Home
မေးမြန်းခန်း
၂၁ ရာစုပင်လုံညီလာခံက သြဂုတ်လမှာ စတင်နိုင်ပါလိမ့်မယ် - ဦးလှမောင်ရွှေ
အေးနိုင်
·
May 31, 2016
နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် အကြိုပြင်ဆင်ရေးကော်မတီနဲ့ ဆပ်ကော်မတီတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ NRPC တွေကို ဖွဲ့စည်းကြောင်း ဒီကနေ့ အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရသစ်ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) အတွင်းရေးမှူး ဦးလှမောင်ရွှေကို ဆက်သွယ် မေးမြန်းပါတယ်။ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို အခုအသစ်လုပ်မယ့် ဖွဲ့စည်းပုံ အကြမ်းဖျဉ်းလေးသိပါရစေ။ ဥက္ကဋ္ဌ အတွင်းရေးမှူးအဖွဲ့ဝင်ပုံစံလား။ “ကျနော်တို့ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ အန်စီအေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးပြီးတော့ ၁၆ ရက်နေ့မှာပဲ Joint Implementation and Cooradion Meeting ပေါ့။ ဒါကတော့ meeting ပါ၊ ကော်မတီ မဟုတ်ပါဘူး။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ပဲပါပါတယ်။ အဲဒီကနေပြီးတော့မှာ UPDJC ကို အန်စီအေရဲ့ ပြဌာန်းချက်အတိုင်း စပြီးတော့ ဖွဲ့ခဲ့ပါတယ်။ အဲဒီဖွဲ့တုန်းကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဲပါပါတယ်။ နောက်ပိုင်းမှာ ၂၀၁၅ နိုဝင်ဘာလ ၂၄ ရက်မှာကျတော့ ပြန်ပြီးတော့ နိုင်ငံရေးပါတီပါ ပါပါတယ်။ ဆိုတော့ အဲဒီအချိန် အဲဒီအခါတုန်းကတော့ အန်စီအေမှာ အတိအကျ မပြဌာန်းထားသော်လည်း ၁၆ ဦးစီ ပါဖို့လို့ ဆုံးဖြတ်ထားတဲ့အတွက် ၁၆ အမြှောက် ၁၆ အမြှောက် ၁၆ ပေါ့နော် သုံးဖွဲ့ကနေပြီးတော့ UPDJC စဖွဲ့တယ်ပေါ့။ အစည်းအဝေးက ၅ ကြိမ်လောက် လုပ်နိုင်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလုပ်ခဲ့တယ်။ အခုဒီဘက် မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှာ အစိုးရအဖွဲ့သစ်ပြောင်းသွားတော့ UPDJC ကို ပထမဦးဆုံးအကြိမ် အစည်းအဝေးပြန်ခေါ်လာ တာ အခု မေလ ၂၇ ရက်နေ့မှာ ခေါ်ခဲ့တာပေါ့။ အဲဒီတော့ အရင်ဖွဲ့စည်းပုံနဲ့ဘာတွေကွာလဲလို့ ပြောရင်တော့ ၁၆ ဦးတွေကိုတော့ ပြောင်းတာ မတွေ့ရဘူး။ အစိုးရကတော့ အသစ်ဖြစ်တဲ့ အတွက် အစိုးရထဲက ပါဝင်တဲ့သူတွေကိုတော့ ပြောင်းလဲထားတာရှိတယ်။ ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ်ပါဝင်တယ်။ အရင်အစိုးရတုန်းကတော့ ဒုသမ္မတ ၁ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌလုပ်တယ်ပေါ့။ နောက်တခုက ဒီအတွင်းရေးမှူးဆိုတာ ကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဘက်မှာ အတွင်းရေးမှူးတယောက်စီ ၃ ယောက်၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှာ ၃ ယောက်နဲ့ နိုင်ငံရေးပါတီဘက်မှာ ၃ ယောက် ဒါကတော့ မပြောင်းဘူးခင်ဗျ။ နောက်တခု ကွဲပြားတာကတော့ နိုင်ငံရေးပါတီထဲက ၁၆ ယောက်ကိုတော့ အနိုင်ရပါတီထဲကနဲ့ ပြန်လည်ဖွဲ့စည်းဖို့ ဆိုတာလေးကို ဆွေးနွေးချက်ရှိတယ်ပေါ့။ အဲဒါတော့ အခု ဆောင်ရွက်နေဆဲဖြစ်တယ်။ ကျန်တာကတော့ အများကြီးမပြောင်းဘူးဗျ။” အစိုးရ၊ တပ်၊ လွှတ်တော် အစုအဖွဲ့မှာ အရင်အစိုးရလက်ထက်ကက်ာမတီဝင်ဟောင်း ဘယ်နှစ်ဦးလောက် ပြန်ပါသလဲ။ “အစိုးရ၊ တပ်မတော်၊ လွှတ်တော် ၁၆ ဦးကတော့ တပ်မတော် ၅ ဦးကတော့ အရင်ကတည်းက ၅ ဦးပဲ ပြန်ပါတယ်။ လွှတ်တော် ၂ ဦးကတော့ လူသစ် ၂ ယောက်ပါလာတယ်။ နောက်ပြီးတော့ အစိုးရရဲ့ ၉ ဦးကတော့ အရင်တုန်းက ဒု ရှေ့နေချုပ်က အခု ရှေ့နေချုပ်အနေနဲ့ ပါလာတယ်။ နောက် ကျနော်ပါတယ်။ ၂ ယောက်ပါတယ်ပေါ့။ ကျနော်က အရင်တုန်းကလည်း အတွင်းရေးမှူး ပါပဲ၊ အခုလည်းအတွင်းရေးမှူးပါပဲ။” နိုင်ငံရေးပါတီများအစုအဖွဲ့ ၁၆ ယောက်စုဖွဲ့မှု အခြေအနေက အစိုးရက ဦေးဆာင်ဖွဲ့ဖို့ပေါ့ သဘောတူတယ်နော်။ ရွေးကောက်ပွဲမှာ အနိုင်ရပါတီက ၂၂ ပါတီ၊ လိုတာက ၁၆ ဦးဆိုတော့ ၆ ဦးဖြုတ်ရမယ့် အနေအထားဆိုတော့ ဘယ်လိုလုပ်မလဲ။ “အဲဒါတော့ အကောင်းဆုံးနည်းလမ်းကိုပြန်ပြီးရှာဖို့ပါပဲ။ အဲဒါအတွက် စဉ်းစားနေတာ ရက်ပိုင်း အတွင်းမှာတော့ ကျနော်တို့ စဉ်းစားချက်တွေပြီးသွားရင်တော့ ဆုံးဖြတ်ချက်ထွက်လာ မှာပါ။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းစုဖွဲ့မှု ၁၆ ယောက်က ဘယ်လိုဖြစ်လာမလဲ။ အန်စီအေ လက်မှတ်မထိုးသေးတဲ့အဖွဲ့ တွေကလည်း အဲဒီအစုအဖွဲ့မှာ ပါကောင်းပါလာလိမ့်မယ်ဆိုတဲ့ တွက်ဆချက်တွေ ထွက်ပေါ်နေလို့။ “အဲဒါ အရင်ကတည်းကလည်း အဲလိုစဉ်းစားချက်နဲ့ လုပ်ခဲ့တာပါပဲ။ အရင် ကျနော်တို့ ၂၀၁၅ အောက်တိုဘာလတုန်းကလည်း ဒီအတိုင်းပဲ စဉ်းစားတယ်လေ။ ဆိုလိုတာကတော့ အဲဒီတုန်း ကလည်း ၁၆ ဖွဲ့ကို ကျနော်တို့ ဖိတ်ကြားထားတာကိုး။ ၁၆ ဖွဲ့ကို ဖိတ်ကြားတဲ့အတွက် အဲဒီ ၁၆ ဖွဲ့တက်ရောက်နိုင်ဖို့။ ဒါပေမယ့် အခု ၈ ယောက်တက်ရောက်နိုင်တယ်။ ဒါကြောင့်မို့လို့ နောက်အဖွဲ့တွေအတွက် နေရာချန်ထားပြီးတော့ ယာယီအားဖြင့်တော့ ဒီလိုလုပ်ခဲ့တဲ့သဘောပါပဲ။ ဒါပေမယ့် အန်စီအေမှာကတော့ အတိအကျအဖွဲ့ဝင်မပြဌာန်းထားတဲ့အတွက် လိုအပ်လို့ ရှိရင်တော့ ၁၆ ဖွဲ့ထက်တိုးမယ်ဆိုရင်လည်း ဒါ ညှိနှိုင်းပြီး တိုးလို့ရပါတယ်။ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ တွေ့ဖို့ ဆပ်ကော်မတီဖွဲ့ထားတာမှာ ဦးလှမောင်ရွှေ ပါတယ်လို့ သိရပါတယ်။ သူတို့တတွေနဲ့ ဘယ်တော့တွေ့မလဲ။ ဘာတွေ ပြင်ဆင်ထားလဲ။ “အခု ဆက်သွယ်နေတယ်ခင်ဗျ။ ကြားမှာလည်း အကျိုးဆောင်ပေးတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ ကျနော်တို့လည်း တချို့လူတွေနဲ့တော့ တိုက်ရိုက်ပြောနေတယ်။ ဒါဟာလာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့နိုင်ဖို့ ၂ ဖက် ညှိနေပါတယ်၊ တွေ့ဖြစ်ဖို့လည်း များပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ ပါလာနိုင်မယ်ဆိုရင် နဂိုရှိထားတဲ့ နိုင်ငံရေးမူဘောင်ကို အစိုးရ အပြောင်းအလဲမှာ ပြန်သုံးသပ် ကြဖို့ရှိမလား။ မူဘောင်မှာ အပြောင်းအလဲ ကြီးမားနိုင်တာရှိလား။ “အခု ကျနော်တို့အစည်းအဝေးတွေမှာတော့ ဒီအစိုးရသစ်ဘက်က ဒီအတိုင်းပဲ ဆောင်ရွက် မယ်လို့ ထင်ပါတယ်။ အဲဒါကတော့ frame work မူဘောင်ကို ပြန်ပြင်မယ်ပေါ့လေ။ frame work ကို ပြန်ပြင်မယ်ဆိုတဲ့အတွက် အခုနက ခင်ဗျားပြောသလိုပါပဲ ဒါ ပြင်ကိုပြင်မယ့်အနေအထား ရှိပါတယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ frame work က လွယ်လွယ်ကူကူပြင်နိုင်အောင်လို့ အရင်အစိုးရမှာကတည်းက ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အခုလည်း လွယ်လွယ်ကူကူ ပြင်နိုင်ပါလိမ့်မယ်။ အဲဒီတော့ အထူးသဖြင့် တော့ agenda ပေါ့။ agenda မှာတော့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ agenda တွေက များတာပေါ့ဗျာ၊ ဒါကို လျော့ချပြီးတော့ အဓိက agenda ကတော့ နိုင်ငံရေးနဲ့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးမယ်၊ ကျန်တဲ့ စီးပွားရေး၊ လူမှုရေး၊ သယံဇာတပေါ့ ဒါမျိုးတွေကို CSO (---) တွေ၊ အနိုင်မရတဲ့ပါတီတွေ၊ သူတို့ တာဝန်ခွဲပေးလိုက်ပြီးတော့ သူတို့ဘက်က ဆွေးနွေးပြီးမှ ပြန်တက်လာဖို့ဆိုတဲ့ဟာမျိုးရှိပါတယ်။ အဲဒါ အသေးစိတ်ကိုတော့ ကျနော့်အမြင်တော့ အဲဒီ UPDJC မှာ ပြန်ညှိနှိုင်တဲ့အနေအထားရှိတယ်။ အခုကတော့ တိုင်းရင်းသားလက်နက်ကိုင် အခု ရှင်းပြပြီးတော့ သူတို့ကိုလည်း ကျနော်တို့ ပါလာနိုင်ဖို့ ကြိုးစားတဲ့အခါမှာလည်း ပါလာနိုင်တဲ့ အနေအထားတွေလည်း ရှိနိုင်ပါတယ်။ သူတို့လည်း အဲဒီလို frame work ကို အဲဒီလိုအချိန် ပြင်တဲ့အခါကျတော့ သူတို့ကိုယ်တိုင် ၀င်ပြီးတော့ ဆွေးနွေးပြီးတော့မှ သူတို့ရဲ့ ownership ပေါ့ဗျာ၊ ဒါကိုလည်း သူတို့ရနိုင်ဖို့တော့ မျှော်လင့်ထားတာပေါ့။ ဒါတွေအတွက်တော့ ကျနော်တို့ ဆက်တော့ သွားနေတယ်။ ကျနော်တို့မြင်တာတော့ လာမယ့် တလလောက်အတွင်းမှာ တော်တော်များများတော့ ဆက်သွယ်ပြီးတော့ ပြောဆိုတာတွေ ပြီးသွားပြီးတော့ သူတို့ကိုယ်တိုင် ပြည်တွင်းကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်၊ တာဝန်ရှိတဲ့သူတွေ၊ ကော်မတီတို့နဲ့ တွေ့နိုင်မယ်။ အဲဒီက ဆက်ပြီးတော့ သွားနိုင်ဖို့တော့ ပြင်ဆင်ထားတာပေါ့လေ။ တကယ်ကတော့ ကျနော်တို့ လုပ်ကြည့်မှပဲ သိမှာပါ။” ခုနပြောတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး၊ ကာကွယ်ရေးကိစ္စကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှာ ဆွေးနွေးပြီး ကျန်တဲ့ကိစ္စတွေကို ဖိုရမ်မှာ ဆွေးနွေးကြမယ်ဆိုတော့ အဲဒီ ၂ ခု ပေါင်းစပ်ရေး ကျတော့ ဘယ်မှာ သွားပေါင်းစပ်ကြမလဲ။ ဒီဆွေးနွေးပွဲကြီး ၂ ခုရဲ့ ဆုံချက်က ဘယ်မှာဖြစ်မလဲ။ “အဲဒါကို UPDJC အစည်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်ဘက်က မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်ပြီးရှင်းပြတာကတော့ ကျနော်တို့ အန်စီအေအတိုင်း သွားမယ်။ အဲဒီတော့ UPDJC မှာ frame work ကို ညှိ။ ဒါပေမယ့် ကျနော်တို့ လက်မှတ် မထိုးရသေးတဲ့ပေါ့လေ မပါသေးတဲ့လူတွေ ပါနိုင်ဖို့ ခုနတုန်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ပေါ့၊ ကြိုတင်ပြင်ဆင်ရေးကော်မတီဆိုတဲ့ ကော်မတီကနေပြီးတော့ လိုက်လံပြီးတော့ ကျနော်တို့ ရှင်းပြမယ်။ သူတို့ပါနိုင်မယ့် နည်းလမ်းတွေရှာမယ်၊ ကျနော်တို့ ထပ်ပြီးတော့ သူတို့ ပါနိုင်ဖို့ ကြိုးစားမယ်။ ဒါကြောင့်မို့လို့ ခုနတုန်းက ပြင်ဆင်ရေးကော်မတီ ကတော့ အဓိကအားဖြင့်တော့ လက်မှတ်ထိုးပြီးသားလူတွေနဲ့စောင့်၊ ညှိနှိုင်းနေတာရှိသလို လက်မှတ်မထိုးရသေးတဲ့လူတွေ ပါနိုင်အောင် လုပ်ဖို့ ဖြစ်တဲ့အတွက် သူ့ရဲ့ လုပ်ငန်းစဉ်က ပိုပြီးတော့ သီးခြားသဘောဖြစ်တယ်။ ဒါပေမယ့် ပါလာပြီးတဲ့လူတွေ နောက်ပိုင်းမှာကျရင်တော့ လည်း UPDJC ဟာ ပြန်ညှိတဲ့အခါကျရင်တော့လည်း အားလုံးကတော့ အဲဒီမှာ သွားပြန်ဆုံ ကြမှာပါပဲ။” ငြိမ်းချမ်းရေးညီလာခံကြီးမှာ၊ ဖိုရမ်မှာ နိုင်ငံတကာရောက် ပြန့်ကျဲနေတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ ကမ်းလှမ်းဖို့ရှိလား။ သူတို့ ဘယ်လိုမျိုး ပါဝင်ခွင့်ရကြမလဲ။ “အဓိကကတော့ ကျနော်တို့ကော်မတီက ပေးထားတဲ့ mandate လုပ်ခွင့်ကတော့၊ ကော်မတီထဲ မှာ ဆပ်ကော်မတီ ၂ ခု ခွဲလိုက်တာပေါ့နော်။ ကျနော်ကတော့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတွေဘက်ကို ကျနော်တာဝန်ကျတာပေါ့လေ၊ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌ အနေနဲ့ ယူတယ်ပေါ့လေ။ ကျနော်လည်း အဲဒီမှာတာဝန်ရှိတော့ ကျနော်တို့တာဝန်ကတော့ အခု လက်နက်ကိုင်တွေ အဓိက တွေ့ဆုံပြီးတော့ ရှင်းပြမယ်ပေါ့။ ကျနော်တို့ရဲ့ မူဝါဒတွေ၊ စဉ်းစားချက် တွေ၊ ဆွေးနွေးချက်တွေ ရှင်းပြပြီး သူတို့ပါဝင်နိုင်မှုအနေအထားကို ဘယ်လိုညှိနှိုင်းနိုင်မလဲ ဆိုတာကို အဓိကလုပ်မှာပါ။ နောက် ကော်မတီမှာ civil society တွေ ထိတွေ့ဖို့ဆိုပြီးတော့ နောက်ထပ် ထပ်ပြီးတော့ တာဝန်ခွဲပေးထားတာတွေရှိတယ်။ အဲဒါတော့လည်း ဦးနိုင်ငံလင်းတို့၊ ဒေါ်ဒွဲဘူတို့၊ အဲလိုမျိုးတွေအပြင်ကို လက်နက်ကိုင်ဘက်ကတချို့လည်း ပါမယ်ပေါ့နော်။ နောက်ထပ် ကြားမှာ ၀ိုင်းကူပေးမယ့် ဒေါ်နန်းဒါ တို့လို သူတို့တွေ လည်း ပါတယ်။ သူတို့ကတော့ civil တွေဘက်ကို ကျနော်တို့ အဓိကဆက်သွယ်ပြီးတော့ ဆောင်ရွက်ဖို့ ရှိတယ်။ အဲဒီတော့ ခုနပြောတဲ့ မေးခွန်းထဲမှာ အနိုင်မရတဲ့ နိုင်ငံရေးပါတီရယ်၊ အခြားဟာတွေကတော့ ထပ်ပြီးတော့ ခုနပြောတဲ့လုပ်ငန်းစဉ်ထဲမှာတော့၊ လုပ်ငန်းစဉ်တိုးတက် လာရင်တော့ ထပ်ပြီးတော့ စဉ်းစားနို င်မှုတော့ရှိမှာပေါ့လေ။ အခုအချိန်ထိတော့ ဒီဟာပေါ်မှာ တိတိကျကျတော့ ပြောထားတာလေး မရှိသေးဘူး။” ပြည်ထောင်စု ညီလာခံ၊ CSO ဖိုရမ်တွေကို ဘယ်တော့လောက် စတင်နိုင်မလဲ။ အချိန်ဇယား ခန့်မှန်းချက်အရ။ “ကျနော်တို့ အရင်တုန်းကတော့ ဇူလိုင်လကုန်လောက်ပေါ့။ အခုတော့ ဇူလိုင်လကုန်မှာ ပြင်ဆင်မှုတွေဟာ လိုအပ်နေသေးရင်တော့လည်း သြဂုတ်လထဲတော့ ပြောင်းပြီးတော့ ဆောင်ရွက်ရမယ်။ အဓိကတော့ ရလဒ်ကို အဓိကထားတာဖြစ်တဲ့အတွက် အချိန်ကလည်း အကြာကြီးမစောင့်ဘူး။ သို့ပေမယ့် ရက်အနည်းငယ်ဖြစ်တဲ့ဟာကတော့ ရွေ့ပြောင်းကတော့ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်ထင်တာကတော့ သြဂုတ်လထဲမှာ ဖြစ်သွားနိုင်တယ် ပေါ့နော်။ ဇူလိုင်လကုန်လည်း ရည်မှန်းထားတာပါပဲ။ ဒါတွေကတော့ ကျနော်တို့လုပ်တဲ့ တလခွဲလောက်လုပ်တဲ့အပေါ်မှာလည်း မူတည်နိုင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းမှု နောက်ဆုံးအခြေအနေ။ “ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်ရေးကော်မတီဗျ၊ မဖွဲ့ရသေးဘူ။ ဘယ်သူတွေပါမလဲ ကျနော်ကတော့ အတိအကျမသိသေးဘူး။ ဒါပေမယ့် အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖွဲ့မယ်လို့ ပြောပြီး ပြင်ဆင်ဖို့ ၀န်ကြီး ဦးကျော်တင့်ဆွေကို တာဝန်ပေးထားတာရှိတယ်။ အဲဒီတော့ အဲဒီ ပြင်ဆင်တဲ့ဟာလည်း ပြန်ပြီးတင်ပြပြီးရင်တော့ သူတို့မူဝါဒတွေနဲ့ ဖွဲ့တော့ဖွဲ့မှာပေါ့။ ဒါပေမယ့် အခုချက်ခြင်းတော့ ဖွဲ့မယ့်အနေအထားမရှိသေးဘူး။ ပြင်ဆင်ရဦးမှာပေါ့။ အခြားကော်မတီ ၂ ခုမှာ ကျနော်ခုနပြောတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပေါ့နော် ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ ဆိုတော့ ၂ ခုစလုံးက ပြင်ဆင်တာဗျ။ ပြင်ဆင်တာဖြစ်တဲ့အတွက် ဒီကော်မတီတွေရဲ့တာဝန်က အကန့်အသတ်ရှိလိမ့်မယ်၊ ၂ လ ၃ လလောက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါပြီးရင်တော့ ညီလာခံပြင်ဆင်တာက ညီလာခံ ပူးတွဲကျင်းပရေးကော်မတီတို့ ဘာတို့လည်း ဖြစ်ကောင်းလည်း ဖြစ်မယ်။ ဒါကတော့ မှန်းဆတာပေါ့။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားနိုင်ဖို့ပေါ့။ အဲဒီတော့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာန) ကလည်း အခုအရင်တုန်းက UPCC (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ) နဲ့ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ) ၊ MPC (မြန်မာငြိမ်းချမ်းရေးစင်တာ) ဆိုတာ ရှိခဲ့တယ်ပေါ့။ အဲဒီတော့ ဒါက အစိုးရရဲ့ ပေါ်လစီပေါ့ဗျာ။ အဲဒီတော့ ခုနက UPDJC ဆိုတာ Joint Body ပေါ့။ အဲဒီတော့ အစိုးရရဲ့ body ထဲမှာ အခုထိ သီးခြားဖွဲ့ထားတဲ့ဟာတော့ မတွေ့သေးဘူး။ Joint body ကို ပြင်ဆင်နေတော့ NRPC ကလည်း အဲဒီ body တခု ဖြစ်လာဖို့တော့ရှိတယ်။ ဘယ်တော့ဖွဲ့မလဲဆိုတာ ကျနော်ထင်တာတော့ လာမယ့် တလ၊ နှစ်လအတွင်းလည်း ဖွဲ့တာဖြစ်နိုင်ပါတယ်။” ဒေါက်တာင်တင်မျိုးဝင်းနဲ့ ဦးလှမောင်ရွှေတို့ ချင်းမိုင်ကို လာကြမယ့်၊ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့တွေရင် အဓိကခေါင်းစဉ်က ဘာဖြစ်မလဲ။ “ကျနော်တို့ ဒီဘက် (မြန်မာနိုင်ငံ) မှာလည်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါ့လေ။ ချင်းမိုင်ဖက်နဲ့ ဆက်သွယ်နေတယ်။ ဆက်သွယ်နေတော့ ဘယ်ဟာ အစောရောက်မလဲဆိုတဲ့ ဟာတော့ တိုင်းရင်းသားတွေဘက်က တုန့်ပြန်တဲ့အပေါ် မူတည်ပါတယ်။ ခေါင်းစဉ်ကတော့ ညီလာခံမှာ သူတို့ပါဝင်နိုင်ရေးပါပဲ။ ပါဝင်နိုင်ရေးဆိုတာ ပြင်ဆင်ရေးပေါ့ဗျာ။ ပြင်ဆင်ရေးနဲ့ဆိုင်တဲ့ ဘာကိုမဆို ကျနော်တို့ ဆောင်ရွက်ခွင့်ရှိတဲ့အတွက် နံပါတ် ၁ ကတော့ ခင်ဗျားမေးတဲ့ မေးခွန်း ပြောရရင်တော့ ရှင်းပြဖို့ပေါ့နော်။ ရှင်းပြတဲ့အခုအခင်းအကျင်း၊ အခု မူဝါဒ ဒါတွေကို ရှင်းပြပြီးတော့ သူတို့သဘောထားတွေနဲ့ ဘယ်လိုပါဝင်နိုင်မလဲဆိုတဲ့ နည်းလမ်းကို ရှာဖို့ပေါ့။ အဲဒီ ပါဝင်နိုင်မယ့်ဟာ သိပြီးမှ နောက်အဆင့်တွေက ဆက်ပြီးဆောင်ရွက်နိုင်မယ့်သဘောရှိတယ်။ ဦးလှမောင်ရွှေက သမ္မတဦးသိန်းစိန်လက်ထက် စတင်အကောင်ထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာရောပါခဲ့သူ၊ အခုငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ပါဝင်ခွင့်ရသူအနေနဲ့ ဒီဖြစ်စဉ်ရဲ့ အလားအလာကို ဘယ်လို ခန့်မှန်းသုံးသပ်နိုင်မလဲ။ “ကျနော့်အနေနဲ့ပါတာကတော့ စောပါတယ်။ စောပါတယ်ဆိုတာ ရက်ပိုင်းလေးပဲရှိသေးတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း အခု အစပြုတာဖြစ်တော့ အခုချိန်မှာတော့ ကျနော် လည်း လူသစ်တယောက်လိုပြန်ပြီး အသစ်ပြန်ပါရတာဖြစ်တယ်။ ဒါပေမယ့် အစိုးရသစ်မှာလည်း အခွင့်အလမ်းပေါ့ဗျာ opportunity တွေ အများကြီးရှိပါတယ်။ အထူးသဖြင့်တော့ အရင် ၄ နှစ်ခွဲ လောက်လုပ်ထားတဲ့ အခြေခံကောင်းတချို့တွေပေါ်မှာလည်း ကျနော်တို့ ဒါကို ဆက်လုပ်ဖို့ သူ့မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အစိုးရသစ်ဖြစ်တဲ့အတွက် အခင်းအကျင်းအသစ်နဲ့ စဉ်းစားချက်အသစ်တွေကလည်း မျှော်လင့်ချက်တွေ အများကြီးရှိနိုင်ပါတယ်။ တကြိမ်တည်းမှာပဲ ကျနော်တို့ သစ်သွားတာနဲ့ စိမ်ခေါ်မှုတွေလည်း ရှိနေပါလိမ့်မယ်။ ဒါကိုတော့ အာလုံး ၀ိုင်းတော့ လုပ်ကြရလိမ့်မယ်ပေါ့လေ။ အားလုံးဝိုင်းလုပ်ရင်တော့ အားလုံးရည်မှန်းတာဖြစ်မှာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024