ဒီကေဘီအေနှင့် အစိုးရ တိုက်ပွဲဖြစ်
နော်နိုရင်း
·
September 8, 2011
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေတို့အကြား မနေ့ နေ့ခင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကလိုထူးဝါးစစ်ဗျူဟာရဲ့ ရုံးထိုင်မှူး ဗိုလ်မှူးစောဝေထူးက ပြောပါတယ်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့တွေက မြ၀တီ-ဘားအံ-သထုံ သွားတဲ့ လိုင်းကားတွေနဲ့ ကုန်တင်ကားတွေဆီကနေ အခွန်ကောက်ခံဖို့အသွား ကော့ကရိတ်နဲ့ မြ၀တီမြို့အကြားက တောင်ကြောမှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ဒီကေဘီအေက တပ်ရန်ပုံငွေအတွက် ငွေကောက်ခံဖို့ ကားသမားတွေကို ခေါ်ယူညှိနှိုင်းတာလို့ ဆိုပါတယ်။ ၁၀ ဘီးကား တစီးကို တနှစ်စာအတွက် သိန်း ၃၀ ကောက်ခံပြီး လိုင်းကားတစီးကိုတော့ ၂ သိန်းခွဲ ကောက်ခံတာလို့ ဆိုပါတယ်။
သူတို့ကောက်ခံရတဲ့ ငွေတွေကို သူတို့တပ်ရဲ့ ကုန်ကျစရိတ်အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။