Home
မေးမြန်းခန်း
ကိုယ့်တိုင်းပြည်မှာ ရသင့်ရထိုက်တဲ့ အခွန်မနစ်နာအောင် စိစစ်သင့်တယ် - ဦးရဲမင်းအောင်
DVB
·
June 5, 2016
ကမ္ဘာမှာ အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ပနားမား စာရွက်စာတမ်းကိစ္စ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းကြီးတွေအပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိတယ်၊ လက်ရှိ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှု အခြေအနေ၊ တကယ် လက်တွေ့ စိုက်ပျိုးထုတ်လုပ်နေရတဲ့ တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး - အခုဆိုရင် ကမ္ဘာမှာဆိုလည်းပဲ အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ပနားမား စာရွက်စာတမ်းကိစ္စတွေက ပေါ်ပေါက်နေတယ်။ အဲတော့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းကြီးတွေပေါ့နော်။ အဲဒီလုပ်ငန်းတွေမှာ ပုံမှန် မှန်မှန်ကန်ကန်လုပ်နေတဲ့ လုပ်ငန်းရှင်တွေအတွက် ဒီ ပနားမား စာရွက်စာတမ်းတွေရဲ့အကျိုးဆက်တွေက ဘယ်အတိုင်းအတာလောက်ထိ ဖြစ်သွားနိုင်မယ်လို့  ခန့်မှန်းမိလဲဗျ။ ဖြေ - အဓိကကတော့ ကျနော်မြင်တာတော့ ၂ ချက်ပေါ့နော်။ ပထမတချက်ကတော့ ပနားမား စာရွက်စာတမ်းတွေမှာပါတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေပေါ့နော်။ ဒါတွေကို ပြည်သူတွေက အံ့အားသင့်တဲ့ အနေအထား တွေ့ရတယ်။ ကျနော်အမြဲပြောသလိုပါပဲ။ ပနားမား စာရွက်စာတမ်းတွေဆိုတာ Mossack Fonseca ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့၊ တနည်းအားဖြင့် သူတို့ဆီမှာ လာပြီးတော့ ဥပဒေရေးရာ၊ နိုင်ငံတကာရေးရာ အကြံဉာဏ်တောင်းတဲ့၊ သူတို့ရဲ့ ဖောက်သည်တွေရဲ့ သတင်းအချက်အလက်တွေ စုထားတဲ့အထဲကနေပြီးတော့ သူ့ရဲ့ System ကိုဝင်ပြီးတော့ Hack လုပ်ပြီးတော့၊ Data တွေ၊ Information တွေ ယူသွားတာဆိုတော့ ဒီမှာပါတဲ့ အချက်အလက်တိုင်းက မှန်ချင်မှမှန်မယ်။ ဒီမှာပါတဲ့ အချက်အလက်တိုင်းက ကျနော်တို့ ခိုင်မာချင်မှ ခိုင်မာမယ်ပေါ့။ ဒါပေမယ့် ဒီထဲမှာ တချို့ လူပုဂ္ဂိုလ်တွေ၊ တချို့ကုမ္ပဏီတွေ၊ မြန်မာနိုင်ငံတင် မကပါဘူး။ ကမ္ဘာမှာ အများကြီး သက်ရောက်မှု ရှိသွားတယ်။ တချို့လည်း တာဝန်ယူပြီးတော့ ၀န်ကြီးတို့၊ ၀န်ကြီးချုပ်တွေ ရာထူးတာဝန်တွေက နုတ်ထွက်သွားတာတွေလည်း တွေ့ရတယ်။ တွေ့ရတယ်ဆိုတော့ ဒီထဲမှာပါတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက တမျိုးမြင်နေကြတယ်။ တမျိုးမြင်နေကြတဲ့အခါမှာ ကျနော့်အနေနဲ့ ကုမ္ပဏီအသီးသီးကလည်း ဘာပဲပြောပြော ကိုယ့်ရဲ့ ဂုဏ်သတင်းကျော်ဇောမှုနဲ့၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အများပြည်သူတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကတော့ ဘာပဲပြောပြော ရှင်းလင်းဖော်ထုတ်သင့်တယ်။ ရှင်းလင်းတင်ပြသင့်တယ်။ ပြည်သူသိအောင်ပေါ့၊ ဒါကတချက် လိုအပ်ပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကျနော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများက ဆင်းရဲတဲ့နိုင်ငံတွေ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေပေါ့နော်။ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ တွင်းထွက်တွေ၊ ကျောက်စိမ်း၊ ကြေးနီ၊ သဘာဝသတ္တုတွေ၊ ဒီလိုလုပ်ငန်းတွေကိုလုပ်တဲ့ ကုမ္ပဏီကြီးတွေက အမြတ်များတယ်။ အမြတ်ရတဲ့ အနေအထားများတယ်။ ဆန်စပါးတို့၊ လယ်ယာစိုက်ပျိုးရေးတို့လုပ်တဲ့ ကုမ္ပဏီတွေဆိုတာ နှစ်စဉ် ရှုံးနေတာတောင်မှ အရှုံးနည်းအောင် လုပ်နေရတာ။ မြတ်ဖို့ဆိုတာ တော်တော်ခက်သေးတယ်။ ကျန်တဲ့ မြန်မာနိုင်ငံမှာ ရပ်တည်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေကလည်း တတ်နိုင်သမျှ အမြတ်တွေက နည်းကြပါတယ်။ အဲတော့ ဒီလိုအမြတ်နည်းတဲ့ ကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ အခွန်စနစ်ကို အခုချိန်မှာ ဒါ ပြီးခဲ့တဲ့ သုံးလေးနှစ်လောက်က စပြီးတော့ အခွန်စနစ်မှာ ပါဝင်ပြီးတော့ တတ်နိုင်သမျှ အခွန်ဆောင်ပြီးတော့ လုပ်နေကြတယ်။ နိုင်ငံတော်ကလည်း နှစ်စဉ် ထိပ်တန်း အခွန်ဆောင်တဲ့စာရင်းတွေ ထုတ်ကြတယ်။ အဲ့လိုလုပ်နေတဲ့အချိန်မှာ အကျိုးအမြတ်များတဲ့ ကျောက်မျက်ရတနာ၊ တွင်းထွက်၊ သဘာဝဓာတ်ငွေ့တို့၊ ရေနံတို့ ဒီလိုကုမ္ပဏီကြီးတွေက သူတို့အမြတ်တွေကို ဘယ်လို အခွန်ဆောင်နေသလဲ။ ဒါ ပြည်သူတွေ သိချင်တယ်။ အစိုးရကလည်း သိဖို့လိုအပ်တယ်။ အဲတော့ တနည်းအားဖြင့် ပနားမားစာရွက်စာတမ်းတွေက ဖော်ထုတ်တဲ့ အချက်မှာ အခွန်ကိုတိမ်းရှောင်ချင်တဲ့အတွက်၊ အမြတ်ကိုလျှော့ပြီးတော့ အခွန်ဆောင်ချင်တဲ့အတွက် အခွန်သက်သာတဲ့နိုင်ငံတွေမှာ သွားပြီးတော့ ကုမ္ပဏီတွေ ထောင်ကြတယ်။ အဲတော့ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်မှာဆိုရင် Delaware ဆိုတဲ့ပြည်နယ် အခွန် Tax Zero ပေါ့။ နောက်တခါ ဆွစ်ဇာလန်တို့၊ British Virgin Islands တို့၊ နောက်တခါ တက်ဇ်ဟယ်ဗန်လို့ခေါ်တဲ့ အခွန်နဲ့ပတ်သက်ရင် (Zero, 1 ,2) Percent လောက်ပဲ ဆောင်ရတဲနိုင်ငံတွေမှာ ဒီလို ကုမ္ပဏီကြီးတွေက သွားပြီးတော့ သူတို့ရဲ့အမြတ်ကို သွားပြီးတော့ မှတ်ပုံတင်ကြတယ်။ တနည်းအားဖြင့်ပြောရင် အဲဒီမှာထောင်တဲ့ ကုမ္ပဏီနဲ့ အလုပ်လုပ်ကြတယ်။ အဲတော့ ကျနော်ဆိုလိုတဲ့သဘောက မြန်မာနိုင်ငံကထွက်တဲ့ သယံဇာတကို အသုံးပြုပြီးတော့ မြန်မာနိုင်ငံမှာ အခွန်မဆောင်ဘဲနဲ့ ခုနကနိုင်ငံတွေမှာ သွားပြီးတော့ မှတ်ပုံတင်ပြီးတော့ အဲဒီနိုင်ငံမှာ အမြတ်ပြတယ်ဆိုပြီးတော့ အဲဒီနိုင်ငံက ဥပဒေနဲ့ အခွန်ဆောင်တယ်ဆိုရင်တော့ ကျနော်ထင်တာ လူတွေလိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်နဲ့တော့ နည်းနည်းတော့ လွဲနေတယ်။ ဒါကို ကျနော်တို့ ဖော်ထုတ်ဖို့လိုတယ်။ ဒါအရေးကြီးပါတယ်။ တချို့ဆိုရင် မြန်မာနိုင်ငံမှာ 25 percent၊ စင်ကာပူနဲ့ ဟောင်ကောင်တို့မှာဆိုရင် 17 percent၊ 16 percent လောက်ပဲရှိတာ။ အများကြီး သက်သာတယ်။ သက်သာတဲ့အတွက် ဒီလိုထောင်တာတွေကိုလည်း ပြန်ပြီးတော့ စိစစ်ဖို့လိုတယ်။ ပုံမှန်ကုန်သွယ်နေတဲ့ လုပ်ငန်းဆို အကြောင်းမဟုတ်ဘူး။ ကျနော်ခုနကပြောတဲ့ သဘာဝ သယံဇာတတွေ၊ သဘာဝ အရင်းအမြစ်တွေနဲ့ ဆက်စပ်ပြီးတော့ အခွန်ကိစ္စကို၊ အမြတ်ကို မှတ်ပုံတင်တဲ့နေရာမှာ၊ အမြတ်ကို Register လုပ်တဲ့နေရာမှာ လျှော့ပြီးတော့ လုပ်လို့ရတဲ့ နေရာတွေကို ပြောင်းခြင်းဟာ ကိုယ့်တိုင်းပြည်ရဲ့ သယံဇာတသည် ကျနော်တို့က နှစ်ကာလ ကြာမြင့်စွာ စုဆောင်းပြီးမှရတာ။ သယံဇာတဆိုတာ အမြဲတမ်းရနေတာ မဟုတ်တဲ့အတွက် ဒါအရေးကြီးပါတယ်။ နောက် ရေနံနဲ့၊ သဘာဝဓာတ်ငွေ့ဆိုရင် ကျနော်တို့ အခွန်ဥပဒေမှာ ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ဆောင်ခိုင်းထားတဲ့ဟာတွေ ဖြစ်နေတယ်။ အဲ့ဒါကြောင့်မို့ ဒါတွေဟာ ပိုပြီးတော့ အရေးကြီးပါတယ်။ ဒါက ပနားမားပေပါမှာပါတဲ့ ကုမ္ပဏီတွေတင် မဟုတ်ပါဘူး။ မပါတဲ့ ကုမ္ပဏီတွေထဲမှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လုပ်နေတဲ့ မြန်မာကုမ္ပဏီတွေကော၊ နိုင်ငံခြားကုမ္ပဏီတွေကော သူတို့သည် အမြတ်ကို ဘယ်လိုပြနေသလဲ။ အမြတ်ကို ဘယ်လို မှတ်ပုံတင်ထားသလဲ။ ဘယ်နိုင်ငံကို အခြေပြုပြီးတော့ လာသလဲဆိုတာတွေက ဘာပဲပြောပြော ကိုယ်တို့မြန်မာနိုင်ငံက သက်ဆိုင်ရာ ၀န်ကြီးဌာနပေါ့နော်၊ စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနတို့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်တွေက စိစစ်ပြီးတော့ အခွန်ကိစ္စ၊ ကိုယ့်တိုင်းပြည်မှာ ရသင့်ရထိုက်တဲ့ အခွန်မနစ်နာအောင် စိစစ်သင့်တယ်လို့ ထင်ပါတယ်။ မေး - ခုအနေအထားမှာ၊ အခုလက်ရှိ ၂၀၁၆ မှာတက်လာတဲ့ အစိုးရသစ်အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ မတွေ့ရသေးဘူးပေါ့။ အဲအတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ တခြား အမြတ်နည်းတဲ့လုပ်ငန်းတွေ၊ ပြီးတော့ အမြတ်တွေများများရပြီး၊ အခွန်ဆောင်တာတွေလည်းရှိတယ်၊ မဆောင်တာတွေလည်းရှိတယ်။ အဲဒီလုပ်ငန်းတွေအတွက် အကျိုးသက်ရောက်မှုတွေက ဘယ်လိုအတိုင်းအတာထိ ဖြစ်နိုင်မလဲ။ ဖြေ - အဓိကတော့ ပနားမား စာရွက်စာတမ်းတွေက ကျနော်မြင်တာကတော့ တပ်လှန့် နှိုးဆော်လိုက်တဲ့ အတိုင်းပေါ့။ ကျနော်တို့နိုင်ငံတင် မဟုတ်ပါဘူး။ တကယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၊ World Bank တို့ ဒီလိုနိုင်ငံတကာ အဖွဲ့အစည်းတွေကိုယ်တိုင်က အခွန်စနစ်ကို ထိထိရောက်ရောက် လုပ်ရမယ်ဆိုတာကို ကမ္ဘာမှာ ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကမ်မရွန်ဆိုရင် သူ့ကိုဆန္ဒပြတယ်၊ နုတ်ထွက်ပေးဖို့။ သူကလည်း ပြန်ပြောတာ ဒီမှာ သူနဲ့သက်ဆိုင်မှုတော့မရှိဘူး။ ဒါပေမယ့် ဗြိတိသျှအစိုးရနဲ့ ပတ်သက်ပြီးတော့ ပါတာတွေ ရှိနေတဲ့အတွက် ဒါ တာဝန်ခံမှုပေါ့နော်၊ အဲလို ပြောတဲ့အခါမှာ သူက ဗြိတိန်နိုင်ငံအပါအ၀င် G-20 နိုင်ငံတွေ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေ အပါအ၀င် တကမ္ဘာလုံးမှာ အခွန်စနစ်ကို တိတိကျကျဖြစ်ဖို့၊ နောက်တခါ ခုနကပြောတဲ့ ကမ္ဘာမှာရှိနေတဲ့ အခွန်ကို Zero Percent လောက်ထားပြီးတော့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်တဲ့နိုင်ငံတွေ၊ Tax Haven နိုင်ငံတွေကိုလည်း အခွန်ဒီလိုလုပ်နေတာတွေကို ပြန်ပြီးတော့ တင်းကျပ်ဖို့။ အဓိကတော့ ကျနော်တို့မှန်းတာကတော့ တကမ္ဘာလုံး ဖြန့်ကျက်တဲ့ အမေရိကားဆိုလည်း Apple တို့၊ Google တို့၊ IBM တို့ ဒီလိုကုမ္ပဏီကြီးတွေက သူတို့အမြတ်တွေကို ဒီလို အခွန်သက်သာတဲ့ နိုင်ငံတွေမှာ သွားပြီးတော့ မှတ်ပုံတင်ကြတယ်။ ဒါပေမယ့် တဘက်ကလည်း ပြန်ရှင်းတာက သူတို့ Products တွေက တကမ္ဘာလုံးဖြန့်တယ်။ သူတို့က ဘယ်အရင်းအမြစ်မှ သုံးတာမဟုတ်ဘူး။ တရုတ်မှာ Manufacture လုပ်တယ်ဆိုရင် တရုတ်မှာ ပစ္စည်းထုတ်တယ်ဆိုရင် တရုတ်ကလူတွေ အများဆုံးခန့်တယ်။ အာဖရိကမှာ ထုတ်တယ်ဆိုရင်လည်း အာဖရိကကလူတွေ အများဆုံးခန့်တာ။ တကမ္ဘာလုံးဖြန့်ကျက်ပြီးတော့ တကမ္ဘာလုံးက လူတွေကို အလုပ်ခန့်ပြီး လုပ်တာဖြစ်တဲ့အတွက် ဒီလိုကုမ္ပဏီတွေက ပြဿနာ မရှိနိုင်ဘူး။ အဲလိုမဟုတ်ဘဲ ကျနော်ခုနပြောသလို နိုင်ငံတနိုင်ငံရဲ့ သဘာဝသယံဇာတကို အခြေပြု၊ အဲဒီနိုင်ငံက ပစ္စည်းတွေကိုထုတ်၊ အဲဒီနိုင်ငံက သယံဇာတတွေကို ထုတ်ပြီးတော့ အဲဒီနိုင်ငံမှာ အမြတ်ရပြီးတော့ အဲဒီနိုင်ငံမှာ အခွန်မဆောင်ချင်တဲ့အတွက်၊ နောက်နိုင်ငံမှာ အမြတ်ကို ရွှေ့တဲ့ဟာမျိုးကျတော့ ဒါက စဉ်းစားရမယ့်ကိစ္စ၊ ဖော်ထုတ်ရမယ့်ကိစ္စတွေ၊ ကြပ်မတ်ရမယ့်ကိစ္စတွေ ဖြစ်လာပြီပေါ့။ အဲတော့ ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အခွန်စနစ် တင်းကျပ်ဖို့ လိုလာပြီ။ နောက်တခါ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေမှာ စည်းမျဉ်းစည်းကမ်းတွေတင်းကျပ်ဖို့ လိုလာပြီ။ တနည်းအားဖြင့် ပြည်သူတွေအပေါ်မှာ၊ လူအများစုအပေါ်မှာ တာဝန်ခံမှုရှိတဲ့၊ တာဝန်ယူမှုရှိတဲ့ စီးပွားရေးတွေ ဖြစ်ဖို့အတွက် တနည်းအားဖြင့် တာဝန်ကျေဖို့အတွက်၊ ရသင့်ရထိုက်တဲ့ အခွန်တွေထမ်းဖို့အတွက် တင်းကျပ်ဖို့ လိုလာပြီဆိုတဲ့ တပ်လှန့်နှိုးဆော်တဲ့ဟာတော့ ဖြစ်လာပါတယ်။ မေး - လက်ရှိ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှု အခြေနေအရကော၊ အစိုးရသစ်ရဲ့ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေနဲ့ကော ဘယ်လိုအခြေအနေရှိလဲ။ သဟဇာတဖြစ်ရဲ့လား။ ပံ့ပိုးမှုရှိလား။ ဒါမှမဟုတ် စိန်ခေါ်မှုတခုခုရှိနေလား။ ဖြေ - အခုမြင်တာကတော့ အစိုးရသစ်အနေနဲ့ကတော့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်တဲ့ကိစ္စ၊ ဆန်စပါး တင်ပို့ရောင်းချတဲ့ကိစ္စက ယခင်အစိုးရရဲ့ မူဝါဒတွေအတိုင်း၊ ယခင်အစိုးရ ဆောင်ရွက်ထားတဲ့အတိုင်း ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ ထူးထူးခြားခြား ပြောင်းလဲတာတော့ မတွေ့သေးဘူး။ စိုက်ပျိုးရေးအနေအထားမှာတော့ ယခင်ကတော့ ပုလဲသွယ်စပ်မျိုးစပါးကို ဦးစားပေးတယ်။ အခု ဒါကို ဦးစားမပေးဘူးဆိုတဲ့ အနေအထားမျိုးပဲ တွေ့ရတယ်။ ဒါလည်း ကိုယ်မြင်တာကတော့ သိပ်အရေးကြီးတဲ့ကိစ္စ မဟုတ်ဘူး။ ပုလဲသွယ်စိုက်တာ၊ ပုလဲသွယ်ကို ဆက်စိုက်တော့တာ၊ မစိုက်တော့တာ ဒါ ကြီးမားတဲ့ သက်ရောက်မှု မရှိနိုင်ဘူး။ လတ်တလော ဖြစ်နေတာကတော့ တောင်သူတွေမှာကော၊ စက်ပိုင်တွေမှာကော၊ ကုန်သည်တွေမှာကော၊ ကုမ္ပဏီတွေမှာကော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မျိုးစုံရှိတယ်။ မျိုးစေ့ကနေစပြီးတော့ သွင်းအားစုရော၊ ငွေကြေးနဲ့ ဘဏ္ဍာတွေကော ဒါတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့်၊ ချက်ချင်းမဖြေရှင်းနိုင်ရင်တောင်မှ ရေရှည်မှာ ဖြေရှင်းနိုင်မယ့်မူဝါဒနဲ့၊ နောက်တခါ ဒီဟာကို ဆောင်ရွက်မယ့်၊ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ပုဂ္ဂလိက၊ အစိုးရ၊ ပညာရှင်၊ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ပညာရှင်၊ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေ၊ ပုဂ္ဂလိကပိုင်း၊ အစိုးရပိုင်း၊ တောင်သူလယ်သမားတွေပေါ့နော် ပါဝင်ပြီးတော့ ဆွေးနွေးဖို့လိုတယ်။ ဒါအရေးကြီးပါတယ်။ ဒါကို ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့လည်း လိုတယ်။ အဲတော့ အစ်ကိုတို့အနေနဲ့ကတော့ အစိုးရသစ် တာဝန်ယူတာကလည်း တလလောက်ပဲ ရှိသေးတယ်။ ဒီတလအတွင်းမှာ ကျနော်တို့က ကာလတိုမှာ လုပ်လို့ရတဲ့ဟာတော့ အရေးကြီးတာကတော့ စိုက်ပျိုးရေးဘဏ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေကို တိုးပေးသင့်တယ်။ တသိန်းပေးတာကနေ တသိန်းခွဲကို တိုးပေးသင့်တယ်။ နောက်တခါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကိုလည်း စနစ်တကျ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတဲ့ ဟာလေးတွေ အစ်ကိုတို့ တင်ပြပါတယ်။ အဲလိုတင်ပြတဲ့အထဲမှာတော့ ပထမဦးဆုံးအချက်ဖြစ်တဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ စိုက်ပျိုးစရိတ် ချေးငွေတိုးပေးတာတော့ အစိုးရသစ်က ချက်ချင်းလုပ်လို့ရတဲ့အတွက်၊ ချက်ချင်းလုပ်ပေးတဲ့အတွက် အစ်ကိုတို့အနေနဲ့ ကျေးဇူးတင်တယ်။ ဒါအသိအမှတ်ပြုရမယ့် ကိစ္စပေါ့နော်။ နောက်တခုကတော့ လုပ်ရမယ့်ဟာတွေ အများကြီးရှိတဲ့အတွက် ဒီဟာတွေကို ဦးစားပေးအဆင့် သတ်မှတ်ပြီးတော့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ နိုင်ငံတကာအကူအညီတွေ ယူဖို့လိုတယ်။ တောင်သူလယ်သမားတွေအထိ ရောက်အောင် အကူအညီတွေကို ပေးဖို့လိုတယ်။ မေး - ဒါကတော့ နိုင်ငံတော်ရဲ့စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေရဲ့ အခြေအနေပေါ့နော်။ ဒါပေမယ့် လက်ရှိ တကယ့်မြေပြင်မှာ တကယ်စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့ အခြေအနေတွေ၊ သူတို့ရဲ့ စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အသိပညာတွေ။ ဥပမာ ဒီသီးနှံတွေအပေါ်မှာ သုံးမယ့် မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေက တချို့ အရည်အသွေး မပြည့်တာတို့၊ စံချိန်မမီတာတို့၊ သုံးစွဲဖို့ နည်းစနစ်တွေ မမှန်ကန်တာတွေက တကယ့်ကုန်ပစ္စည်းထုတ်လုပ်တဲ့ နေရာမှာ လိုက်ပြီးတော့ ယှဉ်လာရင် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိလဲ။ အဲဒီအပေါ်မှာကော ဘယ်လိုတွေ လုပ်ဆောင်သင့်လဲ။ ဖြေ - ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေ ဒါတွေရှိပြီးသားပေါ့။ ဒါပေမယ့် ခုနကပြောသလို အစ်ကိုတို့အနေနဲ့ ဒီဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုတယ်ပေါ့နော်။ အစ်ကိုတို့တိုင်းပြည်က တရုတ်နိုင်ငံဆိုလည်း အကျယ်ကြီးပဲ ထိစပ်နေတယ်။ ထိုင်းလည်း အကျယ်ကြီး ထိစပ်နေတယ်။ အိန္ဒိယလည်း အကျယ်ကြီးပဲ။ Border ဆိုတာ ကီလိုမီတာ ၂၀၀၀ နီးပါးလောက် တနိုင်ငံချင်းစီနဲ့ ထိစပ်နေတဲ့အခါမှာ Border တွေကနေ၀င်လာတဲ့ တချို့ဆိုရင် အရည်အသွေး အဆင့်မမီရုံတင်မကဘူး။ အရည်အသွေးနိမ့်တာထက် လုံးဝ အတုဖြစ်တာတွေအထိပါ ပါတယ်ပေါ့နော်။ အဲတော့ ဒီဟာတွေဟာ တောင်သူတွေအတွက် ကိုင်တွယ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ အနံ့ရတာပဲဖြစ်ဖြစ် ဒီလိုအဆိပ်ငွေ့တွေ ပါလာတာမျိုးတွေ။ နောက်တခါ မသုံးသင့်တဲ့ဟာတွေပေါ့နော် စီးပွားရေးအရ ဆုံးရှုံးတာထက် လူကိုပါ အန္တရာယ် ပေးနိုင်တဲ့အဆင့်ထိ ပြင်းထန်တဲ့ဆေးတွေ ပါလာတာမျိုးတွေ ဖြစ်တတ်တယ်။ စံချိန်စံနှုန်းတွေ မမှန်ကန်တဲ့အတွက် ဆင်းရဲတဲ့ တောင်သူတွေအပေါ်မှာ ငွေကြေး အမြတ်ထုတ်သလို ဖြစ်တယ်။ နောက်တခါ တချို့ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး၊ နယ်စပ်ကနေ၀င်လာတဲ့ ဆေးဝါးတွေဟာ အိတ်တွေမှာ ဖော်ပြထားတာ မြန်မာတွေနားမလည်တဲ့ တရုတ်လိုမျိုးတွေ၊ အခြားဘာသာစကားတွေ ဖြစ်နေတာတွေ ဒါမျိုးတွေရှိပါတယ်။ ဒါတွေကို စနစ်တကျ ဖော်ထုတ်ပြီးတော့ နယ်စပ်ကိုလည်း တင်းကျပ်သင့်တယ်။ တွေ့ဆုံမေးမြန်းသူ - အောင်ထွန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024