Homeမေးမွနျးခနျးဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် မေးမြန်းချက်

လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှို့ဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေး စနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကိုပဲ အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည်ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာလိုက်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် မြေပုံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦီးဖေသန်းကို မေးမြန်းထားပါတယ်။
မဲပေးတာနဲ့ပတ်သက်လို့ ဒီနေ့လွှတ်တော်မှာ နောက်ပိုင်း လျှို့ဝှက် မဲပေးစနစ် မရှိတော့ဘူးလို့ ကြားပါတယ်။
“ဒီနေ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးပြီးတော့ ကိုယ်စားလှယ်အချို့က စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို မကြိုက်ဘူး။ သံသယရှိတယ်လို့ ကြားပါတယ်။ အဲဒီတော့ စက်ခလုတ်ခုံအစား နောက်ဆိုရင် မဲခွဲမယ်ဆိုရင် လျှို့ဝှက် စက်ခလုတ်ခုံနဲ့ မခွဲတော့ဘဲ ဗြောင်မဲပေးတော့မယ်။ အဲလို ဗြောင်မဲပဲပေးတဲ့အတွက် ဘာမှကြောင့်ကြစရာ မရှိဘူး။ ဘာမှအနှောင့်အယှက်ပေးလည်း မခံရဘူး။ အနှောင့်အယှက် ပေးနိုင်တဲ့အခြေအနေလည်း မရှိပါဘူးတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောဆိုချက်က စည်းကမ်းတခုအနေနဲ့ ဖြစ်သွားပြီလား။ ဒါမှမဟုတ်ရင် လွှတ်တော်ကိုယ်စားလှယ်တွေကနေ စောဒက တက်ဖွယ်တွေကော ရှိလား။ ဘာတွေ ဆက်ဆွေးနွေးဖို့ ရှိသေးလဲ။
“ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ စကားက အတည်ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လျှို့ဝှက်မဲပေးတဲ့ စနစ်ဖြစ်ဖြစ်၊ ဗြောင်မဲပေးစနစ်ဖြစ်ဖြစ် သူက ဆုံးဖြတ်ခွင့်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စက်ခလုတ်ခုံနဲ့ မဲပေးတဲ့စနစ်ကို နည်းနည်းသံသယရှိတယ်လို့ သူပြောတာ။ တချို့ကလည်း အဲလိုပဲမြင်တယ်လေ။ ဘာလို့လဲဆိုတော့ စက်ခလုတ်ခုံက ထိန်းချုပ်တဲ့အခန်း ရှိတယ်။ အဲဒီနေရာက ဘယ်သူဘာမဲပေးတယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး တချို့ကလည်း ပြောတယ်။ တချို့ကလည်း အဲဒီစက်ခလုတ်ခုံရဲ့ ထိန်းတဲ့ အခန်းကနေ ဘာကိုဘယ်လို လုပ်လို့ရတယ်။ ပြောင်းလဲလို့ရတယ် ဆိုပြီးတော့ ကိုယ်စားလှယ်တချို့က သံသယရှိတာ အမှန်ပဲပေါ့။ အဲဒီအတွက် စက်ခလုတ်ခုံကို မသုံးဘဲ ဗြောင်မဲပေးတဲ့စနစ်ကိုပဲ သုံးတော့မယ်ဆိုပြီးတော့ ဖြစ်သွားတာပါ။”
လွန်ခဲ့တဲ့အပတ်က အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် တယောက်က အဆိုတင်သွင်းတဲ့ အခါမှာ မတ်တတ်ရပ်ပြီး မဲပေးရတော့ တချို့တွေက အင်အားစုများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးက ငြိုငြင်မှာဆိုးလို့ ကြားနေလိုက်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ နောက်ပိုင်းမှာ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးလား။ ဘယ်လိုမြင်လဲ။
“ကျနော်တို့နိုင်ငံကတော့ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံ မဟုတ်တော့ အဲဒီလို စပ်ကူးမတ်ကူး ကာလမှာ စိုးရိမ်ကြောင့်ကြမှုတွေလည်း ရှိနိုင်တယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံမှာဆိုရင် ကိုယ်စားလှယ်တွေက ကိုယ့်ပါတီ သူ့ပါတီမရွေးဘူး။ မှန်တယ်ထင်ရင် သူများဘက်က လာပြီးတော့ အဆိုတင်သွင်းရင်လည်း ထောက်ခံပေးလိုက်တာပဲ။ မှားတယ်ထင်ရင်တော့ ကိုယ့်ပါတီက တင်ပြပါစေ၊ ကန့်ကွက်လိုက်တာပဲ။ ကျနော်တို့နိုင်ငံမှာတော့ ဒီမိုကရက်တစ် အင်အားစုတွေ ဆိုတာ လွှတ်တော်ထဲမှာ သိပ်ပြီးနည်းပါတယ်။ အခုပြည်သူ့လွှတ်တော်မှာဆိုရင် ၅၀ လောက်ပဲရှိတာ။ အရေးပေါ်ပုဒ်မအက်ဥပဒေ ပြင်ဆင်ဖို့ကို ဦးသိန်းညွန့်က တင်သွင်းတဲ့အခါမှာ ကျနော်တို့ဘက်က အဲဒီပုဒ်မရဲ့ အကြောင်းအရာတွေကို အတိအကျ မသိဘူး။ ဦးသိန်းညွန့် ပြောတဲ့ဘက်ကိုလည်း ကျနော်တို့ ထောက်ခံသလို တဖက်က ပြန်ရှင်းတော့လည်း ကျနော်တို့က ဇဝေဇ၀ါဖြစ်သွားတာပေါ့။ အဲဒီပုဒ်မအပေါ်မှာ ကျနော်တို့က ကြိုတင်လေ့လာမှုမရှိဘဲနဲ့ ဖြစ်သွားတာပါ။ ဒီမိုကရက်တစ် အင်အားစုတွေက ကြောက်စိတ်ကြောင့်၊ အခွင့်အရေးကြောင့် အခုလိုမျိုး မရှိပါဘူး။ ပြတ်ပြတ်သားသားပဲ ထောက်ခံရဲပါတယ်။
“တခုရှိတာက ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ၊ တပ်မတော်အင်အားစုတွေ အနေအထားကတော့ ကျနော်တို့က အဲဒီလိုစက်ခလုတ်ခုံနဲ့ပေးရင် နည်းနည်းများ ပိုလာမလားလို့ သူတို့ကြိုက်တဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကလည်း ဗြောင်မဲပေးတယ်ဆိုတော့ ဒီဘက်ကို ကူးပြောင်းလာဖို့ မလွယ်ဘူးလေ။ ဗြောင်မဲပေးတော့ သူတို့အကုန်လုံး ညီညီညာညာပဲ။ အကုန်လုံးပဲ သဘောပေါက်လွယ်တယ်။ ဥပဒေတွေကို သဘောပေါက်လွယ်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေရော၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေရော၊ အကုန်တယောက်မကျန် မတ်တတ်ရပ်တယ်။ ကန့်ကွက်ရင်လည်း အကုန်လုံး ကန့်ကွက်တယ်။”
စက်ခလုတ်ခုံ ပျက်ယွင်းမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စက်ခလုတ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့လူတွေ အဆင့်ဆင့်ကို အရေးယူ ဆောင်ရွက်တာတွေ ကြားရလား။
“အဲဒါမျိုး မကြားရဘူးခင်ဗျ။ အမှန်က ဒီခေတ်မှာ စက်ခလုတ်ခုံပျက်လည်း ခနပေါ့။ လုပ်နိုင်ရင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို အကြံအစည်ရှိရှိနဲ့ လုပ်မလုပ်တော့ မသိဘူး။ အခုဖြစ်နေတာတော့ စက်ခလုတ်ခုံကဏ္ဍ လုံးဝပိတ်သွားပြီ။”
ဒီလိုမျိုး ဗြောင်မဲပေးတာနဲ့ စာရင် မဲပုံးတခုထဲမှာ လျှို့ဝှက်မဲထည့်ကြဆိုပြီး ဗြောင်ရေတွက်တာမျိုးက ပိုမသင့်တော်ဘူးလား။
“မဲလက်မှတ်နဲ့ပေးတာ အကောင်းဆုံးပါပဲ။ အဲဒီစနစ်က အရင်သမ္မတ ရွေးတုန်းက သုံးခဲ့တယ်။ ဒါပေမယ့် အချိန်တော့ပေးရတယ်။ အခုလို ဗြောင်မတ်တပ်ရပ်လိုက်ဆိုတော့ အချိန်က တမိနစ်လောက်အတိုင်းအတာမှာ ပြီးသွားတယ်။ လျှို့ဝှက်မဲပေးစနစ်နဲ့တော့ အကောင်းဆုံးပဲ။ ဒါပေမယ့် အဲဒါကိုမှ မညွှန်းတာ။ လျှို့ဝှက်မဲပေးစနစ်၊ စက်ခလုတ်ခုံက မဲပေးစနစ်၊ ဗြောင်မဲပေးစနစ် အဲဒီလိုမျိုး ကျင့်သုံးနိုင်တဲ့အခြေအနေမှာ နှစ်ခုက တခုပဲရွေးလိုက်တော့ လျှို့ဝှက်မဲပေးတဲ့စနစ်က ပျက်သွားတာပေါ့။ အမှန်က မဲလက်မှတ်နဲ့ပေးရင်တော့ အကောာင်းဆုံးပဲ။ ဒါပေမယ့် အဲဒီစနစ်ကိုမှ မသုံးတာ။ အဲဒီအခြေအနေမှာ ကျနော်တို့က ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒီအတိုင်းပဲ ကြည့်နေရတာပေါ့။”
ဗြောင်မဲပေးတဲ့စနစ်က တပ်မတော်သား ၂၅ ရာခိုင်နှုန်းအင်အားစုနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီထဲက အင်အားစုတွေက လျှို့ဝှက်မဲပေးပြီးတော့ အများပြည်သူ လိုလားတဲ့ ပြောင်းလဲစေချင်တဲ့ ကိစ္စတွေမှာ ပြောင်းလဲလို့ မရဘူးဆိုတဲ့ ခြိမ်းခြောက်မှုလိုမျိုးကော မမြင်ဘူးလား။
“အခြေအနေက စပ်ကူးမတ်ကူးကာလ ဖြစ်နေလို့ပါ။ ပြီးတော့ တပ်မတော်က ဘယ်ပါတီရဲ့ နောက်မြီးဆွဲအင်အားစု မဖြစ်သင့်ဘူး။ ပါတီရဲ့လက်ကိုင်တုတ်လည်း မဖြစ်သင့်ဘူး။ ကိုယ့်ရဲ့ မှန်ကန်မှုအပေါ်မှာ သီးခြားရပ်တည်သင့်တဲ့ အဖွဲ့တခုလို့ ကျနော်ယူဆတယ်။ သူများက ထောက်ခံဆိုထောက်ခံတယ်၊ ကန့်ကွက်တယ်ဆို ကန့်ကွက်တယ် အဲလိုမျိုး ဖြစ်နေရင် တပ်မတော်အပေါ်မှာ ပြည်သူက လေးစားမှာမဟုတ်ဘူး။ တပ်မတော်က လွှတ်တော်ထဲမှာ အင်အားကို ထိန်းညှိပေးတဲ့ အဖွဲ့အစည်းပဲဖြစ်သင့်တယ်။ ဒါမှလည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုတိုးတက်လာမယ်။ တပ်မတော်က သီးခြားရပ်တည်ပြီးတော့ ထိန်းညှိပေးတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်စေချင်တယ်။ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ဘက်က မဲကတော့ ဗြောင်မဲပေးတဲ့စနစ်နဲ့ဆိုတော့ ဒီလိုအချိန်အခါမျိုးမှာတော့ တပြားတချပ်မှ ရနိုင်မယ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။”