အစိုးရစစ်တပ်က ရှမ်းရွာသားများကို ပေါ်တာဆွဲ
DVB
·
September 8, 2011
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ် ရွာသား ၁၆ ဦးကို အစိုးရစစ်တပ်က ပေါ်တာ ဖမ်းသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့ အမှတ် ၂ ခြေလျင်တပ်ရင်းက စစ်သားတွေက လုံဖိုင်ရွာနဲ့ ဟိုင်းဟွမ့်ရွာတို့က ရွာသားတွေကို ယခုလဆန်း ၄ ရက်နေ့ မနက်ကတည်းက ဖမ်းသွားတာ ခုထိ ရွာပြန်မရောက်သေးဘူးလို့ ရွာသားတဦးက ပြောပါတယ်။
ပေါ်တာအဆွဲခံရတဲ့ ရွာသားတွေဟာ အစိုးရစစ်ကြောင်းမှာ စစ်အသုံးအဆောင် ပစ္စည်းတွေ ထမ်းပိုးပေးရပြီး တချို့လည်း ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။ ပေါ်တာပါ သွားတဲ့ ရွာသားတွေဟာ မိုင်းနောင်ကနေ မိုင်၂၀ ဝေးတဲ့ မိုင်းရှူးမြို့နယ်အထိ တောလမ်းကနေ ခြေလျင်ထမ်းပိုးသွားကြရတာဖြစ်ပြီး ရွာကို ပြန်မရောက်ကြသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။
ရွာသားတွေကိုဖမ်းသွားတဲ့ တပ်ရင်းက ဒု-ဗိုလ်မှူးကြီးကျော်စွာဟိန်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၈၀ ကျော်ဟာ ရွာသားတွေရဲ့ အိမ်မွေးကြက်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကိုလည်း အခမပေးဘဲ ယူသွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။