တာချီလိတ်မြို့တွင် ကျပ်သိန်း သောင်းချီတန်ဖိုးရှိသည့် မူးယစ်ဆေးများ ဖမ်းဆီးရမိ
ရွှေအောင်
·
September 9, 2011
ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ကျပ်သိန်းပေါင်း သောင်းချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေ၊ လိုင်စင်မဲ့ကားတွေ၊ ဆိုင်ကယ်တွေ ဖမ်းဆီးရမိတယ်လို့ တာချီလိတ် မူးယစ်အထူးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စက်တင်ဘာ ၈ ရက် ည ၇ နာရီခွဲအချိန်လောက်က မိုင်းဖုန်းအုပ်စု၊ ပါခုတ် ကျေးရွာဘက်ကနေ တာချီလိတ်ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်အမှတ် ၉ခ-၉၅၀၆ နစ်ဆန်း ဆယ်ဘီးကားကို ဝှေလေလန်ဂိတ် တာဝန်ကျ မူးယစ်အဖွဲ့က ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာမှာ ကားပြင်ကိရိယာ တန်ဆာပလာထဲထည့်ပြီး ဘူးထဲ သိုဝှက်သယ်ဆောင်လာတဲ့ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ကာလတန်ဖိုး ကျပ်သိန်းလေးထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကားမောင်းသူနဲ့ ကားပေါ်ပါသူတွေရဲ့ ထွက်ဆိုချက်အရ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်နေ အိုက်ဆတ်ထံ ပို့ဆောင်မယ့် ဆေးပြားတွေလို့ သိရတာကြောင့် အိုက်ဆတ်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေတဲ့အခါ အိုက်စ် မူးယစ်ဆေးဝါး၊ ကဖင်းအဖြူရောင်မှုန့်၊ ဆေးပြားထုတ်လုပ်တဲ့ နေရာမှာသုံးတဲ့ ဘလောက်တုံးတွေ အပါအ၀င် ကာလတန်ဖိုး ကျပ်သိန်းလေးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိပါတယ်။
ဒါ့အပြင် လက်နက်ငယ်တွေဖြစ်တဲ့ ပြောင်းတိုသေနတ်တလက်နဲ့ စတင်းသေနတ်၊ သေနတ်ကျည်ဆန်တွေ၊ လိုင်စင်မဲ့ကားရှစ်စီး၊ ဆိုင်ကယ် ၁၄ စီးလည်း သိမ်းဆည်းရမိတဲ့အထဲ ပါရှိတယ်လို့ ပြောပါတယ်။
ဆက်စပ်သတင်းအရ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းအုပ်စု၊ ပါခုတ်ကျေးရွာက အိုက်ဆတ်ရဲ့ညီ အိုက်ကျုံးအိမ်ကိုလည်း ဆက်လက် ရှာဖွေစစ်ဆေးခဲ့ရာ မူးယစ်ဆေးတွေ ထပ်မံသိမ်းဆည်းရရှိမှုအပါအ၀င် စုစုပေါင်း ကျပ်သိန်းပေါင်း သောင်းချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးပြား သုံးသိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေနဲ့အတူ တာချီလိတ်၊ ဆန်ဆိုင်းရပ်နေ အိုက်ဆတ်ပါလေးဦးကို ဆက်လက်စစ်ဆေးပြီး ကွင်းဆက်ဖော်ထုတ်နေတယ်လို့ တာချီလိတ် မူးယစ်အထူးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ဒီစိတ်ကြွမူးယစ်ဆေးဝါးတွေဟာ တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို တင်သွင်းဖြန့်ဖြူးဖို့ သယ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကနေ သယ်ဆောင်လာတဲ့ ဘတ်ငွေ သန်းထောင်ကျော် တန်းဖိုးရှိတဲ့ ရာဘစိတ်ကြွဆေး၊ အိုက်စ်စိတ်ကြွဆေးနဲ့ ဘိန်းဖြူတွေကို ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်မှာ ဖမ်းဆီးမိတဲ့အကြောင်း စက်တင်ဘာလ ၈ ရက်နေ့က ဒီဗွီဘီက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။