Home
မြန်မာသတင်း
စီမံကိန်းစိုက်ခင်းပျက်စီးမှု ရွာသားများ ထပ်မံဖမ်းဆီးခံရ
အေးနိုင်
·
September 8, 2011
ပြင်ဦးလွင်မြို့နယ် ညောင်ကုန်းရွာသား လေးဦးကို အစိုးရစီမံကိန်း စိုက်ခင်း ဖျက်ဆီးမှု သံသယနဲ့ ထပ်မံ ဖမ်းဆီးလိုက်ပြန်အတွက် စုစုပေါင်း ဖမ်းဆီးခံရတဲ့ ရွာသားရှစ်ဦး ဖြစ်သွားပါပြီ။ မေမြို့လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့အပိုင် ညောင်ကုန်းရွာသားတွေက သူတို့လယ်တွေပေါ်မှာ စိုက်ထားတဲ့ အစိုးရကော်ဖီစိုက်ခင်းတွေကို အခုလ လေးရက်နေ့က ဒါးကောက်တွေနဲ့ ခုတ်ထွင်ဖျက်ဆီးခဲ့ပြီးတဲ့နောက် အစိုးရဘက်က ဒုတိယမြောက် ဖမ်းဆီးမှု ဖြစ်ပါတယ်။ အခုလ ၄ ရက်နေ့ ကော်ဖီခင်းတွေ ပျက်စီးပြီးတဲ့နောက် ရဲက ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်နဲ့ သူ့ဇနီး ဒေါ်ခင်ဝင်း စတဲ့ရွာသားငါးဦးကို ခြောက်ရက်နေ့မှာ ဖမ်းပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ ဒေါ်ခင်ဝင်း ပြန်လွတ်သလို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ရွာကို လာရောက်ဖြေရှင်းပါတယ်။ တွေ့ဆုံပွဲအပြီး အာဏာပိုင်တွေဘက်က ရွာသားလေးဦးကို ခဏလိုက်ခဲ့ပါဟု ခေါ်ဆောင်သွားပြီး အချုပ်ထဲကို ထည့်ထားလိုက်တာလို့ ဒီဆွေးနွေးပွဲမှာ ရွာသားတွေဘက်ကနေ ဦးဆောင်ရှင်းပြတဲ့  ရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဦးမာနိတက အခုလို မိန့်ကြားပါတယ်။ “လေးယောက်ကို ထပ်ပြီးတော့မှ ခေါ်သွားတယ်။ ခဏလောက် ဒီအမှုကိစ္စကို မြန်မြန်ပြီးသွားအောင်လို့ ထည့်လိုက်ပါဦးဆိုလို့ ထည့်ပေးလိုက်တဲ့အခါကျတော့ သူက ကျေးရွာမှာတင်ပဲ သက်ဆိုင်ရာရုံးမှာ ခဏ ရှင်းပြီးတော့မှ လွှတ်ပေးလိုက်မယ်လို့ ပြောသွားတာ၊ ပြီးတော့ အဲ့လိုမဟုတ်ဘဲ သူတို့က ရဲစခန်းအထိ တိုက်ရိုက် ခေါ်သွားပြီးတော့ ချုပ်ထားလိုက်တယ်။” ဆရာတော်က အုပ်ချုပ်ရေးမှူးထံ ဖြစ်ပျက်ပုံကို ဖုန်းနဲ့မေးတဲ့အခါ လိုအပ်လို့ ဖမ်းဆီးတာ ဖြစ်တယ်၊  ထပ်ဖမ်းလို့ရသေးပြီး လောလောဆယ် ထပ်မံဖမ်းဆီးဖို့ အစီအစဉ် မရှိသေးတဲ့အကြောင်း ဖြေကြားတယ်လို့ ဆရာတော်က မိန့်ပါတယ်။ မနေ့က ထပ်ဖမ်းခံရတဲ့ ရွာသားတွေဟာ ကိုနေ၀င်း၊ ကိုအေးကို၊ ဦးသိန်းဖေနဲ့ နောက်တဦးဖြစ်ပြီး ညောင်းကုန်းကျေးရွာအပိုင် ၀က်ဝံကျေးရွာရဲစခန်းမှာ ချုပ်နှောင်ထားသလို ပြင်ဦးလွင်မြို့ရဲစခန်းမှာ ချုပ်ထားသူလေးဦးကိုလည်း ခေါ်ဆောင်လာပြီး အတူပေါင်းထည့်ထားလိုက်ပြီလို့ ဆရာတော်က မိန့်ပါတယ်။ ဒီကနေ့မှာလည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ညောင်ကုန်းရွာကို ထပ်လာမယ်လို့ အသိပေးခဲ့တာကြောင့် ရွာသားတွေ စောင့်နေကြပေမယ့် ဒီနေ့ ညနေစောင်းတဲ့အထိ မရောက်လာကြသေးပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က ပြေလည်အောင် ဖြေရှင်းတာထက် ဥပဒေနဲ့ အကြိမ်ကြိမ် ခြောက်လှန့်နေတာကြောင့် ရွာသားတွေ အားငယ်နေကြ တယ်လို့ ဆရာတော် ဦးမာနိတက မိန့်ကြားပါတယ်။ “ငါတို့မှာ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အားကိုးရာမဲ့ ဖြစ်နေတယ်။ သူတို့ ပြောတာပဲ အကုန်လုံးလက်ခံပြီးတော့ နားထောင်နေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဘယ်သူ့မှလည်း အားကိုးစရာ မရှိဘူး ဖြစ်နေတယ်၊ ဘယ်သူမှ ခေါင်းမထောင်ရဲဘူး ဖြစ်နေတယ်။ ရွာသားတွေလည်း အကုန်လုံး အားငယ်နေကြတယ်ကွာ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024