Home
မြန်မာသတင်း
အဖမ်းအဆီးများ၍ ကျွန်းပရိဘောဂလုပ်ငန်း ဈေးမြင့်တက်
DVB
·
May 28, 2016
ကျွန်းသစ် သယ်ယူပို့ဆောင်မှုပိုင်းမှာ စစ်ဆေးဖမ်းဆီးမှုများနေလို့ ပြည်တွင်းက ကျွန်းပရိဘောဂ လုပ်ငန်းတွေမှာ ဈေးမြင့်တက်လာပါတယ်။ ကျွန်းသစ်တွေကို နယ်မြို့တွေကနေ ရန်ကုန်ကို သယ်ယူပို့ဆောင်တဲ့အခါ လမ်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးဖမ်းဆီးတာတွေရှိလို့ ကုန်ကြမ်းအ၀င် လျော့လာတာပါ။ ဒါကြောင့်ပဲ လက်ရှိ ကျွန်းပရိဘောဂပစ္စည်းတွေ ဈေးမြင့်တက်လာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ “အခုက အကြမ်းပစ္စည်းတွေက ၀င်တာတော့ နည်းသွားတာပေါ့နော်။ လုပ်တဲ့အခါကျတော့ သူတို့က အဖမ်းအဆီးတွေဘာတွေ ရှိတဲ့အတွက်ကြောင့် ဒီမှာပို့တဲ့ဟာတွေက အခက်အခဲ ရှိတာပေါ့လေ။ အန်တီတို့က နယ်ဘက်က ပို့တာလေ။ ဥက္ကံဘက်တွေ ဘာတွေက ပို့တာ။ ဒီမှာလုပ်တာလည်း ရှိတယ်။ အဲဒါကျတော့ ပစ္စည်းတမျိုး တမျိုးကို သယ်ယူစရိတ်တွေဘာတွေ တက်တာနဲ့ဆိုရင် သုံးလေးငါးသောင်းလောက်တော့ တက်တာပေါ့” လို့ ရွှေသရဖူ ပရိဘောဂဆိုင်ပိုင်ရှင် ဒေါ်ဆွေဆွေဝင်းက ပြောပါတယ်။ အဖမ်းအဆီးရှိနေတဲ့အတွက်ကြောင့် အရင်က တရက်ကို သုံးခါဝင်တဲ့ သစ်အကြမ်းတွေ ခုနောက်ပိုင်း တခေါက်လောက်ပဲ အ၀င်ရှိတော့တာပါ။ ပရိဘောဂလုပ်ငန်းရှင် တချို့ကတော့ လက်ကျန်သစ်တွေနဲ့ပဲ ပရိဘောဂ ထုတ်လုပ်ရောင်းချနေကြပြီး တချို့ကတော့ သစ်တွေကို ကြိုဝယ်တဲ့သဘောမျိုးနဲ့ ဖြေရှင်းနေရတာပါ။ ပန်းစံပါယ် ပရိဘောဂဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းဝေက “ကျွန်းတွေကို ရပ်တန့်လိုက်တာပေါ့။ ခုတ်ခွင့်မရတော့ဘူး။ မရတော့ အန်တီတို့မှာ ၁၅ ရက်နေ့ရောက်မယ့်ပစ္စည်းက မရောက်ဘူး။ လမ်းမှာ မလာရဲလို့ ကြာနေတာ။ ဈေးနည်းနည်း တက်ချင်တာပေါ့။ အဲဒါတောင် ခါတိုင်းလောက် မ၀င်တော့ဘူး။ သစ်တွေဘာတွေ ကြိုဝယ်တဲ့အဆင့် ရောက်သွားပြီ” လို့ ပြောပါတယ်။ ကျွန်းပရိဘောဂပစ္စည်းတွေရဲ့ ဈေးနှုန်းက အသုံးပြုတဲ့သစ် အထူအပါးပေါ် မူတည်ပြီး ဘီဒိုတလုံးကို ၄ သိန်းမှ ၇ သိန်းထိရှိပြီး ဘုရားစင် တစင်ကိုလည်း ၄ သိန်းမှ ၅ သိန်းဝန်းကျင်ထိ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024