Home
မေးမြန်းခန်း
အလုပ်သမားတွေ လူမှုဖူလုံရေးဥပဒေကို မခံစားရသေးပါဘူး - ဦးခိုင်မောင်ရည်
DVB
·
May 27, 2016
၁၉၅၄ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ပြီးတော့ ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော်ကနေ လူမှုဖူလုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါကြောင့် ဒီ လူမှုဖူလုံရေး ဥပဒေသစ်ဟာ အစိုးရရယ်၊ နိုင်ငံ့ဝန်ထမ်းတွေ၊ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအပေါ် ဘယ်လိုအကျိုးခံစားခွင့် ရှိတယ်ဆိုတာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ၂၀၁၂ ခုနှစ် လွှတ်တော်သက်တမ်းမှာ ဥပဒေသစ်အဖြစ် ပြင်ဆင်ခဲ့တယ်။ အဲ့တော့ ဆရာ ဒီ လူမှုဖူလုံရေး ဥပဒေဆိုတာ ဘာလဲပေါ့၊ ဘယ်သူတွေက အကျိုးခံစားခွင့်ရှိတယ်ဆိုတာ အရင်ဆုံး အကျဉ်းလောက် ရှင်းပြပေးပါ။ ဖြေ - ဟုတ်ကဲ့။ တကယ်တော့ လူမှုဖူလုံရေး ဥပဒေက Social Security Act သဘောမျိုးပေါ့နော်။ တကယ်တော့ Security ဆိုတဲ့ စကားလုံးနဲ့ မြင့်မြင့်သုံးထားတာ တွေ့ပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာတော့ အလုပ်သမားတွေက ဒီ လူမှုဖူလုံရေး ဥပဒေကို တင်းပြည့်ကျပ်ပြည့် မခံစားရသေးပါဘူး။ ဒါပေမယ့် ဒီဥပဒေက အလုပ်သမားတွေအတွက် မရှိမဖြစ်၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် မရှိမဖြစ်၊ အလုပ်ရှင်ဖြစ်တဲ့ အလုပ်ရှင် လူတန်းစားမှာ အစိုးရလည်း အပါအ၀င်ဖြစ်တယ်ပေါ့နော်၊ နိုင်ငံ့ဝန်ထမ်းတွေ ပါတဲ့အတွက်၊ အဲ့တော့ ဒီအလုပ်ရှင်တွေမှာလည်းပဲ ဒီဥပဒေရဲ့ အကျိုးခံစားခွင့်တွေ ရှိပါတယ်။ အဲ့ဒီအတွက် ဒီဥပဒေဟာ ဒီနိုင်ငံမှာ ဥပဒေပြဋ္ဌာန်းပြီးရင် တကယ်လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒီဥပဒေရဲ့ အကျိုးခံစားခွင့်ကို မဖြစ်မနေ ရကိုရရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီဥပဒေဟာ အလုပ်သမားတွေအတွက် အရေးကြီးတဲ့ ဥပဒေဖြစ်သလို နိုင်ငံ့ဝန်ထမ်းတွေနဲ့ အစိုးရ၊ အလုပ်ရှင် အပါအ၀င် အားလုံးခံစားခွင့်ရှိတဲ့ ဥပဒေဖြစ်ပါတယ်။ မေး - ဒါက အားလုံးအတွက် အကျိုးခံစားခွင့်ရှိတယ်ပေါ့နော်။ အဲ့တော့ ဒါဆိုရင် ဒီ လူမှုဖူလုံရေးထဲကို ဘယ်သူတွေက ၀င်ရမလဲဆရာ။ ပြီးတော့ မဖြစ်မနေကော ၀င်ရမှာလား။ အဲ့ဒါလေးလည်း နည်းနည်းလောက် ရှင်းပြပေးပါ။ ဖြေ - တကယ်တော့ လူမှုဖူလုံရေးဥပဒေကို အကျိုးခံစားခွင့် ရှိဖို့ကို တကယ်တော့ အလုပ်သမားတိုင်း ၀င်သင့်တာပါ။ ဒါပေမယ့် ဥပဒေပြဋ္ဌာန်းချက်အရ မ၀င်မနေရ ၀င်ရမယ့် လူမှုဖူလုံရေးဝင်ဖို့၊ အလုပ်သမားတွေကို ပြဋ္ဌာန်းထားတာ အမျိုးအစားအားလုံး ၁၅ မျိုးရှိပါတယ်။ အဲ့ဒီ ၁၅ မျိုးထဲမှာ အကျုံးဝင်တဲ့ အလုပ်သမားတွေသာ ၀င်နိုင်တာ ဖြစ်တယ်။ ပြီးတော့ နိုင်ငံတော်ကနေ အစိုးရအနေနဲ့ အခါအားလျော်စွာ မိမိဌာနထဲကဖြစ်စေ၊ ပြင်ပအလုပ်သမားကိုဖြစ်စေ ဥပဒေပြဋ္ဌာန်းတာဖြစ်ဖြစ်၊ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ပြီးတော့ဖြစ်စေ လူမှုဖူလုံရေးဝင်ဖို့ သတ်မှတ်ပေးလို့ရပါတယ်။ အဲ့ဒါဆိုရင် အလုပ်သမားက မိမိဆန္ဒနဲ့အညီ လူမှုဖူလုံရေး ၀င်ချင်တယ်ဆိုရင် ၀င်ခွင့်ရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ၀င်လို့လည်းရနိုင်ပါတယ်။ မေး - လူမှုဖူလုံရေး အကျိုးခံစားခွင့်ရဖို့အတွက် မဖြစ်မနေ ၀င်ရမယ့်ဟာတွေရှိတယ်။ ၀င်သင့်တဲ့လူတွေလည်း ရှိတယ်ပေါ့နော်။ အဲ့တော့ ဘယ်အချိန်လောက်က စပြီးတော့ သူတို့က အကျိုးခံစားခွင့်ရပြီလဲ။ ဒီလူမှုဖူလုံရေးကတ်ကို လုပ်လိုက်ပြီဆိုရင်။ ဖြေ - လူမှုဖူလုံရေးကို ၀င်ထားတာ ၆ လ ပြည့်ပြီ၊ လူမှုဖူလုံရေးထည့်ဝင်ငွေက ၄ လပြည့်တယ်ဆိုရင် ခံစားခွင့်ရပါတယ်။ အဲ့လို ခံစားခွင့်ရတယ်ဆိုတာက လူမှုဖူလုံရေးဥပဒေ၊ နောက် ထွက်လာတဲ့ နည်းဥပဒေအရ ကျနော်တို့ဟာ ခံစားဖို့လည်း ဘုတ်ထိုင်ပြီးတော့မှ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် တကယ် အလုပ်သမား ခံစားရဖို့ကို တန်ရာတန်ဖိုးကို ထိုက်သင့်တဲ့အဖိုး ပေးတာဖြစ်ပါတယ်။ အချို့ဆိုရင် သိန်းရာနဲ့ချီပြီး ရတာတွေ တွေ့ခဲ့ပါတယ်။ ဥပမာ ရေခဲတောင်မှာ လေယာဉ်ပျက်ကျသွားတဲ့ လေယာဉ်မှူးတဦးပေါ့။ သူ လူမှုဖူလုံရေး ထည့်ဝင်ကြေး ၄ လပြည့်သွားတယ်ဆိုတာနဲ့တင် သူ့မှာ ခံစားခွင့်ရသွားတယ်။ သူ့ကို သိန်းရာနဲ့ချီပြီးမှ လျော်ကြေးပေးခဲ့တာ။ အဲ့ဒီ အခမ်းအနား ကျနော်တက်ခဲ့ရပါတယ်။ ဒါဟာ နိုင်ငံတော်ကနေ မဖြစ်မနေ လျော်ကြေးပေးနေတာတွေကို သက်ဆိုင်ရာ အလုပ်သမားတွေ၊ အလုပ်ရှင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ သိစေချင်ပါတယ်။ တချို့က မသိကြဘူး။ အဲ့တော့ ဒါ လူမှုဖူလုံရေး အဖွဲ့အစည်းကြီးဟာ နိုင်ငံမှာ ရှိနေပြီးတော့ ဥပဒေအရ ဆောင်ရွက်နေတယ် ဆိုတာကို နိုင်ငံဝန်ထမ်းတွေ၊ အလုပ်သမားတွေက ပါဝင်ကြရမှာ ဖြစ်ပါတယ်။ မေး - ဆရာပြောသလိုဆို ဒီဥပဒေအကြောင်းကို သေချာသိတဲ့သူကတော့ ခံစားခွင့်ရှိမယ်။ မသိတဲ့သူတွေက သူတို့ရဲ့ မသိမှုကြောင့် ခံစားခွင့် မရခဲ့ဘူးပေါ့ဆရာ။ ဖြေ - ဟုတ်ပါတယ်။ ဒါလည်း အဲ့လို ပြောရမှာဖြစ်ပါတယ်။ ဘာလို့ဆိုရင် အလုပ်သမားတွေဟာ ကိုယ့်လုပ်ငန်းခွင် ထိခိုက်သွားတယ်၊ လက်တချောင်း ဆုံးရှုံးသွားတယ်၊ အသက်ခန္ဓာကိုယ် ဆုံးရှုံးသွားတယ်ဆိုရင် ဒါတွေကို ဘယ်မှာ တောင်းဆိုရမလဲဆိုတဲ့ ဟာတွေ၊ ဒါ သူတို့မှာ အသိပညာတွေ သိဖို့လိုသလို နိုင်ငံတော်ကလည်း လူမှုဖူလုံရေးဝန်ကြီး၊ လူမှုဖူလုံရေး အဖွဲ့အစည်းရှိတယ်၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်မှာ ရှိတယ်။ ဒီ လူမှုဖူလုံရေး အဖွဲ့အစည်းကြီးရဲ့ ဥက္ကဋ္ဌဟာ ဥပဒေအရ ပြဋ္ဌာန်းထားတာဆိုရင် အလုပ်သမားဝန်ကြီးဌာနက ဒု-၀န်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတာဖြစ်တယ်။ ဒါကို အလုပ်သမားတွေကို အဲ့လိုမျိုး ပညာတွေ၊ အသိပညာတွေပေးဖို့၊ မဖြစ်မနေ အလုပ်သမားက မသိရင်လည်းပဲ၊ အသက်ဆုံးရှုံးသွားတယ်ဆိုရင် နိုင်ငံတော်ကနေ လိုက် လျော်ကြေးပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ မေး - အဲ့ဒါဆိုရင် အလုပ်သမားက မသိရင်တောင်မှ လူမှုဖူလုံရေးဌာနက တာဝန်သိသိနဲ့ သူတို့ လိုက်လုပ်ပေးရမယ့်တာဝန် ရှိတယ်ပေါ့နော်။ ဖြေ - ဟုတ်ပါတယ်။ ဒါ လူမှုဖူလုံရေးမှာ သူတို့ဆီကို ၀င်ထားတဲ့စာရင်းတွေ၊ ဒီ ၀င်ထားတဲ့စာရင်းထဲမှာ ဒီအလုပ်သမားတယောက်ကတော့ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာနဲ့ အသက်ဆုံးရှုံးသွားတယ်၊ တယောက်ကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း ချို့ယွင်းသွားတယ်။ အဲ့ဒီအတွက် ချက်ချင်းပဲ၊ သူတို့ အောက်ခြေကနေ အဆင့်ဆင့် လုပ်ပြီးတော့ ဆောင်ရွက်ပေးရမယ်။ အချိန်နဲ့တပြေးညီ လျော်ကြေး၊ နစ်နာကြေး ပေးရမယ်။ မေး - တကယ်အပြင်မှာရော၊ အဲ့လိုမျိုး အလုပ်သမားတွေက သူတို့နစ်နာတဲ့အတွက်၊ နစ်နာသွားတယ်၊ ဒါပေမယ့် လူမှုဖူလုံရေးကြောင့်ရမယ့် အကျိုးခံစားခွင့်ကို သူတို့မသိဘူး။ ဒါပေမယ့် ဌာနကကော လိုက်ပေးတာ ရှိလားဆရာ။ အလုပ်သမားမသိဘဲနဲ့ လျော်ကြေးလိုက်ပေးတာတို့။ ဖြေ - တချို့ကုမ္ပဏီတွေမှာ လုပ်နေတဲ့သူတွေတချို့ဟာ အဲ့ဒီ ကုမ္ပဏီတွေက ဒီလို လျော်ကြေးပေးတာတွေကို သိတဲ့သူတွေ၊ တချို့ဌာနတွေက သိကြတယ်။ သိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့မှ မိမိဌာနက လူတယောက်ဟာ နိုင်ငံခြားကို ကျောက်ကပ်နဲ့ ပတ်သက်ပြီးမှ ကုစားရမယ်။ အဲ့တော့ ဒါဆိုရင် ကုန်ကျစရိတ် တအားများပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို လူမှုဖူလုံရေး လုပ်ငန်းစဉ်တွေ တချို့က နားလည်တဲ့သူတွေက လူမှုဖူလုံရေးဌာနကို တင်ပြတယ်။ တင်ပြပြီးတော့ သူတို့အလုပ်သမားတွေ အကျိုးခံစားခွင့်ရအောင် ဆောင်ရွက်ကြတဲ့ အဖွဲ့တွေ ရှိပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ ဒီလူမှုဖူလုံရေးကနေ လျော်ကြေး၊ နစ်နာကြေး ပေးတာတွေကို သိန်း ထောင်နဲ့ချီ ပေးနေတာတွေကို အကြိမ်ကြိမ် တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် မသိတဲ့ဌာနတွေ၊ မသိတဲ့ အလုပ်ရုံတွေ၊ စက်ရုံတွေအပြင် တချို့ကုမ္ပဏီတွေက မသိကြတဲ့အတွက် လျော်ကြေး၊ နစ်နာကြေး မပြောနဲ့၊ ဒီ လူမှုဖူလုံရေး အလုပ်သမားဟာ ဆေးကုသခွင့်တောင်မှ ကောင်းကောင်း မသိကြပါဘူး။ မေး - အဲ့တော့ဆရာ သိတဲ့သူတွေက သိတယ်။ မသိတဲ့သူတွေက မသိဘူး။ တော်တော်များများကတော့ ကျမတို့ သိသလောက်ဆိုရင် တော်တော်များများကကို မသိကြဘူးပေါ့နော်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို။ အဲ့တော့ ဒီအလုပ်သမားတွေအားလုံး သူတို့ခံစားခွင့်ကို သိဖို့အတွက် ဘယ်လိုပညာပေးဖို့၊ ဘယ်လိုလုပ်ဖို့ လိုအပ်လဲဆရာ။ ဖြေ - တကယ်တော့ အလုပ်သမားဆိုတဲ့အထဲမှာ အစိုးရဌာန အလုပ်သမားတွေက သူ့ဌာနအလိုက် မ၀င်မနေရ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း အားလုံး ၀င်ကြရမှာဖြစ်တယ်။ အဲလို အားလုံးဝင်ပြီဆိုရင် ဒီအလုပ်သမားတွေ၊ နိုင်ငံ့ဝန်ထမ်း အလုပ်သမားတွေက သူတို့ တစုံတရာ နစ်နာချက်ဖြစ်ပြီ။ တစုံတရာ ဆေးဝါးကုသဖို့ လိုအပ်ပြီဆိုရင် အလိုလို မိမိဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လူမှုဖူလုံရေးဌာနကို ရောက်လာမှာဖြစ်တယ်။ အဲ့ဒါဆိုရင် လျော်ပေးနိုင်တယ်။ အဲ့လိုပဲ အဲ့ဒါက ဌာနတွေအားလုံးက တာဝန်ယူကြရမှာ ဖြစ်တဲ့အတွက် ဒါ ဌာနတွေမှာ တာဝန်ရှိပါတယ်။ အဲ့လိုပဲ စက်ရုံ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဒီလုပ်ငန်းတွေမှာ လုပ်နေတဲ့ ဌာနတွေ အားလုံးကလည်း ဒီ စက်ရုံ၊ အလုပ်ရုံတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေအားလုံးကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးဌာနတွေက ကြီးကြပ်ပြီးတော့မှ အလုပ်သမားတွေ ရသင့်တဲ့ အခွင့်အရေးတွေ မဆုံးရှုံးအောင် ဆောင်ရွက်ပေးရမှာ ဖြစ်တယ်ပေါ့။ အဲ့လိုဆိုရင် အလုပ်သမားတွေကလည်း သိကြမယ်။ ပြီးတော့ ထည့်ဝင်ကြေးဆိုတာက အလုပ်သမား ထည့်ရတာ ဆိုတာထက် အလုပ်ရှင်က ထည့်ရတာ ဖြစ်ပါတယ်။ အဲ့တော့ ဒါတွေကို အလုပ်ရှင်၊ အလုပ်သမားမှာ အလုပ်ရှင်က အများဆုံး ထည့်ရတာဖြစ်ပြီးတော့ အလုပ်သမားတွေအတွက် အလုပ်ရှင်ရဲ့ တာဝန်ရှိတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အလုပ်သမားတွေက မိမိ လူမှုဖူလုံရေး မ၀င်ရသေးဘူးဆိုရင် အလုပ်ရှင်ကို တိုက်တွန်းရမှာ ဖြစ်ပါတယ်။ မေး - အဲ့တော့ဆရာ ခုနကပြောသလိုဆိုရင် အလုပ်ရှင်က ပိုပြီး များများထည့်သွင်းရတယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းစီလောက် ထည့်သွင်းရလဲဆရာ။ ဖြေ - တကယ်တော့ ၈၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ပုံစံမျိုး ရှိပါတယ်။ ဒါပေမယ့် တချို့နေရာ အသီးသီးပေါ့၊ ကွာခြားမှု ရှိနိုင်ပါတယ်။ နောက် အလုပ်သမားတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမှာ လူမှုဖူလုံရေး အိမ်ရာပိုင်ဆိုင်ခွင့် ရှိပါတယ်။ အဲ့တော့ လူမှုဖူလုံရေး အိမ်ရာပိုင်ဆိုင်ခွင့်ဆိုတာ အလုပ်သမားတွေ နိုင်ငံ့ဝန်ထမ်းတွေက ပင်စင်သာရသွားတယ်၊ နေစရာ အိမ်မရှိဘူး။ အဲ့တော့ ဒါကို လူမှုဖူလုံရေးမှာ လပေါင်း ၁၈၀၊ ဆိုလိုတာက ၁၅ နှစ်ပါ။ ၁၅ နှစ်ကို လူမှုဖူလုံရေး ၀င်ခဲ့ပြီဆိုရင် တလုံးတခဲတည်း အိမ်ရာပိုင်ဆိုင်ခွင့်၊ ၀ယ်ယူခွင့်။ ဒီ လူမှုဖူလုံရေး ထည့်ဝင်ကြေးဟာ အိမ်ရာရဲ့ ၃၀ ရာခိုင်နှုန်းထိ သွင်းပြီးပြီဆိုရင် သူက တလုံးတခဲတည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကျန်တာကို ဘဏ်ချေးငွေစနစ်နဲ့ ဆောင်ရွက်ပေးသွားလို့ ရပါတယ်။ ဒါကိုလည်း လူမှုဖူလုံရေး ဌာနကြီးကနေ ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ မေး - လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေက အလုပ်သမားတွေက အများကြီးရတယ်။ သူတို့မှာလည်း ခံစားခွင့်ရှိတယ်ပေါ့။ အဲ့တော့ အလုပ်ရှင်တွေဘက်က ဆရာခုနက ပြောသွားသလိုဆို ရာခိုင်နှုန်း ထည့်ပေးရမယ်၊ ၈၀ ရာခိုင်နှုန်းတို့၊ ဒါတွေက ဌာနအလိုက်တော့ ကွဲပြားမှု ရှိတာပေါ့။ အဲ့တော့ အလုပ်ရှင်တွေဘက်က ဒီလို ထည့်ဝင်ကြေးအတွက် ပျက်ကွက်တာမျိုး ရှိတယ်ပေါ့နော်။ ဥပမာ အလုပ်သမားတွေ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ၊ တခြားခံစားခွင့်တွေကိုလည်း အလုပ်ရှင်တွေဘက်က ပျက်ကွက်တာမျိုး ရှိတယ်ဆိုရင်ကော၊ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်တွေကို ဘယ်လိုမျိုး တိုင်ကြားလို့ရလဲပေါ့။ ဖြေ - ဒီဥပဒေအရ မြို့နယ်လူမှုဖူလုံရေးရုံးတွေ ဖွဲ့ထားပါတယ်၊ မြို့နယ်အလိုက်ပေါ့။ အဲ့မှာ အလုပ်သမားတွေက မိမိရဲ့ အလုပ်ရှင်က မိမိရဲ့ ခံစားရမယ့် လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေကို သူက မပျက်မကွက် ထည့်ပေးရဲ့လား။ လစဉ်ထည့်ပေးရဲ့လား။ အကယ်၍ မထည့်ပေးဘူးဆိုတာ သံသယရှိရင်၊ သို့မဟုတ် မထည့်ပေးဘူးဆိုတာ လုံးဝသိနေတယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးကို တိုင်ကြားရပါမယ်။ တိုင်ကြားတဲ့အခါမှာ မြို့နယ်လူမှုဖူလုံရေးရုံးက ခေါ်ယူစစ်ဆေးရမယ်။ မှန်နေတယ်ဆိုရင် ဒါ အရေးယူရမယ်။ အရေးယူမယ့်အပိုင်းမှာ တရားရုံးကို တင်ပို့ပြီးတော့ တရားစွဲဆိုတာလည်း ရှိပါတယ်။ အဲ့ဒီအတွက် လူမှုဖူလုံရေးရုံးက လုပ်ပေးရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ အဓိကတော့ အလုပ်သမားက မိမိမြို့နယ်မှာရှိတဲ့ လူမှုဖူလုံရေးရုံးကို မဖြစ်မနေ သွားကြရမှာ ဖြစ်ပါတယ်။ အဲ့တော့ ကိုယ့်ရဲ့အလုပ်ရှင်က မင်းတို့အတွက် လူမှုဖူလုံရေးကြေးတွေ ငါတို့ထည့်ပေးထားတယ်လို့ ပြောရင်တောင်မှ မသေချာရင် သွားမေးလို့ရပါတယ်။ မေး - ဒီလိုပဲ တခြား လူမှုဖူလုံရေး ခံစားခွင့်တွေကိုလည်း အလုပ်ရှင်ဘက်က ပျက်ကွက်ရင် လူမှုဖူလုံရေးရုံးကို သွားပြီးတော့ တိုင်ကြားလို့ ရတယ်ပေါ့နော်။ ဖြေ - မှန်ပါတယ်။ အဲ့ဒီအတွက် အလုပ်သမားတွေအတွက် လူမှုဖူလုံရေးရုံးက တကယ် အလုပ်လုပ်ပေးရမယ့်ရုံးတရုံး ဖြစ်တယ်လို့  အလုပ်သမားတွေက သိထားဖို့ လိုအပ်ပါတယ်။ မေး - ဒီအလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လေ့လာထားဖို့ လိုအပ်တယ်လို့ ဆရာ့အနေနဲ့ နောက်ဆုံး တိုက်တွန်းပြောချင်ပါလဲ။ ဖြေ - အလုပ်သမားတွေက မိမိနိုင်ငံကို ပေးဆပ်ရတဲ့ မိမိလုပ်အားတွေ၊ ကိုယ်ကာယစွမ်းအား၊ ဉာဏစွမ်းအားတွေ ပေးဆပ်ခဲ့ကြပါပြီ။ မိမိတို့ကလည်း မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ ဆုံးရှုံးပျက်စီးသွားမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က ကိုယ့်ကို ပြန်လည်ပြီးတော့မှ ကုစားပေးနေတယ်ဆိုတာကို အလုပ်သမားတွေက သိရမှာဖြစ်တယ်။ အဲ့ဒီအတွက် ဥပဒေတွေ ပြဋ္ဌာန်းပြီးပြီဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းနဲ့၊ နိုင်ငံ့အတွက် စွမ်းဆောင်ပေးကြတဲ့ အလုပ်ဌာန အသီးသီးမှာရှိတဲ့ အလုပ်သမားများဟာ လူမှုဖူလုံရေး ဥပဒေနဲ့အညီ ခံစားခွင့်တွေ ရှိပါတယ်လို့ အလုပ်သမားတွေကို ပြောလိုပါတယ်။ အဓိကတော့ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေက ဒါက ဥပဒေအချုပ်ပါပဲ။ ဥပဒေကတော့ ပြည်ထောင်စု လွှတ်တော်က ပြုစုတာပါ။ လူမှုဖူလုံရေး နည်းဥပဒေများ ဆိုတာကတော့ ၂၀၁၄ မှ ထွက်တာဖြစ်ပါတယ်။ ၂၀၁၄ မှာ ထွက်တဲ့အတွက် လူတွေက မသိကြသေးပါဘူး။ ၂၀၁၄၊ ဧပြီလ ၂ ရက်၊ မကြာသေးပါဘူး။ ဒါပေမယ့် ဒီနည်းဥပဒေ မထွက်ခင်မှာကတည်းက ဥပဒေက ထွက်နေပြီးသားဖြစ်တယ်။ ဥပဒေထွက်နေတဲ့အတွက် ၂၀၁၂ ကတည်းက ထွက်နေတဲ့အတွက်၊ ဥပဒေအရကို လျော်ကြေး၊ နစ်နာကြေး ပေးနေတယ်။ အဲ့ဒီအတွက် ဒီ ဥပဒေ၊ နည်းဥပဒေစာအုပ်များကို ရှာယူ၊ ၀ယ်ဖတ်ဖို့တော့ လိုပါမယ်။ ဒီဟာလည်း အစိုးရဌာနမှာပဲ ရှိတဲ့အတွက်၊ အဲ့ဒီအစိုးရဌာနကလည်း ဒါ ပြည်သူတွေသိဖို့အတွက် သက်ဆိုင်ရာ စာအုပ်ဆိုင်၊ စာပေဗိမာန်လို နေရာမျိုးတွေမှာ၊ လူထုအများဆုံး ရှိမယ့်နေရာ၊ စာကြည့်တိုက်တွေကို ဖြန့်ဝေပေးဖို့ လိုအပ်ပါမယ်။ အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေး ဥပဒေတွေ လေ့လာကြပါလို့ ပြောချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024