DVB Logo
Home
မြန်မာသတင်း
မိုးဗြဲဆည်ရေလွှတ်သဖြင့် လွိုင်ကော် အပါအ၀င် ရွာအချို့ရေကြီး
DVB
·
September 8, 2011
မိုးဗြဲဆည်ရေလွှတ်သဖြင့် လွိုင်ကော် အပါအ၀င် ရွာအချို့ရေကြီး
Donate to DVB

ကယားပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးဗြဲရေကာတာ ရေလျှံပြီး ရေလွှတ်နေတဲ့အတွက် လွိုင်ကော်မြို့ အပါအ၀င် အနီးအနားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ဒေသခံတွေ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရပါတယ်။

[caption id="attachment_15301" align="alignright" width="310" caption="ဓာတ်ပုံ-ခူးကယား​"][/caption]

မိုးသည်းထန်မှုနဲ့ အထက်ပိုင်းမှာရှိတဲ့ အင်းလေးကန် ရေကြီးရာကနေ မိုးဗြဲရေကာတာဟာ  စိုးရိမ်ရေမှတ်ထက် ကျော်လွန်တဲ့အတွက် ရေတွေ လွှတ်ချမှုကြောင့် လွိုင်ကော်မြို့ကို ဖြတ်စီးဆင်းနေတဲ့ ဘီးလူချောင်းရေကြီးပြီး ချောင်းဘေးနေသူတွေ ရေဘေးကြုံရသလို လွိုင်ကော်မြို့ အနီးနားက ရွာငယ်တချို့လည်း ရေနစ်မြုပ်ကုန်တယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“လွိုင်ကော်မြို့ ဘီလူးချောင်းဘေး ကမ်းစပ်က အိမ်တွေကတော့ ရေဝင်တယ်၊ ဘုရားဖြူတို့၊ ဘုရားနီတို့၊ ဖောင်းတော ရွာတွေကတော့ အိမ် ၁၀ လုံးလောက်ပဲ ကျန်တယ် ကျန်တဲ့အိမ်တွေ အကုန်မြုပ်နေတယ်။ မြုပ်နေတယ်ဆိုတာက အိမ်မှာ လူနေလို့ မရဘူးပေါ့၊ ခါးလောက်အထိ ရောက်နေတာပေါ့။”

ရေကြီးတဲ့ရွာကလူတွေ မြို့တွင်းက ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြသလို ကျောင်းတွေလည်း ပိတ်ထားရတယ်လို့  မြို့ခံက ပြောပါတယ်။

ရေကြီးတာဟာ ရက်သတ္တပတ်လောက် ရှိနေပြီဖြစ်ပေမယ့် ရေဘေး ဒုက္ခသည်တွေကို အဖွဲ့အစည်းတွေက ကူညီတာမရှိဘဲ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ လုပ်ဆောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“လွိုင်ကော်မြို့ အရှေ့ဘက် အနိမ့်ပိုင်းနေရာတွေကတော့ တော်တော်မြုပ်တာပေါ့။ နီးစပ်တဲ့ရွာတွေကလည်း ချောင်းကနေတဆင့် သူတို့ရွာထဲ မ၀င်အောင် မြေကြီးတွေ သယ်ပြီး အ၀တွေမှာ လိုက်ပုံထားတယ်။ အကူအညီတအားကြီး ပေးတာတွေ မတွေ့ရဘူး။ ပါးစပ်တွေကတော့ ပြောနေကြတာပဲ။ တကယ်လက်တွေ့ကတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ပဲ လုပ်နေကြတာ တွေ့ရတယ်။”

လွိုင်ကော်မြို့နယ်မှာ အခုလို ရေကြီးမှုမျိုး အရင်က မဖြစ်ခဲ့ဖူးကြောင်း၊ သူနေထိုင်တဲ့ ၁၅ နှစ်အတွင်း အဆိုးဝါးဆုံးရေကြီးတာလို့ ပြောပါတယ်။

မြို့တွင်းရေ၀င်တဲ့အပြင် အနီးနားကျေးရွာတွေက လယ်ခင်းတွေ ရေမြုပ်ပြီး စပါးပျက်စီးရမယ့် အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း ရှမ်းပြည်နယ်မြို့တော် ညောင်ရွှေမြို့နယ်နဲ့ ရွှေညောင်မြို့နယ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။

ညောင်ရွှေမြို့အောက်ဘက် အင်းလေးဒေသမှာ ရေကြီးပြီး အင်းလေးကန်နဲ့ ဆက်စပ်နေတဲ့ ရွာသာကျေးရွာအုပ်စု၊ ဆီလှော်ကျေးရွာ အုပ်စုနဲ့ ရွှေညောင်မြို့ပေါ် ရပ်ကွက် ၄ ခုမှာ  ရေနစ်မြုပ်ခဲ့ပါတယ်။

ဒီလိုရေနစ်မြုပ်မှုကြောင့် ရိတ်သိမ်းရမယ့်လယ်ဧက ၁၅၀၀ ထဲက ၈၅ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013