DVB Logo
Home
မြန်မာသတင်း
ဒေသ ၆ ခုတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စတင်
DVB
·
May 26, 2016
ဒေသ ၆ ခုတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း စတင်
Donate to DVB

ကချင်၊ အင်းတော်ကြီးကန်အနီးရှိ ကျေးရွာများ၊ ကရင်၊ သံတောင်ကြီး စတဲ့ဒေသတွေ အပါအ၀င် ဒေသ ၆ ခုမှာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ဖွံ့ဖြိုးရေးကို ရက် ၁၀၀ အတွင်း လုပ်ဆောင်သွားမယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ပြီး တိုက်ရိုက်အကျိုးရှိတဲ့လုပ်ငန်းမို့ အစိုးရသစ်လက်ထက် စတင်လုပ်ဆောင်တာလို့ ပြောပါတယ်။

“လူထုအခြေပြု ခရီးသွားလုပ်ငန်းက ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ပြီးတော့ တိုက်ရိုက်အကျိုးပြုတာဖြစ်ကြောင်း ကျနော်တို့ သိလာတယ်၊ သိလာတဲ့အတွက် ဒီလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းကို ပိုပြီးမြှင့်တင်ဆောင်ရွက်သွားမယ်ဆိုတဲ့ အစိုးရသစ်လက်ထက် မူဝါဒပေါ့လေ။”

အရင်က ရှိခဲ့ပေမယ့် အခု အစိုးရသစ်လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဟိုတယ်ခရီးဌာနက ရွေးချယ်ထားတဲ့ ဒေသ ၆ ခုဟာ လုံခြုံစိတ်ချ ဘေးကင်းတဲ့ဒေသတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ကချင်ပြည်နယ်၊ အင်းတော်ကြီးကန်အနီးတ၀ိုက်ရှိ ကျေးရွာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရေက်လည်ပတ်နိုင်ရန် တည်းခိုနေထိုင်နိုင်မယ့် အိမ်တွေ ဆောက်လုပ်ထားတယ်၊ ကန်အတွင်း လှည့်လည်ကြည့်ရှုနိုင်ဖို့ ကနူးလှေတွေ စီစဉ်ထားတယ်၊ ရွာတွေကို သွားလည်နိုင်ဖို့ စက်ဘီးတွေ အရန်သင့်ပြင်ထားတယ်၊ ဒေသထွက်ကုန်တွေ အမှတ်တရ ၀ယ်ယူနိုင်ဖို့ ပြင်ဆင်ထားတယ်၊ တခြားဒေသတွေမှာလည်း အလားတူ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ အင်းတော်ကြီးကန် ပတ်ဝန်းကျင် ကျေးရွာတွေ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ (ပန်ပက်၊ တနီးလာလဲ၊ ဟွေအော၊ စွပ်ပိုင်) ဒေသ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ၊ ရှမ်းပြည်နယ်မှာ  ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့နှင့် ကက္ကူကျေးရွာများ၊ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ ကန်တော်ကြီး (၁)၊ ကန်တော်ကြီး(၂)ကျေးရွာ၊ ဆူလီပန်းကျေးရွာ၊ အင်းရောင်းကျေးရွာ၊ မန္တလေး တိုင်းဒေသကြီးရှိ မင်းကွန်းနှင့် ကျောက်မြောင်းရွာ အကြားက  ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်း ကျွန်း၊ မြစ်ကမ်းကြီး၊ ဆည်သည်ကျေးရွာ ခြောက်ရွာ စသည့် ဒေသတွေမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက တွဲဘက်အတွင်းရေးမှူး ဒေါက်တာလူမွန်က ဒေသခံတွေ ၀င်ငွေတိုးမယ့်လုပ်ငန်းမို့ ကြိုဆိုတယ်လို့ ပြောပါတယ်။

“ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေသခံတွေ ၀င်ငွေရရှိမယ့် အခွင့်အလမ်း တိုးမြှင့်ပေးရာရောက်တဲ့အတွက်ကြောင့် အထူးပဲ ထောက်ခံကြိုဆိုပါတယ်။ နောက်တခုက ဒီလုပ်ငန်းကို နေရာဒေသအသစ်တွေမှာ ဖော်ထုတ်ခြင်းအားဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ အတွက် လည်ပတ်စရာနေရာတွေ တိုးလာသလို တိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးစံတွေကိုပါ လေ့လာလို့ ရနိုင်ကြတယ်လေ။”

မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေ တနှစ်ထက်တနှစ် တိုးတက်လာနေပြီး ၂၀၁၄ ခုနှစ်မှာ ခရီးသည် ၃ သန်းကျော်၊ ၂၀၁၅ ခုနှစ်မှာ ၄.၇ သန်းလောက် ၀င်ရောက်လည်ပတ်ခဲ့ပါတယ်။

အခု အစိုးရသစ်လက်ထက်မှာ ခရီးသည် ဘယ်လောက် ၀င်ရောက်ဖို့ မျှော်မှန်းလုပ်ဆောင်နေတယ်ဆိုတာမျိုး မကြားရပေမယ့် ခရီးသည်ဝင်ရောက်မှုဟာ ၂၅ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြား မှန်မှန် တိုးတက်နေတယ်လို့ ၀န်ကြီးဌာနစာရင်းဇယားတွေက ဖော်ပြနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013