ဒီကေဘီအေတပ်ဖွဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်း
နော်နိုရင်း
·
September 7, 2011
နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းဖို့ ငြင်းဆိုခဲ့တဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေနဲ့ အသွင်ကူးပြောင်းပြီးမှ ပြန်လည်ပူးပေါင်းလာတဲ့ ဒီကေဘီအေတွေ ပြန်လည်ပူးပေါင်းပြီး ဒီကေဘီအေကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီလို့ တပ်မှူးတဦးက ပြောပါတယ်။
အသစ်ပြန်ဖွဲ့တဲ့ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ကို ဗိုလ်ချုပ်နှုတ်ခမ်းမွှေး (ဗိုလ်ချုပ်စောလားဘွဲ) က ဦးဆောင်ပြီး ကလိုထူးဝါးနဲ့ ကလိုထူးလားဆိုတဲ့ စစ်ဗျူဟာ ၂ ခု စနစ်တကျ သတ်မှတ်လိုက်တယ်လို့ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
“ဗျူဟာ၁၊ ၂ဆိုပြီး ပြန်ဖွဲ့စည်းတယ်။ မြဝတီတောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ရှိတဲ့အတွက် ကိုယ်ကျရာဒေသမှာ စစ်သားပီသစွာ တာဝန်ယူရမယ်၊ ပြည်သူတွေအပေါ်မှာ အနစ်နာခံ စာနာတတ်ဖို့ ညွှန်ကြားပါတယ်။ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ကြံ့ဖွံ့အစိုးရကို တွန်းလှန်ဖို့ကိုလည်း အလေးနက်ထား ညွှန်ကြားခဲ့ပါတယ်။”
ကလိုထူးဝါး စစ်ဗျူဟာကို ဗိုလ်မှူးချုပ်ကျော်သက်က ဦးဆောင်ပြီး မြဝတီ၊ ကော့ကရိတ်တောင်ဘက်နေ ဘုရားသုံးဆူအထိ တာဝန်ယူမှာဖြစ်ပါတယ်။
ကလိုထူးလား စစ်ဗျူဟာကိုတော့ ဗိုလ်မှူးချုပ်စောဘိခို (ခေါ်) စောဘိ ဦးဆောင်ပြီး မြဝတီမြို့မြောက်ဘက် မြိုင်ကြီးငူဒေသ၊ ဘားအံ-လှိုင်ဘွဲဘက်ကို တာဝန်ယူမယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
ဗိုလ်မှူးချုပ်စောဘိခိုဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီးမှ ဒီကေဘီအေနဲ့ တရားဝင်ပြန်ပူးပေါင်းပြီး အခုလို တာဝန်ပေးအပ်ခံရတာပါ။
ဒီကေဘီအေကို အထက်အမိန့် နာခံမှုနဲ့ တိတိကျကျ တာဝန်ကျေပွန်အောင် ခုလို ပြင်ဆင်ဖွဲ့စည်းတာပါလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
“စစ်တပ်ကို တသွေး တသံ တမိန့်နဲ့ သွားအောင် အဆင့်အဆင့် လေးလေးနက် နက် တာဝန်ယူတတ်အောင် ညွှန်ကြားနိုင်ဖို့အတွက် ဖွဲ့စည်းပေးလိုက်တာပါ။”
စစ်ဗျူဟာတခုကို တပ်ရင်း ၃ ရင်းစီနဲ့ ဖွဲ့စည်းထားပြီး ကွပ်ကဲရေးဌာနချုပ်မှာ လုံခြုံရေးတပ်ရင်း ၂ ရင်း ပါရှိတယ်လို့ ဆိုပါတယ်။
ဒီကေဘီအေဟာ ကရင်အမျိုးသားအစည်းအရုံးနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမှာပါလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။