DVB Logo
Home
မြန်မာသတင်း
ဝတပ်ဖွဲ့နှင့်မိုင်းလားအဖွဲ့တို့ကို အစိုးရကိုယ်စားလှယ်နှစ်ဦး တွေ့ဆုံ
DVB
·
September 8, 2011
ဝတပ်ဖွဲ့နှင့်မိုင်းလားအဖွဲ့တို့ကို အစိုးရကိုယ်စားလှယ်နှစ်ဦး တွေ့ဆုံ
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထဲမှာ အင်အား အကောင်းဆုံးဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်နှစ်ဦး စက်တင်ဘာ ၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ဝတပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး တာဝန်ခံ ပေါက်ယိုလျှံ၊ ပြည်ပဆက်သွယ်ရေး တာဝန်ခံ ကျောက်ကော်အန်းနဲ့ ပြန်ကြားရေး အရာရှိ ဦးအောင်မြင့်တို့က အစိုးရကိုယ်စားလှယ် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းဇော်၊ ဦးအောင်သောင်းတို့နဲ့ ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တယ်လို့ ဝတပ်ဖွဲ့နဲ့ နီးစပ်တဲ့သတင်းရပ်ကွက်အရ သိရပါတယ်။

တွေ့ဆုံပွဲအတွင်း အပစ်ခတ်ရပ်စဲရေးကို ဆက်ထိန်းသိမ်းသွားကြဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားကြဖို့သာ ပြောဆိုခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ဆွေးနွေးတာ မရှိဘူးလို့ သိရပါတယ်။

ဆွေးနွေးမှုနဲ့ပတ်သက်လို့ တရုတ်- မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင် ကျော်ဇောက     “အရင်တုန်းက နယ်ခြားစောင့်တပ် မလုပ်တဲ့အတွက် ၂ လပိုင်းက ထုတ်ပြန်တဲ့ သူတို့ရဲ့ အတွင်းပိုင်း ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာက ဒီအဖွဲ့အစည်းတွေဟာ ၂၀၁၁ထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းတာကို လက်မခံရင် ဒါဟာအဖျက်အမှောင့် လုပ်ငန်းတွေ လုပ်တယ်၊ သောင်းကျန်းသူ အဖွဲ့အစည်းတွေ ဖြစ်တယ်၊ ဖြတ်လေးဖြတ်နဲ့ လုပ်မယ်ဆိုပြီး အကုန်လုံးကို ဟိုကပိတ် ဒီကပိတ် တပ်တွေဖြန့်တယ်၊ နဂိုက သဘောတူညီထားတဲ့ ဖွံ့ဖြိုးရေးအဖွဲ့တွေ ပြန်ခေါ်သိမ်း လုပ်ပြီးတော့မှ အခုတခါ သူတို့ အကျပ်အတည်းဖြစ်နေတယ်၊ နိုင်ငံတကာမှာလည်း အစိုးရသစ် တက်ပြီး တဖွဲ့ပြီးတဖွဲ့နဲ့ တိုက်နေတယ် ဆိုတာမျိုး ဖြစ်နေတော့ အစိုးရက ဒီအဖွဲ့ကို လာပြီးတော့ ချော့တာပေါ့” လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ အစိုးရတပ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံတဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)နဲ့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ရင်ဆိုင်နေရသလို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စက်တင်ဘာလ ၇ ရက် မနေ့ကလည်း အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်၊ ရှမ်းပြည် အရှေ့ပိုင်းအထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့မှ ကိုယ်စားလှယ်တွေနဲ့ ဦးသိန်းဇော်၊ ဦးအောင်သောင်းတို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပြီး အလားတူ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဝတပ်ဖွဲ့ဟာ ၁၉၈၉ခုနှစ် ဧပြီလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ကာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပါတယ်၊ ရှမ်းပြည်အထူးဒေသ ၂ အဖြစ် ရပ်တည်ခွင့် ရှိခဲ့ပြီး လက်နက်ကိုင် အင်အား သုံးသောင်းဝန်းကျင် ရှိနေပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်းက စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် ဌာနေပြည်သူ့စစ် အသွင်ပြောင်းဖို့  စစ်အစိုးရက ဖိအားပေး ပြောဆိုလာခဲ့ရာ ဝတပ်ဖွဲ့က ငြင်းဆိုခဲ့ပြီးနောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။

တဖက်နဲ့တဖက် စစ်ရေးပြင်ဆင်တာတွေ လုပ်ခဲ့သလို ဝဒေသအတွင်း ရောက်ရှိနေတဲ့ ကျန်းမာရေး၊ ပညာရေး အစိုးရဝန်ထမ်းတွေကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အထိ ဆက်ဆံရေး ပြတ်တောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013