DVB Logo
Home
မြန်မာသတင်း
အမျိုးအမည်မသိ အရက်သောက်မိသဖြင့် ဆေးရုံရောက်လူနာ တဦး ထပ်မံသေဆုံး
DVB
·
September 8, 2011
Donate to DVB

ဧရာဝတီတိုင်း လပွတ္တာခရိုင် ပြင်စလူမြို့နယ်ခွဲမှာ ပင်လယ်ရေထဲ မျောလာတဲ့ ပုံးထဲက အရည်ကိုသောက်မိလို့ ၅ ဦးသေဆုံးခဲ့ပြီး ဆေးရုံရောက်တဲ့ လူနာ ၂၇ ဦးထဲက ၁ ဦး မနေ့က ထပ်မံ သေဆုံးသွားပါတယ်။

ပြင်စလူမြို့နယ်ခွဲ ပြင်လမ်းကျေးရွာအုပ်စု မင်္ဂလာတောင်တန်းရွာမှာ ခုလဆန်း ၂ ရက်က ရွာသားတချို့ဟာ ပင်လယ်ကမ်းစပ်အနီး  ပလတ်စတစ်ပုံးတလုံးကို ဆယ်ယူရရှိပြီး ပုံးထဲကအရည်ကို အရက်မှတ်ပြီး သောက်ခဲ့ပါတယ်။

ဒါ့အပြင် ကျန်တာတွေကို အရက်ဆိုင်ကို သွားရောင်းလို့ ဆိုင်က ရေနဲ့စပ်ပြီး ပြန်ရောင်းချခဲ့ပါတယ်။ ဒီအရည်ကို သောက်ခဲ့သူတွေဟာ နောက် ၂ ရက်လောက် အကြာမှာ မူးဝေအော့အန်ပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာပါ။

လပွတ္တာမြို့နယ် သုံးမိုင် ကုတင် ၂၀၀ ဆေးမှာ ၂၇ ဦးကို ကုသပေးနေပြီး အဲဒီထဲက တဦး မနေ့က ထပ်မံသေဆုံးသွားပါတယ်။

ခုချိန်ထိ ပုံးထဲပါလာတဲ့အရည်ဟာ ဘာအရည်မှန်း မသိရသေးဘဲ ဆေးရုံက မသနောလို့ ယူဆပြီး ခန့်မှန်း ကုသနေကြောင်း၊ လက်ကျန်အရည်ကို ဓာတ်ခွဲ စမ်းသပ်ဖို့ ရန်ကုန်ပို့ထားတယ်လို့  လပွတ္တာမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့မြို့မှာက ဓာတုဗေဒ ဓာတ်ခွဲခန်း မရှိဘူး။ ဓာတ်ခွဲစမ်းသပ်တာက ပြန်ပို့မှ အဖြေရမယ်ဆိုတော့ အခုထိ  ဘာပစ္စည်းရယ်လို့ အဖြေမရနိုင်သေးဘူး။ မှန်းပြီးတော့သာ မတ်သနောလို့ ပြောတဲ့အတွက် သူ့ရဲ့ ကုစားမှုထုံးအနေနဲ့ အရက်တိုက်ပြီးတော့ ပြန်ဖြေတယ်။ ဆေးထိုးတာကတော့ ဆရာဝန်အပိုင်း၊ ကျနော်တို့က မေးလို့လည်း မရဘူး။ မသနောလို့ ပြောတဲ့အတွက် ဝိုင်အရက်နဲ့ ဖြေရမယ်လို့ သူတို့က သုံးသပ်ချက်ပေးထားတယ်။ ဝိုင်က ဒီမှာ မရှိတော့ Grand Royal ဝီစကီနဲ့ ၂ ပတ် တိုက်ပြီးတော့ ဖြေဆေး ပေးထားတယ်လို့ပဲ ပြောတယ်။”

မတ်သနောဆိုတာဟာ အရက်ပျံအမျိုးအစားဝင် ဓာတုဆေးတမျိုး ဖြစ်ပါတယ်။

ဒီအရည်ကို သောက်မိသူတွေဟာ မင်္ဂလာတောင်တန်း ရွာသားတွေသာမက သူ့အနီးနားရွာတွေ ဖြစ်တဲ့ အောင်လှိုင်နဲ့ ပိုးလောင်ကြီးကျေးရွာက ရွာသားတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအရည်ကို သောက်မိတဲ့ အောင်လှိုင်ကျေးရွာက ရွာသားတဦးလည်း ထပ်မံသေဆုံးကြောင်း လပွတ္တာမြို့ခံက ပြောပါတယ်။

လူနာတွေ အခြေအနေ သိရဖို့ လပွတ္တာမြို့နယ်  ဆေးရုံကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013