အီးယူကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

5K
အီးယူဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မဟာမင်းကြီး မစ္စခရစ္စတီးနားနဲ့ အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး အပါအ၀င် ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း ထပ်မံတွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်ဖို့ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီဆွေးနွေးမှုအတွင်း ပါဝင်ခဲ့တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်ကလည်း “ကျနော်တို့နဲ့ တွေ့တာက ခဏလေးပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်သက်တွေ့တာက များပါတယ်။ အကုန်လုံး သူတို့ သေချာကို တင်ပြတယ်။ အခုလာတဲ့ လူမှုအထောက်အကူပြု မဟာမင်းကြီးဆိုတော့ ဒီကိစ္စတွေပဲ ဆွေးနွေးကြတာပါ။ ဘာမှ ပြောစရာတော့ မရှိပါဘူး။” လို့ ဆိုပါတယ်။
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇွန်လတုန်းကတည်း EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ်ကူးပါး (Robert Cooper) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့လည်း တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
လာမယ့် တနင်္လာနေ့ နေ့မှာလည်း မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံဖို့ ရှိနေပါသေးတယ်။