Home မြန်မာသတင်း ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ
ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ
assk မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ Messenger News Journal ဂျာနယ်ကို စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတင်ပြခွင့်နဲ့ နောက်ဆုံးရသတင်းတွေ မျက်နှာဖုံးမှာ ဖော်ပြခွင့်တွေကို သီတင်းပတ်တခုထိ ပိတ်ပင်ပြီး အရေးယူလိုက်ပါတယ်။
စာပေစိစစ်ရေးက ဒီကနေ့မနက်ပိုင်းမှာ ဂျာနယ်တိုက်ကို ပိတ်ပင်ကြောင်း အကြောင်းကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းတဲ့ ပုံနှိပ်ထုတ်ဝေရေး နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုပြီး အရေးယူလိုက်တာလို့ Messenger ဂျာနယ်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။
“ဒီနေ့မနက်မှာ ကျနော်တို့ ဂျာနယ်တွေ တင်ပြခွင့်ရတယ်။ နောက်ဆက်တွဲ အချပ်ပို ၂ မျက်နှာရယ်၊ အဖုံးရယ်၊ ကျနော်တို့ တင်ပြလို့ မရဘူး၊ ပိတ်လိုက်ပါတယ်။ အဓိက ပိတ်လိုက်တာကတော့ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ မူကို ချိုးဖောက်တဲ့အတွက် အပိတ်ခံရတာပါ။”
Messenger Journal ကို အရေးယူလိုက်တဲ့ ပုံနိုပ်ထုတ်ဝေရေး ဥပဒေအသစ်တွေဟာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာစဉ်က ဂျာနယ်အများစု မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့ကြတဲ့အပေါ် အရေးယူဖို့ ၁၉၆၂ ခုနှစ် ပုံနိုပ်ထုတ်ဝေသူများဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။
ဒီလို အရေးယူခံရတဲ့အပေါ် Messenger ဂျာနယ်ရဲ့ အယ်ဒီတာက “စာပေစိစစ်ရေးကလည်း သူတို့သတ်မှတ်ထားတဲ့မူတွေ ရှိတယ်။ ချမှတ်ထားတဲ့မူအတိုင်း ကျနော်တို့ကလုပ်ရတာပေါ့။ တခါတလေကျရင် ကျနော်တို့ဘက်က ရည်ရွယ်ချက်နဲ့ ချိုးဖောက်တာမျိုး မဟုတ်ပေမယ့် အခြေအနေအရ အချိန်အခါအရ လုပ်လိုက်ရတာလေးတွေ ရှိတယ်။ ကျနော်တို့မှာ တခါတလေ အဆင်မပြေတာလေးတွေရှိတယ်။ စာပေစိစစ်ရေးဘက်ကကြည့်တော့ ချမှတ်ထားတဲ့ မူနဲ့ ငြိတယ်ပေါ့ဗျာ။”
အခုပိတ်ပင်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးဖော်ပြခွင့် ရရှိခဲ့တဲ့ Messenger ဂျာနယ်ဟာ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ကြီးဟောင်း ဦးတင်အေးရဲ့သား ဦးဇော်မင်းအေး ထုတ်ဝေနေတဲ့ ဂျာနယ်ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ