Home
မြန်မာသတင်း
လက်နက်စွန့်ရေးမူကို တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့ အပြင်းအထန်ကန့်ကွက်
အေးနိုင်
·
May 24, 2016
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ကို လက်နက်စွန့်ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က ပြောဆိုခဲ့တဲ့အပေါ် အဆိုပါ ၃ ဖွဲ့က အပြင်းအထန်ကန့်ကွက်ကြပါတယ်။ တပ်မတော်အကြီးအကဲက မေ ၁၃ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားစဉ်မှာ ကိုးကန့် တပ်မတော်၊ ရက္ခိုင်တပ်တော်၊ တအာင်းပလောင် တပ်မတော်သုံးဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ဘဲ လက်နက်စွန့်ဖို့သာ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားတဲ့ မြန်မာ့တပ်မတော်ရဲ့သဘောထားဟာ ပြည်တွင်းစစ် ဆက်လက်တောက်လောင်စေမယ့် မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူသာ ဖြစ်တာကြောင့် ကန့်ကွက်ကြောင်း မေ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည်ဖော်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ မြန်မာအစိုးရအနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွား နေတဲ့စစ်ပွဲတွေကို ရပ်စဲပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့် နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အလေးအနက်ထား တိုက်တွန်းနှိုးဆော်ကြပါတယ်။ ဒီ၃ ဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ရေးဆွဲရေး လုပ်ငန်းစဉ်မှာ အစကနေအဆုံးထိ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။ ဒါပေမယ့် စာချုပ်ကို အချောသတ်သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်အစိုးရက ဒီသုံးဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးမှုကို ကန့်သတ်ခဲ့ပါတယ်။ ဒီကန့်သတ်ချက်အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စတဲ့အဖွဲ့တွေက လက်မခံတာကြောင့် လက်မှတ်ရေးထိုးခြင်းမပြုခဲ့ကြပါဘူး။ ဒါပေမယ့် အန်စီအေစာချုပ်ကို အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နဲ့ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဟာ လက်ရှိမှာ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်အဖြစ် ဖွဲ့စည်းထားကြပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဝင်တွေ ဖြစ်ကြ ပါတယ်။ မေလဆန်းပိုင်းက ရှမ်းပြည်မြောက်ပိုင်းဒေသက ပဋိပက္ခဖြစ်ပွားရာဒေသကို လာရောက်လေ့လာ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ် ရိုလန်ကိုဘီယာရဲ့ ‘တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား လက်နက်စွန့်ရန်” မှတ်ချက်ပြုပြောဆိုချက်နဲ့စပ်လျဉ်းပြီး ဒီပြောဆိုချက်ဟာ တပ်မတော်ဖက်မှ ဘက်လိုက်ပြောဆိုခြင်းဖြစ်ပြီး ကုလသမဂ္ဂ ချာာတာပါအချက်နဲ့ရော၊ ဥရောပသမဂ္ဂအခြေခံမူတွေနဲ့လည်း ဆန့်ကျင်ကွဲလွဲတယ်လို့ ထောက်ပြထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ မြန်မာအစိုးရသစ်လက်ထက်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးကိစ္စရပ်တွေ ချောချောမွေ့မွေ့ညှိနှိုင်းဆောင်ရွက်ပြီး စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် တိုက်ပွဲထိတွေ့မှုတွေလျော့ချကာ အကောင်းဆုံးပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ တပ်မတော်က တိုင်းရင်းသားဒေသတွေကို အပြင်းအထန်ထိုးစစ်ဆင်နေပေမယ့် သူတို့အနေနဲ့ တိုက်ပွဲတွေ လျော့ချနိုင်အောင် ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။ အဆိုပါတိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ဟာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ရက္ခိုင့်တပ်မတော်)၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မြန်မာနိုင်ငံအမှန်တရားနှင့် မျှတမှု အမျိုးသား ပါတီ) တို့ဖြစ်ပါတယ်။ အစိုးရသစ်တက်ပြီးမကြာမီမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်းခေါ်ယူလိုကြောင်းနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်ထွက်ပေါ်ခဲ့ပြီးနောက် လုပ်ငန်းတွေစတင်အကောင်အထည်ဖော်ဖို့ အစပြုချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်စီအေ လက်မှတ်ထိုးထားကြတဲ့ ၈ ဖွဲ့နဲ့ဆွေးနွေးဖို့ ဆပ်ကော်မတီတခု၊ အန်စီအေမထိုးကြရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဆပ်ကော်မတီဖွဲ့စည်းဖို့ ညွန်ကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုသူကိုသာ နိုင်ငံတော်သမ္မတက ခန့်အပ်ပေးရတာဖြစ်လို့ အစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ တပ်မတော် ခေါင်းဆောင်တွေနဲ့ ကြိုတင်ညှိနှိုင်းဖို့ လိုအပ်တယ်လို့ အကဲခတ်သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024