DVB Logo
Home
မြန်မာသတင်း
မဟာမြတ်မုနိဘုရား ရှေးမူလက်ရာမပျက်ရေး ရွှေပြားကပ်မှုများ တားမြစ်ပေးရန် တောင်းဆို
DVB
·
May 27, 2016
မဟာမြတ်မုနိဘုရား ရှေးမူလက်ရာမပျက်ရေး  ရွှေပြားကပ်မှုများ တားမြစ်ပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမြတ်မုနိဘုရားကို ရွှေပြားကပ်သူ များလာပြီး ရှေးမှုတွေ ပျက်ပျယ်လာနေတာကြောင့် ဂေါပကလူကြီးတွေအနေနဲ့ တားမြစ်ပေးဖို့ ကျောက်တော်ဒေသခံတွက တောင်းဆိုလိုက်ပါတယ်။

မဟာမြတ်မုနိဘုရားမှာ ရွှေပြားရွှေသင်္ကန်းတွေ ကပ်လှူမှုတွေကြောင့် လက်ချောင်းတော်တွေ ကြီးလာတာ၊ ပခုံးတော် မြင့်လာတာ၊ ရင်အုံတော် မို့မောက်တာတွေ ဖြစ်ပေါ်လာနေပါတယ်။

ဒါ့အပြင် ဘုရားရဲ့ မကိုဋ်တော်တွေဟာလည်း ရွှေတုံးရွှေခဲတွေ ဖြစ်ပေါ်နေပြီး နဂိုပုံစံတွေ ပျက်ပြယ်လာကာ တဖြည်းဖြည်းကြီးထွားလာနေလို့ ရှေးမူလက်ရာမပျက်အောင် တားဆီးပေးဖို့ တောင်းဆိုနေကြတာပါ။

စာရေးဆရာ ဝေဟင်အောင်က ''ဒါနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်က ဂေါပကအစည်းအဝေးမှာလည်း ရှင်းလင်းပြီးပါပြီ။ မဟာမုနိဘုရားကို ရွှေပြား၊ ရွှေသင်္ကန်း ထပ်မကပ်ဖို့ပေါ့လေ။ အဲ့ဒီမှာ ဂေါပကလူကြီးတွေပြောတာတခုရှိတယ်။ သူတို့ ကျနော်တို့ကို သက်ဆိုင်ရာဌာနတခုခု စာရွက်စာတမ်းနဲ့ထုတ်ပေးမှသာလုပ်ဖို့ အဆင်ပြေမယ်လို့ ပြောတာရှိတယ်။ သူတို့က ငါတို့မှာ ဖိအားပေးခံရတာတွေရှိတယ်။ စစ်တပ်ကို လွန်ဆန်လို့မရဘူးလို့ ပြောတယ်။ အခုလက်ရှိမှာလည်း ရှေးဟောင်းလက်ရာတွေ တော်တော်များများပျက်စီးနေတယ်။ အချိန်မီတားဆီးနိုင်ဖို့ သက်ဆိုင်ရာကို တောင်းပန်ပေမယ့် ဒီနေ့ဒီအချိန်ထိ ထိထိဆောင်ရွက်တာ မတွေ့ရဘူး။ ကပ်မြဲတမ်းကပ်နေကြတာပဲ။ ဒါက သမိုင်းကို ဖျက်ဆီးနေသလိုဖြစ်နေတယ်” လို့ ပြောပါတယ်။

ဂေါပက လူကြီးတွေအနေနဲ့ အချိန်မီ မတားဆီးပေးပါက ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးကို တိုင်တန်းသွားမယ်လို့ ကျောက်တော်မြို့ ဒေသခံလူငယ်ခေါင်းဆောင် ကိုဇော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေဆိုတာပြန်ဋ္ဌာန်းလို့ ရှိပြီးသားပါ။ အဲ့ဒီအချက်တွေနဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အကူအညီတောင်းခံသွားမယ်။ ဒီကနေတဆင့်မရဘူးဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးကို တိုင်းသွားမယ်။ ဂေါပကလူကြီးတွေ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင်ပေါ့လေ။ ဒါက ကျနော်တို့ အများသဘောနဲ့လုပ်ဆောင်သွားမှာပါ။”

မုနိမြေတံမြက်စည်းလှဲအသင်းနဲ့ မုနိမြေဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌ ကိုအောင်မြင့် က “ဒီဘုရားနဲ့ပတ်သက်လို့ စစ်တပ်က ကိုင်ထားတာကြာပြီ။ ဘုရားမှာရွှေပြားရွှေသင်္ကန်းမကပ်ဖို့ တားမြစ်မယ်ဆိုရင်တော့ ဘုရားပေါ်က ဂေါပကလူကြီးတချို့ကိုဖြုတ်ပစ်လဲပစ်ရမယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့တွေမှာက သူတို့လုပ်ပိုင်ခွင့်ကိုလည်း သူတို့မသိဘူး။ လုပ်ပိုင်ခွင့်လည်း လောလောဆယ်မရှိဘူးဖြစ်နေတယ်။ ဒီဘုရားက တဆူတည်းဖြစ်တယ်။ ဘုရားကို စလွဲသိုင်းလိုက်တယ်။ နားကပ်တွေဝတ်ဆင်လိုက်တယ်။ ဒီလိုလုပ်လိုက်တော့ ရှေ့ဟောင်းလက်ရာတွေ အကုန်ပျက်ပျယ်သွားတယ်ပေါ့လေ။ ဒါကအခုမှလုပ်တာတော့ မဟုတ်ဘူး” လို့ပြောပါတယ်။

ကျောက်တော်တောင်မှ မဟာမြတ်မုနိဘုရားကို ဓည၀တီခေတ်မှာ ရခိုင်ဘုရင် တစ်းပါးဖြစ်တဲ့ စန္ဒသူရိယမင်းက ရတနာကိုးပါးနဲ့သွန်းလုပ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဘုရားရှင်ကိုယ်တိုင် ရင်ငွေ့တော်နဲ့ သွန်းလုပ်ခဲ့တယ်လို့ သမိုင်းတွေက ဖော်ပြထားပါတယ်။

ရှေးရခိုင်ဘုရင်မင်းတို့ရဲ့ အဆင်ယင်ပုံစံမျိုး မကိုဋ်တော်ဆောင်းထားတာအပါအ၀င် ထီးဟန်၊ နန်းဟန်နဲ့ ပိသုကာလက်ရာမြောက် သွန်းလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုကိစ္စမေးမြန်ဖို့ ကျောက်တော်မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့ကို အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မရပါဘူး။

သတင်းနှင့်ဓာတ်ပုံ - ဝဏ္ဏခွာညို

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013