DVB Logo
Home
မြန်မာသတင်း
ဗြောင်မဲ​ပေး​စနစ်သာ ကျင့်​သုံး​တော့​မည်ဟု ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ​ကြေညာ
DVB
·
September 5, 2011
ဗြောင်မဲ​ပေး​စနစ်သာ ကျင့်​သုံး​တော့​မည်ဟု ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ​ကြေညာ
Donate to DVB

လွှတ်​တော်အတွင်း​ အဆို​တွေကို မဲခွဲဆုံး​ဖြတ်တဲ့​နေရာမှာ လျှိုဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲ​ပေး​စနစ်ကို မကျင့်​သုံး​တော့​ဘဲ ​ဗြောင်မဲ​ပေး​စနစ်ကို အမြဲတမ်း​ ကျင့်​သုံး​တော့​မယ်လို့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌက သူရ ဦး​ရွှေမန်း​က ​ကြေညာလိုက်ပါတယ်။

ဒီက​နေ့​ ​နေ့​လယ်ပိုင်း​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​အပြီး​ ပြန်လည် ​ခေါ်ယူကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​မှာ အခုလို ​ကြေညာတာလို့​ အစည်း​အ​ဝေး​တက်​ရောက်ခဲ့​တဲ့​ ​မြေပုံမဲဆန္ဒနယ်က ပြည်သူ့​လွှတ်​တော်အမတ် ဦး​ဖေသန်း​က ​ပြောပါတယ်။

“စက်ခလုတ်ခုံက ထိန်း​ချုပ်ထား​တဲ့​ အခန်း​ရှိတယ်။ အဲဒီ​နေရာက ဘယ်သူဘာမဲ​ပေး​တယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး​ တချို့​ကလည်း​ ​ပြောတယ်။ တချို့​ကလည်း​ အဲဒီစက်ခလုတ်ခုံရဲ့​ ထိန်း​တဲ့​အခန်း​က​နေ ဘာကိုဘယ်လို လုပ်လို့​ရတယ်။ ​ပြောင်း​လို့​ရတယ် ဆိုပြီး​တော့​ ​ပြောတာ​ပေါ့​။ အဲဒီအ​ပေါ်မှာ ဥက္ကဋ္ဌကြီး​က ကြား​သွား​တယ် ထင်ပါတယ်။ အဲဒါကို စက်ခလုတ်ခုံကို အများ​စုက သံသယဖြစ်တဲ့​အတွက် အဲဒါကို မ​ပေး​တော့​ဘူး​ဆိုပြီး​ ​ဗြောင် မတ်တပ်ရပ်တဲ့​ စနစ်ကိုပဲ သုံး​တော့​မယ်ဆိုပြီး​ ​ကြေညာတယ်။”

ဗြောင်မဲစနစ် ကျင့်​သုံး​ဖို့​ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ကိုလည်း​ ဦး​ဖေသန်း​က ​ဝေဖန်ထား​ပါတယ်။

“လျှို့​ဝှက်မဲ​ပေး​စနစ်ကို ဒီမိုကရက်တစ်ဘက်က ကြိုက်တယ်။ အခုဟာက ​ဗြောင်ကြီး​ဆို​တော့​ ဘယ်သူမှ သူတို့​ဘက်က သင်း​ကွဲပြီး​တော့​ ဦး​တို့​ဘက်ကို အဆို ဘယ်​လောက်​ကောင်း​ကောင်း​ လာပြီး​တော့​ ​ထောက်ခံမယ့်​ အ​ခြေအ​နေ မရှိ​တော့​ဘူး​။ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ​တော်ကိုယ်စား​လှယ်​တွေက သ​ဘော​ပေါက် လွယ်တယ်။ သူတို့​က ထရင်လည်း​ အကုန်လုံး​၊​ ထိုင်ရင်လည်း​ အကုန်လုံး​ပဲ။ ဇာတ်တိုက်ထား​သလိုပဲ ညီညီညာညာနဲ့​ သ​ဘော​ပေါက်ကြတယ်။ အဲဒါမျိုး​ပေါ့​။”

အမည်မ​ဖော်လိုတဲ့​ လွှတ်​တော်ကိုယ်စား​လှယ်အချို့​က​တော့​ အခြား​ ယုံကြည်စိတ်ချရတဲ့​ လျှို့​ဝှက်မဲ​ပေး​စနစ်မျိုး​တွေ လွှတ်​တော်တွင်း​ ကျင့်​သုံး​ဖို့​ ဆန္ဒရှိ​နေကြပါတယ်။

ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က​တော့​ ​ဗြောင်ဆန္ဒမဲ​ပေး​မှု​ကြောင့်​ အ​ရေး​ယူမှု​တွေ မရှိ​စေရဘူး​လို့​ အာမခံ ​ပြောကြား​ထား​တယ်လို့​လည်း​ ဦး​ဖေသန်း​က ဆိုပါတယ်။

“အဲဒီလို​ဗြောင်မဲ​ပေး​လို့​ အ​ရေး​ယူတာတို့​ အ​နှောင့်​အယှက်​ပေး​ဖို့​ ဆိုတာ မရှိဘူး​တဲ့​။ အဲဒီလို လုပ်ပိုင်ခွင့်​လည်း​ မရှိဘူး​တဲ့​။ အဲဒါ​ကြောင့်​ ကိုယ်နှစ်သက်တယ် ဆိုရင် ​ဗြောင်မတ်တပ်ရပ်ပြီး​တော့​ ​ထောက်ခံ-ကန့်​ကွက် လုပ်နိုင်တယ်။ ဘယ်သူမှ အ​ရေး​ယူလို့​လည်း​ မရဘူး​။ အ​ရေး​ယူပိုင်ခွင့်​လည်း​ မရှိဘူး​။ အဲဒါ​တော့​ ​ပြောပါတယ်။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​တွေက လွှတ်​တော် အစည်း​အ​ဝေး​တွေ အတွင်း​မှာ​တော့​ ​ဗြောင်မဲ​ပေး​စနစ်​ကြောင့်​ ကိုယ်စား​လှယ်အချို့​ရဲ့​ အဆို​တွေ မဲခွဲဆုံး​ဖြတ်ရာမှာ ​ထောက်ခံတဲ့​ ကိုယ်စား​လှယ် အနည်း​ငယ်ပဲရပြီး​ မဲအပြတ်အသက်နဲ့​ ရှုံး​နိမ့်​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013