DVB Logo
Home
မြန်မာသတင်း
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်လာနိုင်
DVB
·
May 25, 2016
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်လာနိုင်
Donate to DVB

အစိုးရသစ် ရက် ၁၀၀ အတွင်း တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ပြီး စီမံကိန်းတခုနဲ့ ပြုလုပ်သွားမယ့် သတင်းကြောင့် အိမ်ခြံမြေဈေးကွက်ဈေးနှုန်း တည်ငြိမ်သွားနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်လိုက်ပါတယ်။

အစိုးရသစ် ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတွေကို စီမံကိန်းတခုနဲ့ ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

အဲဒီထုတ်ပြန်ချက်ကြောင့် အိမ်ခြံမြေဈေးကွက်က အရင်လို ဈေးနှုန်းအတက်အကျ မြန်မြန်နဲ့ မဟုတ်တော့ဘဲ ဈေးနှုန်းတည်တည်ငြိမ်ငြိမ်နဲ့ ဈေးကွက်မာလာနိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

“လောလောဆယ် အိမ်ရာနဲ့ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ အကျပ်အတည်းက ဘာလဲဆိုတော့ နေလိုတဲ့ပမာဏနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ အိမ်ရာယူနစ်ပေါ့။ မြေဆိုလည်းမြေပေါ့။ တိုက်ခန်းဆိုလည်း တိုက်ခန်း၊ ကွန်ဒိုဆိုလည်း ကွန်ဒိုပေါ့။ အဲဒါတွေက မမျှမတ ဖြစ်နေတာကိုး။ ဆိုတော့ နေချင်တာကများပြီးတော့ ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏ နည်းတဲ့အခါကျတော့ ဈေးနှုန်းမှာ ဈေးကွက်သဘောအရ တက်သွားတဲ့ သဘောပေါ့။

"တကယ်လို့များ သူ့အတန်းအစားနဲ့သူ ၀ယ်နိုင်တဲ့ အိမ်ရာမျိုး၊ သူ့အလွှာနဲ့သူ တတ်နိုင်တဲ့ အိမ်ရာမျိုးတွေ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချိန်မှာ ပေါ်ထွန်းလာမယ်ဆိုရင် လိုအပ်တဲ့အနေအထားကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေဖြစ်သွားလိမ့်မယ်။ အဲဒါမျိုးဆိုရင် အိမ်ရာနဲ့ပတ်သက်ပြီးတော့လည်း ဈေးနှုန်းတွေ ဖောင်းပွစရာလည်း အကြောင်းမရှိဘူး။ နောက်တခုက အိမ်ရာအကျပ်အတည်းလည်း ဖြစ်စရာမရှိဘူး။ အဲဒီအခြေအနေမှာ သူထိုက်သင့်တဲ့ဈေးနှုန်းနဲ့ ပြန်ငြိမ်သွားမယ်လို့ အန်ကယ်မြင်ပါတယ်။”

လက်ရှိအချိန်မှာတော့ အိမ်ခြံမြေဈေးကွက်က အစိုးရသစ် အကူးအပြောင်း မိုးတွင်းကာလနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကြောင့် ဈေးကွက်သိသိသာသာ အေးနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင်တော့ ဈေးကွက်ပြန်ကောင်းဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

“အိမ်ခြံမြေဈေးကွက် အခြေအနေကတော့ လက်ရှိအခြေအနေမှာ အေးနေတဲ့ အခြေအနေရှိတယ်။ လူတွေကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာမယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်ရဲ့ အခြေအနေက နည်းနည်းပါးပါး ပြန်ပြီးတော့ နိုးထလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပေါ့လေ။ လက်ရှိ အခြေအနေကတော့ အေးနေတယ်လို့ပဲ ပြောရမှာပေါ့” လို့ ဆွေသဟာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်ထွန်းနိုင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

တန်ဖိုးနည်းအိမ်ရာနဲ့ပတ်သက်ပြီး ကျပ်သိန်း ၁၀၀ အောက်ကို ရနိုင်သမျှ ဆောက်လုပ်ပေးဖို့ ရည်ရွယ်ထားပြီး မြို့ပြအိမ်ရာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရန်ကုန်နဲ့ မန္တလေးတွေမှာ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရက် ၁၀၀ စီမံကိန်းအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၂၀၀ ကျော်ကို အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

လက်ရှိ တန်ဖိုးနည်းအိမ်ရာမှာရှိတဲ့ တိုက်ခန်းတွေရဲ့ ဈေးနှုန်းကတော့ ကျပ်သိန်း ၂၀၀၊  ၃၀၀ ဝန်းကျင် ရှိပါတယ်။

သတင်း - ခင်နှင်းဖြူစိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013