ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေ ၅ ခုကို ၁ နာရီအတွင်း ဆုံးဖြတ်
DVB
·
September 5, 2011

ဒီနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်းခဲ့တဲ့ ဥပဒေ ၅ ခု ဖျက်သိမ်းတာနဲ့ ပြင်ဆင်တာတွေကို ၁ နာရီအတွင်း ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်ထောင်စု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်း တင်သွင်းတဲ့ အမြတ်ခွန် ဥပဒေ ဖျက်သိမ်းရေး၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်း ဥပဒေ ပြင်ဆင်ရေး၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပြင်ဆင်ရေး၊ ၀င်ငွေခွန်ဥပဒေ ပြင်ဆင်ရေးနဲ့ ရုံးခွန်ဥပဒေ ပြင်ဆင်ရေးစတဲ့ အဆိုတွေကို ဆုံးဖြတ်ခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
“အဲဒီ ဥပဒေကြမ်း ၅ ခုလုံးကို တနာရီလောက်အတွင်းမှာ ပြီးသွားပါတယ်။ အခွန်ဘဏ္ဍာဝန်ကြီးက နည်းနည်းဆွေးနွေးပြီး တင်ပြဖို့လုပ်တယ်။ အဲဒီအပေါ်မှာ နာယက ဦးခင်အောင်မြင့်က မဆွေးနွေးပါနဲ့တဲ့။ အဆိုတင်ပြရုံပဲ တင်ပြပါတဲ့။ ထောက်ခံမယ့်သူများကိုလည်း မဆွေးနွေးပါနဲ့၊ ထောက်ခံတယ်ဆိုရင် ထောက်ခံတယ် ပြီးရောဆိုပြီး အဲလိုမျိုး လုပ်ပြီး ဥပဒေကြမ်း ၅ ခု အတည်ပြုတာကို တနာရီလောက်အတွင်းမှာ ပြီးသွားတယ်။”
ကိုယ်စားလှယ်အားလုံးကို ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ပြင်ဆင်ဖျက်သိမ်း ဥပဒေတွေ ပေးထားပြီး ဖြစ်ပေမယ့် ၀င်ရောက်ဆွေးနွေးတဲ့ ကိုယ်စားလှယ် မရှိဘူးလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
“ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ စိတ်ဝင်တစားနဲ့ ပြင်ဆင်ချက် ပေးတာမျိုး မရှိဘူး။ အဲဒါကြောင့်လည်း လွယ်လွယ်ကူကူပဲ ဥပဒေကြမ်း ၅ ခုလောက်ကို တနာရီလောက်အတွင်း ပြီးသွားတာပေါ့။ သူ့ဟာတွေက တံဆိပ်ခေါင်းတို့၊ တော်တော်လေးကို ကြာတဲ့ခေတ်ဥပဒေတွေထင်ပါတယ်။ ဘဏ္ဍာအခွန်စီးပွားရေးက ပတ်သက်တဲ့လူတွေလည်း ဘာမှပြောဆိုသံလည်း မကြားပါဘူး။”
ဖျက်သိမ်းလိုက်တဲ့ အမြတ်ခွန်ဥပဒေတွေကို အစိုးရ၀န်ကြီးဌာနနဲ့ လွှတ်တော် ဥပဒေမူကြမ်းကော်မတီတွေက အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ ပြန်လည်အစားထိုး ကျင့်သုံးမှာလို့ ကိုယ်စားလှယ်တချို့က ရှင်းပြကြပါတယ်။
အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန် အဆိုပြုထားတဲ့ ပြည်ထောင်စု သစ်တောရေးရာဝန်ကြီးဌာနကို ပြည်ထောင်စု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲဖို့အဆိုကို အတည်ပြုခဲ့ပါတယ်။
