Home
Lead Story
အလှမယ်ဘ၀မှ ကိုယ်လုံပညာသင်ပေးသူ ဖြစ်လာသည့် မီရှဲလ်၏ ဘ၀ကောက်ကြောင်း
DVB
·
June 4, 2016
အနုပညာကို မိသားစုမျိုးရိုးမရှိဘဲ မိန်းကလေးတဦးရဲ့ သူ့ရဲ့ဝါသနာနဲ့ ဘဝလမ်းကြောင်းတခု ဖောက်ဖို့ ကြိုးစားနေသူ။  သူ့နာမည်က မီရှဲလ်။ သရုပ်ဆောင်ပညာကို သင်ယူထားသူ၊ မော်ဒယ်လ်သင်တန်း တက်ရောက်ဖူးသူ မဟုတ်ပေမယ့် ဝါသနာကြောင့် သူဖြစ်ချင်တဲ့ လမ်းကြောင်းသစ်တခု လျှောက်လှမ်းလာခဲ့တာပါ။ စီးပွားရေးနဲ့ ပညာရေးကိုပဲ အားပေးတဲ့ မိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာတဲ့  မီရှဲလ်ဟာ  ၂၀၁၁ ခုနှစ်ကစပြီး အလှမယ်ပြိုင်ပွဲတခု ဖြစ်တဲ့ Miss Myanmar International ပြိုင်ပွဲကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ “အမှန်တကယ်တော့ Miss ပြိုင်တယ်ဆိုတာ မီရှဲလ်ဆို ယောက်ျားလေးဆန်တယ်။ တချို့ဆို မိန်းကလေး အရမ်းဆန်ပြီး ပျော့ညံ့တာ ရှိတယ်။ အဲဒီလို ကြားထဲမှာမှ Miss ဆိုတာ သန်မာရတယ်။ ဗဟုသုတ ပြည့်စုံရတယ်။ တခုခုဆို မေးလိုက်တာနဲ့ မသိရင်တောင်မှ ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ဖြေရတာမျိုးရှိရမယ်။ အမြဲတမ်း ကျော့မော့နေရမယ်ဆိုတာ သိလာတယ်။" မိန်းကလေးတယောက်အနေနဲ့ ကြည့်လိုက်တာနဲ့ အမြဲတမ်းလှနေဖို့ဆိုတာ တကယ်တမ်းပြောရရင် လုံးဝမလွယ်ပါဘူး။ မနက်နိုးတာနဲ့ မိတ်ကပ်ပြင်တယ်။ တနေကုန် ကျော့ကျော့မော့မော့လေး နေတယ်။ တကယ်နေဖူးတဲ့သူတွေ သိပါတယ်။ တကယ်ကို ခက်ခဲပါတယ်။ "Miss Myanmar ဖြစ်မယ်ဆိုရင် မင်းဘာလုပ်မလဲ။ ဒါ အင်တာဗျူးတိုင်း မေးပြီ၊ မေးတဲ့အခါကျရင် ကိုယ်က ဒီအင်တာဗျူးမှာတခု၊ ဟိုအင်တာဗျူးမှာတခု ပြောလို့မရဘူး။ ကိုယ့်ယုံကြည်ချက်က ကိုယ်ဘာလုပ်မှာလဲဆိုတာကို တိတိကျကျသိဖို့ လိုလာပြီ။ ပြီးရင် ငါဘာလုပ်မှာလဲဆိုတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ပြောပြနိုင်ရမယ်။ အဲဒီလို အရည်အချင်းတွေ ရှိဖို့လိုအပ်ပါတယ်။ လှနေရုံဆိုရုံနဲ့တော့ အစ်မရယ် ထိုင်းသွားပြီး အကုန်ပြင်ရင် အကုန်ရပါတယ်။ ဒါပေမယ့် ဒီလိုဉာဏ်ရည်မျိုးရှိဖို့ဆိုတာ လေ့ကျင့်ထားဖို့နဲ့ ကိုယ်ကိုယ်တိုင်ကိုက လုပ်ချင်စိတ်ရှိဖို့ လိုပါတယ်။” မီရှဲလ်တစ်ယောက် သိမ်ဖြူလမ်းက ၀ိုင်အမ်စီအေခန်းမမှာ ကစ်ခ်ဘောက်ဆင်ထိုးတာကို ညနေပိုင်း လေ့ကျင့်ပါတယ်။ တခြား အားကစားနည်းမျိုးစုံကို သင်ကြားလေ့လာခဲ့ဖူးပေမယ့် စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့ မီရှဲလ်က ကစ်ခ်ဘောက်ဆင်အားကစားကို သင်ကြားလေ့ကျင့်နေတာ လေးနှစ်ကျော် ရှိသွားပါပြီ။ “စဆော့ခါစ အတွေ့အကြုံဆိုရင် ဒိုက်ထိုးလို့ရှိရင် ဆရာက လက်သီးနဲ့ ထောက်ခိုင်းတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့လက်ကောက်ဝတ်က ဘာမှ မာမာမလုပ်ထားတော့ လက်တွေက ကောက်ကောက်သွားတယ်။ အဲဒါမျိုးကို တောင့်ခံရင်း၊ တောင့်ခံနေရင်းနဲ့ ကိုယ်လက်တွေ သန်လာတယ်။ ပြီးရင် ကန်တယ်။ သဲအိတ်ကို ကန်တဲ့အခါကျရင် ဆယ်ချက်လောက် ကန်တဲ့အခါကျရင်လည်း ဘာမှမဖြစ်သေးဘူး။ အချက်နှစ်ဆယ်လောက် ကန်တဲ့အခါကျတော့ ခြေထောက်တွေက နာလာတယ်။ ဒါပေမယ့် ဆရာက မရဘူး တင်းထား။ ဆက်လုပ်။ ရအောင်လုပ်၊ အဲဒီအခါကျတော့ ကိုယ်က လုပ်ရင်းလုပ်ရင်းနဲ့ လုပ်နိုင်သွားတယ်။ ဆက်လုပ်ဖို့ကိုလည်း ယုံကြည်ချက် ရှိသွားတယ်။ အဲဒါမျိုးကို သဘောကျလို့ပါ။” အမျိုးသားတွေနဲ့အပြိုင် ထိုးသတ်လေ့ကျင့်နေရတာလည်း သူ့ရဲ့ စိန်ခေါ်မှုကိုကြိုက်တဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။ “မိန်းကလေးပေါ့။ တပတ်လောက်နေရင် တော်ပြီပေါ့။ တလလောက်ဆိုရင် ပျောက်သွားမှာပါဆိုပြီး ပြောကြတယ်။ ဘာလို့ သူတို့က ပြောတာလဲ၊ ကိုယ်ကကြိုက်လို့ လာတက်တာ။ ပြီးတော့ သူတို့တွေက မိန်းကလေးဆိုရင် မလုပ်နိုင်ဘူးဘဲ။ ဘာလို့မလုပ်နိုင်ရမှာလဲ။ ငါလည်း ရအောင်လုပ်မယ်ဆိုပြီး သူတို့ပြောတဲ့စိတ်ကို မခံချင်စိတ်ဖြစ်ပြီး ဆော့မိတာလည်းပါတယ်။ ပြီးတော့ ဆရာနဲ့ အမြဲထိုးနေရတဲ့အခါကျတော့ အာရုံစိုက်နေရတာ ပါတယ်။ အမြဲတမ်း အသစ်အသစ်ပေါ့။ အကွက်တွေက ဒီအကွက်တွေပဲ။ ဒါပေမယ့် ဟိုအကွက်နဲ့ ဒီအကွက်နဲ့ ပေါင်းလိုက်ရင် ဒီတခု။ ပြီးရင် လေ့ကျင့်ခန်းကို မလုပ်ဖြစ်ရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်တွေ ပုံစံမမှန်တာတွေ သိလာတဲ့အခါကျတော့ ငါလုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုတာ သိလာတာကြောင့်၊ ဒါကြောင့် ဒီဟာကိုပဲ ဆော့ဆော့ ဖြစ်နေတာ။” စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့နဲ့ ငွေရှာဖို့ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားတဲ့ သူ့အတွက် မိသားစုစီးပွားရေးလုပ်ငန်းကို ကူညီလုပ်ကိုင်ရင်း သူ့ရဲ့ အားလပ်ချိန်တွေမှာ သူတတ်ထားတဲ့ ကိုယ်ခံပညာကို အမျိုးသမီးတွေဆီ ပြန်လည် လက်ဆင့်ကမ်းပေးနေပါတယ်။ အမျိုးသမီးတွေ ကြုံတွေ့၊ ခံစားရလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ခုခံကာကွယ်စေနိုင်ဖို့ပါပဲ။ “မီရှဲလ် ဆယ်တန်းအောင်ပြီး တယောက်တည်းသွားတဲ့အခါမှာ Sexual Harassment တွေ ကြုံရတာဆိုတော့ အဲဒီတုန်းကလည်း ဒေါသထွက်တယ်။ ငါဘာလို့ မလုပ်နိုင်ရတာလဲ။ ၂၀၁၃ International ပြိုင်တုန်းက Talent အနေနဲ့ ဘတ်စ်ကားပေါ်မှာ ကိုယ့်ကို ထောက်လှမ်းရေးလာလုပ်ရင် ဘယ်လို ကာကွယ်မလဲဆိုတာကို ပြိုင်တယ်။ အဲဒီတုန်းက Youtube ကနေ ကြည့်ပြီးတော့ အဲဒီ့ပွဲနေ့ကျမှ လာတဲ့တယောက်ကို အကူအညီတောင်းပြီးတော့ လုပ်ဖြစ်သွားတယ်။ "ဒီသင်တန်းကို ဖြစ်လာအောင် ကူညီပေးတဲ့ အမျိးသမီး Roda ကလာပြီး မီရှဲလ်ကို အင်တာဗျူးတယ်။ အင်တာဗျူးလုပ်ရင်းနဲ့မှ သူက ဘာပြောသလဲဆိုတော့ နင် Self Defense သင်တန်း ဖွင့်သင့်တယ်တဲ့။ ငါ မလုပ်နိုင်သေးဘူးလို့၊ ငါက ကျောင်းတက်နေတုန်း၊ ငါ အချိန်လည်း မပေးနိုင်သေးဘူးလို့ ပြောတော့ သူက အိုကေတဲ့။ ဖြစ်တယ်တဲ့။ နောက် သူပြန်ရောက်လာတော့ နင် Self Defense သင်နိုင်ပြီလားဆိုတော့ အိုကေ ငါသင်နိုင်ပြီလို့ပြောတော့ ဒီမှာလည်း Self Defense ဖွင့်ဖို့ စိတ်ဝင်စားတဲ့အမျိုးသမီးတွေရှိတယ်၊ ငါမိတ်ဆက်ပေးမယ်ဆိုပြီး ဖွဲ့ဖြစ်သွားတယ်။ "အဓိက ဖွဲ့ဖြစ်တဲ့ ရည်ရွယ်ချက်က မီရှဲလ်လို မဖြစ်ချင်ဘူး။ ဖြစ်လာတဲ့အခါကျရင်လည်း ဘယ်လိုကာကွယ်ရမလဲဆိုတာ၊ ရှိရမလဲဆိုတာ သူတို့ကို သိစေချင်တယ်။ နောက်တခုက သူတို့ကို awareness ရစေချင်တယ်။ ဒီလိုမျိုးဖြစ်လာရင် အမျိုးသမီးအချင်းချင်းတောင် မပြောပြကြဘူး။ ပြောပြဖို့လည်း ရှက်ကြတယ်။ သူတို့လိုပဲ တခြားသူတွေလည်း ကြုံတွေ့နေရပါလား ဆိုတာကိုလည်း သူတို့မသိကြဘူး။ အဲဒီလိုမျိုး awareness ဖြစ်စေချင်လို့ လုပ်တာ ဖြစ်ပါတယ်။” အင်အားနည်းသူတွေအဖြစ် ယူဆထားတဲ့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကနေ ကာကွယ်နိုင်ဖို့ အမျိုးသမီး ကိုယ်လုံပညာသင်တန်းမှာ တိုက်ခိုက်ရေးနည်းအပြင် အမျိုးသမီးတွေ ကြုံတွေ့နေရမှုတွေကို ပြန်လည်ဆွေးနွေးပြောဆိုမှု၊ ဥပဒေအရ နားလည်မှုတွေရှိဖို့ သင်ကြားပေးနေတာပါ။ မီရှဲလ်အနေနဲ့ ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြောဆိုမှုတွေ ကြုံလာရတဲ့ အတွေ့အကြုံတွေအပြင် အမျိုးသမီးအများစုရဲ့ ကြောက်ရွံ့မှုတွေကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကို ကာကွယ်ပေးနိုင်ဖို့ စိတ်ကူးရှိခဲ့တာပါ။ “သူတို့ အများဆုံးတွေ့ကြုံရတာဆိုရင် သင်္ကြန်တို့၊ ဘုရားပွဲတို့၊ ရှိုးပွဲတို့ လူများတဲ့နေရာမျိး၊ Sexual Harassment တွေ ကြုံရတယ်။ နောက်တခုက လူပြတ်တဲ့နေရာတွေမှာ လူပြတ်တဲ့နေရာဆိုတာ ကိုယ့်အိမ်ကို ပြန်လာတဲ့နေရာမျိုး၊ ပြီးတော့ အဝတ်အစား လုံခြုံလား၊ မလုံခြုံလားဆိုတာ မေးရင် အနည်းဆုံး ထမီ၊ အင်္ကျီပဲ။ ဒါမှမဟုတ်ဘူး ဆိုရင်လည်း အနည်းဆုံးက ဘောင်းဘီရှည်ပဲ။ မျက်နှာကလည်း မျက်နှာပြောင်နဲ့ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း လှတပတ ဖြစ်ချင်ဖြစ်မယ်။ "နောက်တခု ပြောကြတာက လူတွေက နင့်မျက်နှာက ပြီတီတီဖြစ်နေလို့ နေမှာပေါ့။ နင်ကိုယ်တိုင်က သွားပြီး မြှူဆွယ်လို့ နေမှာပေါ့ ပြောကြတယ်။ တချို့မိန်းကလေးတွေရဲ့ မျက်နှာကိုက ပြုံးရွှင်နေပြီး အမြဲတမ်း ကြည့်လို့ကောင်းတဲ့ မျက်နှာမျိုးတွေ ဖြစ်နေတယ်။ အဲဒါမျိုးက ကိုယ့်ရဲ့သဘာဝအရ ဖြစ်နေတာ။ အဲဒါမျိုးကျတော့ နင်တို့ကိုယ်တိုင်က မြှူဆွယ်လို့ဆိုတဲ့သူတွေရဲ့ အတွေးကိုယ်တိုင်ကိုယ်က ရှိနေတာ။ ဒီမှာ အဝတ်အစားလုံတယ်။ Sexual Harassment ကြုံရတယ်။ လူများလည်း ရတယ်။ လူပြတ်လည်း ရတယ်။ ပြီးရင် လူထူထူ၊ မထူထူ ဖြစ်တယ်။ အချိန်ကလည်း မိုးလင်းဖြစ်ဖြစ်၊  မိုးချုပ်ဖြစ်ဖြစ် ဖြစ်တယ်။ ကြိုက်တဲ့နေရာ ဖြစ်တယ်။ စဉ်းစားကြည့်၊ လုပ်တာက အမျိုးသားတွေလုပ်တာ၊ အချိန်မရွေးလုပ်တယ်။ လုပ်ချင်တဲ့သူလုပ်တယ်။ ကိုယ်နဲ့ ဘာမှ မဆိုင်ဘူးဆိုတဲ့ အတွေးကို အရင်ဆုံး သူတို့ကို ပြောပြပေးရတယ်။” အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရန်က ကင်းဝေးစေဖို့ အဓိက အရေးကြီးတဲ့ အမျိုးသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်လာဖို့ မီရှဲလ်အနေနဲ့ ကြိုးစားနေပါတယ်။ ငယ်ရွယ်လှပနေတဲ့ မီရှဲလ်ကတော့ စီးပွားရေး၊ အနုပညာနဲ့ အမျိုးသမီးအရေး ကိစ္စရပ်တွေမှာ ဟန်ချက်ညီညီ လှုပ်ရှားရင်း သူ့ယုံကြည်ချက်တွေအတိုင်း သူ့ဘဝလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနေဆဲပါပဲ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024