DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်ချက်ကို နိုင်ငံရေးလုပ်ကြံမှုအဖြစ် ဝေဖန်
DVB
·
September 10, 2011
ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်ချက်ကို နိုင်ငံရေးလုပ်ကြံမှုအဖြစ် ဝေဖန်
Donate to DVB

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေး လုပ်ကြံမှု အဖြစ် ရှုမြင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)က ဝေဖန်လိုက်ပါတယ်။

[caption id="attachment_15363" align="alignleft" width="300" caption="နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွင်း မဲရုံတခု၌ ဆန္ဒမဲများ ရည်တွက်နေစဉ်"][/caption]

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး တိုင်ကြားခံခဲ့ရတဲ့ ပေါက်တောမြို့နယ် မဲဆန္ဒနယ်မြေရဲ့ ရွေးကောက်တင်မြောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို ၃ ကြိမ်တိုင် စစ်ဆေးမှုတွေ ပြုလုပ်အပြီး ရှုံးနိမ့်ကြောင်း ကော်မရှင်ရဲ့ ဒီလ ၉ ရက်နေ့က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် RNDP ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်း ကြေညာချက် ထုတ်ပြန် ဝေဖန်လိုက်ကြတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ ကျနော်တို့အနေနဲ့ တရားတယ်လို့ လက်မခံနိုင်ပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အပြစ်မရှိ အပြစ်ရှာပြီးတော့ ပုံကြီးချဲ့ပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ မဲပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ကို ဒီလို ဖြုတ်ချတယ်ဆိုတာ ကျနော်တို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ ဒီအပေါ်မှာ ကျနော်တို့ နိုင်ငံရေးလုပ်ကြံမှု ဖြစ်တယ်ဆိုပြီး ကျနော်တို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။”

ဒါ့အပြင် RNDP ပါတီရဲ့ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် အစိုးရ အာမခံချက်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ကော်မရှင်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံလိုက်နာနေတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်ထောင်စုအစိုးရအကြား ယုံကြည်မှုကို ပျက်ပြားသွားစေပြီလို့လည်း ပြောကြားလိုက်ပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဆိုတာလည်း ဗိုလ်ချုပ်ကြီး တင်အေး ဆိုရင်လည်း လွှတ်တော်အနေနဲ့လည်း နုတ်ထွက် ပြီးပါပြီ။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကလည်း နှုတ်ထွက်ပြီးပြီလို့ ကျနော်တို့ ကြားပါတယ်။ ဒါပေမယ့်လို့ ဘယ်သူတွေနိုင်မယ် ဘယ်သူတွ ကျရှုံးမယ်ဆိုတာကို ဒီနေ့ ဖြစ်ရမယ့် အဖြေကို မနေ့ညကတည်းက သိနေတယ်ဆိုတာလေးတခု ကျနော်တို့ လွှတ်တော်တက်နေတဲ့ ကာလမှာ ကြားလိုက်ရတဲ့တော့ ကျနော်စိတ်ထဲမှာ တမျိုးကြီး ဖြစ်သွားတာပေါ့။ ကျနော်တို့ အနေနဲ့ ဘာကို ယုံကြည်ရမလဲ။ အကုန်လုံးပေါ့ဗျာ ပြန်သုံးသပ်ရရင်။ ”

ရွေးကောက်ပွဲ ကော်မရှင် ရှုံးနိမ့်ကြောင်း ကြေညာခံလိုက်ရတဲ့ ဦးအောင်ကျော်ဇံကို  ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်က တပ်မတော်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို အကြည်အညိုပျက်စေမှု၊ မဲမသမာမှုစတဲ့ စွဲချက်တွေနဲ့ တိုင်ကြားခဲ့တာပါ။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရသားများတိုးတက်ရေးပါတီက လွှတ်တော် ၃ ရပ်လုံး အတွက် ကိုယ်စားလှယ် ၃၅ ဦး ရွေးကောက်တင်မြောက်ခံရပြီး အဲ့ဒီထဲက ၉ ဦးကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက ပထမအဆင့် တရားစွဲဆို တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီထဲက ပထမအဆင့်မှာတော့ ၃ ဦးကို အနိုင်ပြန်ရခဲ့ပြီး ၆ ဦးကို ကော်မရှင်က ရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီကနေ့ ဒုတိယအဆင့်အနေနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ် ၆ ဦးက ထပ်မံ အယူခံဝင်ရာမှာ ကော်မရှင်က ၃ ဦးအနိုင်ပေးခဲ့ပြီး ၃ ဦးကို ရှုံးနိမ့်ကြောင်း ကြေညာခဲ့ ပြန်ပါတယ်။

နောက်ဆုံး တတိယအဆင့်အနေနဲ့ ကိုယ်စားလှယ် ၃ ဦးက နောက်ဆုံးအနေနဲ့ အယူခံထပ်ဝင်ရာမှာ ၂ ဦးကို အနိုင်ပေးပြီး လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို ရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013