Home
ဆောင်းပါး
နိုင်ငံရေးကိစ္စဆောင်ရွက်ခြင်း (သို့) လောကတ္ထစရိယ
DVB
·
June 9, 2016
သိပ်မဝေးလှတဲ့ ကာလတခုမှာ နိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ တီကို ဆားနဲ့တို့သလို တွန့်သွားရလောက်အောင် မြန်မာနိုင်ငံသားတွေ ကြောက်ခဲ့ရဖူးတယ်။ မကြောက်ခံနိုင်ရိုးလား၊ န၀တ၊ နအဖ စစ်အာဏာရှင်ခေတ်တလျှောက်လုံး လက်ဖက်ရည်ဆိုင်မှာ တိုင်းရေးပြည်ရေးအကြောင်း ဆွေးနွေးမိရင် ထောက်လှမ်းရေးကကုတ်တယ်၊ အရပ်ထဲမှာ ရေဒီယိုကလာတဲ့ ဘီဘီစီ၊ ဗွီအိုအေသတင်း နားထောင်ရင် သတင်းပေးတွေကတဆင့် ဖမ်းတယ်၊ အာဇာနည်နေ့ ဆွမ်းကျွေးသွားရင် ဖမ်းတယ်၊ ပင်နီဝတ်ရင် ဖမ်းမယ်၊ အန်အယ်လ်ဒီပါတီဝင်ရင် တခုခုအကြောင်းပြ ဖမ်းတယ်။ နိုင်ငံရေးသမားဆို မျိုးကန်းအောင် ပညာရေးပျက်၊ ဘ၀ပျက်၊ စီးပွားပျက်အောင် ရက်ရက်စက်စက်နှိပ်ကွပ်ပြီး နိုင်ငံရေးသားကြော ဖြတ်ခဲ့ကြတယ်။ ပြည်သူတွေ နိုင်ငံရေး မပတ်သက်ရဲအောင်၊ သူတို့မတရားလုပ်တာကို ခေါင်းငုံ့လည်စင်းခံဖို့ ပုံသွင်းခဲ့ကြတာ မဟုတ်လား။ ရိုးရိုး သာမန်ပြည်သူတွေ၊ စီးပွားရေးသမားတွေဆိုတာ နိုင်ငံရေးသမားဆို လမ်းမှာ မနှုတ်ဆက်ရဲလောက်အောင် ကြောက်ခဲ့ကြရတာလေ။ မတရားလုပ်နေတာမှန်းသိပေမယ့် သူတို့ကိုဆန့်ကျင်ရင် ဘ၀ပျက်မှာ စိုးရိမ်ခဲ့ကြရတာကိုး။ တချို့မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေဆို သူတို့သားသမီးတွေ၊ တပည့်တွေကို နိုင်ငံရေးမှာ မပတ်သက်ရဲအောင် တတွတ်တွတ် ပြောဆိုတားမြစ်တဲ့အထိ စစ်အာဏာရှင်တွေ ဖြစ်စေချင်တဲ့ပုံစံ ၀င်ခဲ့ကြတာ မဟုတ်လား။ သူတို့သားသမီးနဲ့ တပည့်တွေကို အညွန့်ချိုးမခံစေချင်တာကြောင့် နိုင်ငံရေးကို မပတ်သက်ကောင်းတဲ့ နယ်ပယ်လို သတ်မှတ်ခဲ့ကြတာကြောင့် တိုင်းပြည်လည်း အညွန့်ကျိုးခဲ့ရပြီး ခုထက်ထိ နိုင်ငံရေး ခါးပြတ်ခဲ့ရတာ မဟုတ်လား။ "နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် ကြုံတွေ့နေရသော အခြင်းအရာများပင်ဖြစ်တယ်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုတာ လူသားများရဲ့အရေးပင် ဖြစ်တယ်။ လူတိုင်း မိမိတို့ရဲ့ အခွင့်အရေးကို ရယူခြင်းဟာ နိုင်ငံရေးပင်ဖြစ်တယ်။ လွတ်လပ်ခြင်းကို ရယူခြင်းဟာလည်း နိုင်ငံရေးပင်ဖြစ်တယ်" လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်၊ နိုင်ငံရေးဆိုတာ ကျနော်တို့ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရေးအရာ ကိစ္စတွေအားလုံးပါပဲ။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စစ်ရေး၊ ဘာသာရေး၊ ပရဟိတ စတဲ့ကိစ္စအားလုံးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးကို စိတ်မ၀င်စားသူများတဲ့ တိုင်းပြည်ဟာ ရေရှည်မှာ မတိုးတက်နိုင်ပါဘူး။ ပြည်သူတရပ်လုံးက နိုင်ငံရေးဆိုတာကို မှန်မှန်ကန်ကန်နားလည်ဖို့ လိုသလို စိတ်ဝင်စားဖို့၊ ပါဝင်ပတ်သက်ကြဖို့ လိုပါတယ်။ တချို့က နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူး ထင်ကြပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ဒါကို ရှောင်လို့မရဘူး။ ဒါ ဘာဖြစ်လို့လဲ၊ နိုင်ငံရေးဆိုတာ နိစ္စဓူဝ မိမိရင်ဆိုင်နေရတဲ့ စားဝတ်နေရေး၊ ရုန်းကန်ရှင်သန်ရေးကိစ္စတွေ ဖြစ်နေလို့ပါပဲ။ မနက်မိုးလင်းကနေ မိုးချုပ် အိပ်ယာဝင်ချိန်ထိ ရင်ဆိုင်နေရတဲ့ အဆင်မပြေမှုအားလုံးဟာ နိုင်ငံရေးပါပဲ။ လမ်းမတွေပေါ်မှာ ယာဉ်ရထားတွေ ကျပ်တည်းပိတ်ဆို့လို့ ဒုက္ခဆင်းရဲရောက်တာ၊ နှလုံးရောဂါ ရုတ်တရက်ဖြစ်ပြီး လမ်းပိတ်နေလို့ဖြစ်စေ၊ ဆေးရုံတွေမှာ ပစ္စည်းကိရိယာ မစုံလို့ဖြစ်စေ အသက်ဆုံးပါးရတာကလည်း နိုင်ငံရေးပါပဲ။ တချို့ကပြောကြမယ်၊ ကိုယ်တို့က နိုင်ငံရေးဝါသနာမပါဘူး၊ စိတ်မ၀င်စားဘူး၊ မပတ်သက်ချင်ဘူး ဆိုတဲ့စကားဟာ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးမှာ မပတ်သက်ချင်တာဟာ တဦးချင်းစီရဲ့ ရွေးချယ်ပိုင်ခွင့်မို့ အပြစ်မဆိုသာပေမယ့် ရွေးကောက်ပွဲမှာ မဲမပေးဘဲနေတာတို့၊ နိုင်ငံနဲ့ချီ အရေးပါတဲ့ ကိစ္စရပ်တွေ ဆုံးဖြတ်ရမယ့် ဆန္ဒခံယူပွဲမှာ ဆန္ဒမပြုတာ ဆိုရင်တော့ တာဝန်မဲ့ရာ ရောက်ပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို မှန်ကန်တဲ့သူတွေ ဦးဆောင်နိုင်အောင် မဲပေးရမှာ၊ ဆန္ဒပြုရမှာ နိုင်ငံသားတယောက်ရဲ့ အနိမ့်ဆုံး တာဝန်တရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကာလ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ခေတ်ကနေ မြန်မာစစ်အာဏာရှင်ခေတ် တလျှောက်လုံးမှာ မြန်မာနိုင်ငံသားတွေကို နိုင်ငံရေးမှာ မပတ်သက်ရဲအောင် နိုင်ငံရေးရဲ့ အဓိပ္ပာယ်ကို လွဲမှားစွာ ရည်ရွယ်ချက်ရှိရှိ ဖွင့်ဆိုပြီး လမ်းမှားပို့ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် နယ်ချဲ့ကျွန်ဘ၀က လွတ်မြောက်ဖို့နဲ့ ဗမာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးလုပ်ကြတဲ့ ကျောင်းသားလူငယ်တွေကို သခင်ပေါက်စ ထောင် ၆ လဆိုပြီး သမုတ်ပြီး ရှုတ်ချခဲ့ကြတာပါ။ နိုင်ငံရေးလုပ်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို သေသေချာချာ မစဉ်းစားတတ်တဲ့ လူသာမန်တွေက ပြောကြ ဆုံးမလေ့ရှိကြတယ်။ မင်းတို့ကွယ် နိုင်ငံရေးလုပ်ရင် ထောင်ကျမယ်၊ ဘ၀တွေပျက်တာသာ အဖတ်တင်မယ်။ နိုင်ငံရေးမလုပ်ဘဲ တက္ကသိုလ် ကောင်းကောင်းမွန်မွန်တက်ကြရင် အင်္ဂလိပ်အစိုးရအောက်မှာ ၀တ်လုံတော်ရမင်း လုပ်မလား၊ မြို့ပိုင် နယ်ပိုင်ဝန်ထောက် လုပ်မလား၊ စက်ရှင်တရားသူကြီး လုပ်မလား၊ ရဲဝန်ထောက်ကြီး လုပ်မလား၊ လူရိုသေ ရှင်ရိုသေဖြစ်နိုင်တာ သိရက်နဲ့ မိုက်လို့သာ နိုင်ငံရေးလုပ်ကြတာကိုးလို့ ကဲ့ရဲ့ ရှုတ်ချကြတာ မဟုတ်လား။ စစ်အာဏာရှင်ခေတ် တလျှောက်လုံးမှာလည်း နိုင်ငံရေးမလုပ်ပြီးရော၊ ကျန်တာ အကုန်လုပ်ခွင့်ပြုထားတယ်။ ဘိန်းဖြူ၊ ဆေးခြောက်၊ မူးယစ်ဆေးဝါးလုပ်မလား၊ ကျောင်းတွေနား အကုန်ရှိတယ်။ နိုင်ငံရေးတော့ မပတ်သက်လိုက်နဲ့၊ ဘ၀ပျက်အောင် ဆော်ခဲ့တာပဲလေ။ ကျောင်းကထုတ်ပစ်မယ်၊ ထောင်ချမယ်၊ သေနတ်နဲ့ပစ်မယ်၊ ရိုက်နှက်နှိပ်စက်လို့ ဦးနှောက်ပျက်တဲ့အထိ ညှဉ်းပန်းခဲ့ကြတယ်လေ။ နိုင်ငံရေးသမားဆိုရင် ကွန်မြူနစ်တံဆိပ်တပ်ပြီး တိုင်းပြည်ဖျက်ဆီးတဲ့သူတွေ၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေလို့ နိုင်ငံပိုင်သတင်းစာတွေကနေ ပြည်သူတွေ အထင်လွဲအောင် နိုင်ငံရေးအပေါ် အရောင်ဆိုးခဲ့တော့ နိုင်ငံရေးဆိုတာ ရှောင်ကြဉ်ရမယ့်ကိစ္စလို့ အထင်မှား အမြင်မှားတွေဖြစ်ပြီး နိုင်ငံရေးကြောက်ရောဂါဟာ တနိုင်ငံလုံး စွဲကပ်လို့ ကိုယ်အရေး၊ ကိုယ့်ကိစ္စကို တာဝန်မဲ့ လျစ်လျူရှုတဲ့အဆင့် ရောက်ရုံတင်မက လုပ်တဲ့သူတွေကိုပါ တားမြစ်တဲ့အဆင့်ရောက်အောင် အသိခေါင်းပါးကုန်ကြတာ။ အင်ဂျင်နီယာကျောင်းသားဖြစ်ဖြစ်၊ ဆေးကျောင်းသားဖြစ်ဖြစ် နိုင်ငံရေးလုပ်လို့ အဖမ်းဆီးခံရပြီး ထောက်လှမ်းရေးတွေက ရိုက်နှက်ညှဉ်းပန်းပြီးလို့ အားရရင် ထောင်ကိုမပို့ခင် မေးတတ်တဲ့ မေးခွန်းတခု ရှိပါတယ်။ မင်းတို့ကွာ … မိုက်လည်းမိုက်တဲ့ကောင်တွေ … အင်ဂျင်နီယာဖြစ်ရင် သင်္ဘောသားလုပ်မလား၊ အင်ဂျင်နီယာစစ်ဗိုလ်လုပ်မလား၊ အစိုးရ၀န်ထမ်း အင်ဂျင်နီယာလုပ်မလား .. လက်ဖျားငွေသီးတဲ့ ထိပ်တန်းရာထူးနဲ့ အလုပ်တွေ ကြိုက်တာလုပ်လို့ ရရက်သားနဲ့ မိုက်မဲလို့သာ ထောင်ကျ ဘ၀ပျက်မယ့် နိုင်ငံရေးဝင်အလုပ်လုပ်တာ။ အုတ်နံရံကို ဦးခေါင်းနဲ့ ၀င်ဆောင့်တဲ့ လူမိုက်တွေလို့ ပြောပြီး ဘာလို့များ နိုင်ငံရေးလုပ်ကြရတာလဲလို့ မေးတတ်ကြပါတယ်။ ထောက်လှမ်းရေးတွေရဲ့အမြင်မှာ အတော်ထူးဆန်းပြီး သူတို့နားမလည်နိုင်တဲ့ အချက်ပါပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူတဲ့ ရတနာ့သုတ်ထဲမှာ ပါပါတယ်။ “လောကတ္ထစရိယံ၊ ဉာတတ္ထစရိယံ၊ ဗုဒ္ဓတ္ထစရိယန္တိ တိေဿာ စရိယာယော”... လို့ ပါတယ်မဟုတ်လား။ လောကတ္ထစရိယ- ဆိုတာ ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မည်းသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး၊ အသားအရောင်အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ဘဲနဲ့ အသက်ရှိ သတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးကို ငါဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယလို့ ဆိုပါတယ်။ ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး၊ ဒီလိုမဟုတ်ဘဲ အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဟာ လောကတ္ထစရိယပါပဲ။ ဒါကြောင့် နိုင်ငံရေးဆိုတာ လောကတ္ထစရိယလို့ ခေါ်တဲ့ လူအများအကျိုးကို နှလုံးသားကြီးကြီးထားပြီး ရိုးသားစွာ ဆောင်ရွက်ရတဲ့ အလွန်ဖြူစင်မြင့်မြတ်တဲ့ အရေးကိစ္စကြီးဖြစ်တယ်ဆိုတာ နောက်မျိုးဆက်တွေ သိလာအောင် ပြန်လည်ရှင်းပြပေးကြရမှာ သိမြင်သူ နိုင်ငံသားတိုင်းရဲ့ တာဝန်တရပ်ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံးရဲ့ နှလုံးသားထဲမှာ နိုင်ငံရေးကိစ္စဆောင်ရွက်ခြင်း (သို့) လောကတ္ထစရိယရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး၊ ကိုယ့်ရပ်ကွက် မြို့နယ်အရေး၊ ကိုယ့်တိုင်းပြည်အရေး စတဲ့ နိုင်ငံရေးကိစ္စတွေမှာ အားတက်သရော ၀င်ရောက်လုပ်ကိုင် နိုင်ရာဝန် ထမ်းကျရင်ဖြင့် ကျနော်တို့နိုင်ငံဟာ မဝေးတော့တဲ့ ကာလတခုမှာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးပြီး ကမ္ဘာနဲ့ ရင်ပေါင်တန်းလာနိုင်မှာ ဧကန်မုချ ဖြစ်ပါကြောင်း။       ။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024