိုးစားပေးကြပါ။ ကျမတို့လည်း နိုင်ငံသား တိုင်းရင်းသားစစ်တွေပါ။ နိုင်ငံသား တိုင်းရင်းသား လူ့အခွင့်အရေးတွေလည်း ကျမတို့တန်းတူခံစားချင်လှပါပြီ။ ဘေးကင်းလုံခြုံစွာနဲ့ အိမ်ပြန်ချင်ပါတယ်။ ဒါကြောင့် အစတုန်းက ကျမတို့ရွာ ချထားတဲ့ တပ်စခန်းကို မြန်မြန်ဆုတ်ခွာပေးပါ။ အပစ်ခတ်ကို မြန်မြန်ရပ်စဲပေးပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်အောင် ဖော်ဆောင်ပေးကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။” ဒီကနေ့ ကျရောက်တဲ့ ကချင်စစ်ပွဲ ၅ နှစ်ပြည့်နေ့မှာ  မြစ်ကြီးနား၊ ဗန်းမော်၊ ရန်ကုန်၊ မန္တလေးအပြင် ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာလည်း ဒုက္ခသည်တွေအတွက်  အထိမ်းအမှတ်ပွဲကျင်းပကြပါတယ်။ မြစ်ကြီးနားမြို့မနောကွင်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာတော့  ထူးထူးခြားခြားအနေနဲ့ အခမ်းအနားကို တက်ရောက်လာသူတွေကို နေ့လည်စာအဖြစ်  စစ်ရှောင်ဒုက္ခတွေရဲ့ အခက်အခဲတွေကို ထပ်တူ ခံစားတတ်ဖို့ ရည်ရွယ်ပြီး  ထမင်းထုတ် ၊ ဆား နဲ့  ရေသန့်ဗူးတွေနဲ့  ဧည်ခံကျွေးမွေးခဲ့ပါတယ်။ ရန်ကုန်မြို့မှာတော့ အလုံလမ်းမှာရှိတဲ့ Summit Park View ဟိုတယ်မှာ ကချင်အနုပညာရှင် ၃ ဦးနဲ့  စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ ရေးဆွဲထားတဲ့ အနုပညာပြပွဲတွေကို ပြသခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကလေးငယ်တွေ၊  သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး၊ အမျိုးသားတွေရဲ့ ဘဝတွေဟာ ထိခိုက်ခံစားရနေရပြီး အခုချိန်ထိ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူပေါင်း ၁သိန်းလောက်ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up