A d v e r t i s e m e n t With Us

သန်း​ရွှေ အလွန် (၂)

ပြီး​ခဲ့​တဲ့​မတ်လ ၃၀ ရက်​နေ့​မှာ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ မြန်မာ့​တပ်မ​တော်ရဲ့​ အမြင့်​ဆုံး​ဖြစ်တဲ့​ ကာကွယ်​ရေး​ဦး​စီး​ချုပ် ဖြစ်လာပါပြီ။ သူဟာ ၁၀ ဦး​မြောက် ကာကွယ်​ရေး​ ဦး​စီး​ချုပ်ပါ။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ တရား​ဝင် ရာထူး​လွှဲ​ပြောင်း​ပေး​ပြီး​ ​နောက်ပိုင်း​မှာ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ တပ်မ​တော်မှာ အဖွဲ့​အစည်း​ပိုင်း​ကို သိသာမြင်သာတဲ့​ အ​ပြောင်း​အလဲ​တွေ စတင်လုပ်​ဆောင်​နေပြီလို့​ ပြည်တွင်း​ပြည်ပ စစ်​ရေး​အကဲခပ်​တွေက သုံး​သပ်ကြပါတယ်။ မြန်မာ့​တပ်မ​တော် ဖွဲ့​စည်း​ပုံစနစ်​တွေ ​ပြောင်း​လဲလာပုံကို ​လေ့​လာသူ​တွေရဲ့​ သုံး​သပ်ချက်​တွေနဲ့​ တင်ပြပါ့​မယ်။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်တုန်း​က ရပ်နား​ထား​တဲ့​ တနိုင်ငံနဲ့​တနိုင်ငံ တပ်မ​တော်အချင်း​ချင်း​ ​လေ့​ကျင့်​ရေး​သင်တန်း​တွေကို ​စေလွှတ်တာ​တွေ ပြန်လည် စတင်လာပြီး​ စစ်ဆင်​ရေး​အတွက် အ​ရေး​ကြီး​တဲ့​ ဌာနအဖွဲ့​အစည်း​တချို့​ကိုလည်း​ ဖျက်သိမ်း​နေတယ်လို့​ သိရပါတယ်။ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်အကြီး​အကဲ ဖြစ်လာပြီး​ မကြာခင်မှာပဲ ကစထ (စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​) ရာထူး​တွေ၊​ အ​ရေး​ကြီး​တဲ့​ စစ်တိုင်း​မှူး​တွေကို ထုတ်ပစ်တာ​တွေ၊​ ​နေရာအ​ပြောင်း​လဲတာ​တွေ လုပ်လာပါတယ်။ စစ်ရုံး​က ထိပ်ပိုင်း​ဗိုလ်ချုပ်​တွေကိုလည်း​ လာဘ်​ပေး​လာဘ်ယူမှု​တွေနဲ့​ ပတ်သက်ပြီး​ ​ခေါ်ယူစစ်​ဆေး​ ​မေး​မြန်း​နေတယ်လို့​လည်း​ သတင်း​တွေ ထွက်​ပေါ်​နေပါတယ်။ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်​နောက်ပိုင်း​ တပ်မ​တော်ရဲ့​ ဖွဲ့​စည်း​ပုံနဲ့​ နည်း​စနစ် များ​များ​စား​စား​ ​ပြောင်း​လဲမသွား​ဘဲ စစ်ဆင်​ရေး​အထူး​အဖွဲ့​တွေပဲ ​ပြောင်း​လဲသွား​တယ်လို့​ ထိုင်း​-မြန်မာနယ်စပ်က စစ်​ရေး​အကဲခတ် ဦး​ကျော်ကိုက သုံး​သပ်​ပြောကြား​ပါတယ်။ “ဖွဲ့​စည်း​မှု ပုံသဏ္ဌာန်က​တော့​ အများ​ကြီး​ ​ပြောင်း​တာ​တော့​ မ​တွေ့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ရဲ့​ စနစ်ပိုင်း​မှာ​တော့​ ​တော်​တော်​လေး​ကို ​ပြောင်း​သွား​ပုံရတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အရင်တုန်း​က​တော့​ ဗိုလ်ချုပ်သန်း​ရွှေတို့​ စသည်ဖြင့်​ ဒီလိုထိပ်ပိုင်း​ တဦး​နှစ်ဦး​လောက်မှာ အာဏာတည်ထား​ပြီး​တော့​ ​တော်​တော်များ​များ​ကို ဆုံး​ဖြတ်လုပ်ကိုင်​နေမှုက​နေ အခု​တော့​ သူတို့​ တစုံတရာ လွှဲသွား​တယ်။ ဒါမှမဟုတ် ​နောက်ဆုတ်သွား​တာ​ပေါ့​။ ဒီလို အသစ်ပြန်တက်လာတဲ့​ စစ်​ခေါင်း​ဆောင် အသစ်​တွေ ကြား​ထဲမှာ​တော့​ အုပ်ချုပ်မှုပိုင်း​ဆိုင်ရာ​တွေမှာ မနိုင်နင်း​မှုနဲ့​ အား​လုံး​ကို ထိန်း​ချုပ်ကိုင်တွယ်နိုင်မှု​ပေါ့​။ ဒီအပိုင်း​မှာ​တော့​ ကျ​နော်ထင်တယ် ပြဿာနာ ရှိနိုင်မယ် ထင်တယ်။ စုဖွဲ့​မှုက​တော့​ အများ​ကြီး​ မသိသာ​ပေမယ့်​ ကစထ ပိုင်း​မှာ​တော့​ တစုံတရာ အ​ပြောင်း​အလဲ ရှိမယ်လို့​ နှိုင်း​ကြည့်​နိုင်တယ် ထင်တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အခုဆိုရင် ကစထမှူး​က ​လော​လောဆယ် သတင်း​ထွက်​ပေါ်လာမှု အ​ခြေအ​နေ​တွေကို အတည်ပြုမယ်ဆိုရင် ၂ ​ယောက်​လောက်ပဲ ကျန်​တော့​မယ်။ အဲဒါဆို​တော့​ ဟိုး​အရင်​ခေတ်တုန်း​ကလိုပဲ ကစထ​တွေကို တခုနှစ်ခု​လောက်ပဲ ထား​တော့​မယ်။ ကျန်တဲ့​ဟာ​တွေကို ပြန်ပြီး​တော့​ အစား​မထိုး​တော့​ဘဲနဲ့​ ဒီအတိုင်း​ထား​မယ်​ပေါ့​။ ဒါမျိုး​လည်း​ ဖြစ်နိုင်တယ်။ အုပ်ချုပ်​ရေး​နဲ့​ စစ်​ရေး​ပိုင်း​တွေမှာ ဟန်ချက်ညီ ထိန်း​သိမ်း​နိုင်ဖို့​ အတွက် ပထမဦး​ဆုံး​ စုဖွဲ့​မှုပုံစံရဲ့​ အ​ပြောင်း​အလဲ တခုလို့​ မှတ်ယူမယ်ဆိုရင် ရနိုင်မယ် ထင်တယ်။” ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​အ​ကြောင်း​ကို အကျဉ်း​ချုံး​ ​ပြောပြလိုပါတယ်။ ‘ကစထ’မှူး​လို့​ လူသိများ​တဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​ ဆိုတာကို မြန်မာဆိုရှယ်လစ်လမ်း​စဉ်ပါတီ​ခေတ် ဦး​နေဝင်း​ လက်ထက် ၁၉၇၉ ခုနှစ်မှာ စတင်ဖွဲ့​စည်း​ပါတယ်။ အဓိက ရည်ရွယ်ချက်က​တော့​ စစ်တိုင်း​မှူး​တွေကို ကြီး​ကြပ်ကွပ်ကဲဖို့​နဲ့​ စစ်ဆင်​ရေး​တွေမှာ ဦး​ဆောင်ညွန်ကြား​ဖို့​ ရည်ရွယ်ဖွဲ့​စည်း​ခဲ့​တာပါ။ စစ်တပ်က မြန်မာနိုင်ငံကို အထက်ပိုင်း​နဲ့​ ​အောက်ပိုင်း​ဆိုပြီး​ နှစ်ပိုင်း​ခွဲထား​ပါတယ်။ ပထမဦး​ဆုံး​ မြန်မာနိုင်ငံအထက်ပိုင်း​ ကစထအဖွဲ့​ ၁ မှူး​က​တော့​ မြန်မာတပ်မ​တော်မှာ နပိုလီယံလို့​ လူသိများ​တဲ့​ အငြိမ်း​စား​ ဒုတိယ ဗိုလ်ချုပ်ကြီး​ထွန်း​ရီ ဖြစ်ပြီး​ မြန်မာနိုင်​အောက်ပိုင်း​ ကစထအဖွဲ့​ ၂ မှူး​က​တော့​ အငြိမ်း​စား​ ဗိုလ်ချုပ်တင်စိန် ဖြစ်ပါတယ်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်း​အပြီး​မှာ ‘ကစထ’အဖွဲ့​တွေကို ဖျက်သိမ်း​လိုက်ပြီး​ စစ်ဆင်​ရေး​ဖြစ်​နေတဲ့​ ​ဒေသ​တွေကိုပဲ မူတည်ပြီး​တော့​ စစ်ဆင်​ရေး​ အထူး​အဖွဲ့​မှူး​ဆိုပြီး​ ခန့်​အပ်ပါတယ်။ ၂၀၀၁ ခုနှစ်က​နေ ၂၀၀၈ ခုနှစ်အထိ စစ်ဆင်​ရေး​အထူး​အဖွဲ့​မှူး​ ၄ ​နေရာက​နေ ၆ ​နေရာအထိ တိုး​ချဲ့​ဖွဲ့​စည်း​လာပါတယ်။ ‘ကစထ’မှူး​လို့​ လူသိများ​တဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ဌာန အထူး​စစ်ဆင်​ရေး​အဖွဲ့​မှူး​ဆိုတာ စစ်ဆင်​ရေး​တွေကို ဦး​ဆောင်ရတာဖြစ်ပြီး​ တိုင်း​မှူး​ထက် တဆင့်​မြင်ပါတယ်။ စစ်ဆင်​ရေး​တွေသာမက နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ကိစ္စ​တွေကိုလည်း​ ဦး​စီး​ကွပ်ကဲညွှန်ကြား​သူ ဖြစ်ပါတယ်။ စစ်​ရေး​အကဲခတ်​တွေက​တော့​ နဂိုရှိပြီး​သား​ ‘ကစထ’မှူး​ ၆ ​နေရာက​နေ ၂ ​နေရာအထိ လျှာ့​ချလိုက်တဲ့​အတွက် မြန်မာစစ်တပ်မှာ ဖွဲ့​စည်း​ပုံအရ ​ပြောင်း​လဲတာလို့​လည်း​ ​ပြောကြပါတယ်။ ‘ကစထ’မှူး​ ​နေရာ​တွေကို ဖြုတ်ပစ်လိုက်​ပေမယ့်​ ‘ကစထ’မှူး​တာဝန် ယူခဲ့​ဖူး​တဲ့​ ဒုတိယဗိုလ်ချုပ်ကြီး​တွေကို​တော့​ ဘာတာဝန်သစ်​တွေကို ​ပေး​ထား​သလဲဆိုတာ သတင်း​တွေမှာ ​ပေါ်ထွက်လာခြင်း​ မရှိ​သေး​ပါဘူး​။ တကယ်​တော့​ အာဏာရှင်​ဟောင်း​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက်မှာ ဒီလိုရာထူး​တွေကို တိုး​ချဲ့​ဖွဲ့​စည်း​ထား​ပြီး​တော့​မှ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လက်ထက်မှာ ‘ကစထ’မှူး​တွေနဲ့​ စစ်တိုင်း​မှူး​တွေ အများ​ဆုံး​ ​နေရာ​ရွှေ့​ပြောင်း​ ဖယ်ရှား​လိုက်တာနဲ့​ပတ်သက်လို့​ တပ်မ​တော်​ထောက်လှမ်း​ရေး​ အရာရှိ​ဟောင်း​ ဗိုလ်မှူး​အောင်လင်း​ထွဋ်က သုံး​သပ်​ပြောကြား​ပါတယ်။ “ထူး​ခြား​တာက​တော့​ အား​လုံး​သိတဲ့​အတိုင်း​ပဲ​လေ။ ဘာလို့​ တိုင်း​မှူး​တွေနဲ့​ တိုင်း​မှူး​အဆင့်​ ကစထမှူး​ အဆင့်​တွေကို ဖြုတ်ပစ်ကြလဲ ဆိုတာ ဒါ တပ်မ​တော်မှာ ​တော်​တော်ရှား​ပါတယ်။ ဘာပဲဖြစ်ဖြစ် ​တော်​တော်လည်း​ များ​တယ်။ ဗိုလ်ချုပ် ထွန်း​ကြည်တို့​၊​ ဗိုလ်ချုပ်​ကျော်ဘတို့​ ပြုတ်တဲ့​အချိန်က သူက စစ်တပ်ထဲမှာ မဟုတ်​တော့​ဘူး​၊​ ဆိုတာက ဝန်ကြီး​ကာလမှာ သူက ပြုတ်ကျတာ။ အခုဒါ စစ်တပ်ထဲမှာ တိုင်း​မှူး​အဆင့်​တွေ၊​ ကစထမှူး​ အဆင့်​တွေ၊​ လက်ရှိ ယူနီ​ဖောင်း​ဝတ်ထား​ပြီး​တော့​ လက်ရှိ စစ်တပ်မှာ လုပ်ကိုင်​နေတဲ့​သူ​တွေ ပြုတ်တာက ဒီတကြိမ်က​တော့​ အများ​ဆုံး​ပဲ။ အခုလက်ရှိ ဖြစ်တဲ့​သူ​တွေ အား​လုံး​ဟာ ကျ​နော်တို့​ထက် ငယ်တာ များ​ပါတယ်။ ၂၂ အပတ်စဉ်တို့​၊​ ၂၃ အပတ်စဉ်တို့​က ဖြစ်တာ ပိုများ​တာ​ပေါ့​။ အ​တွေး​အ​ခေါ်ပိုင်း​ပေါ့​။ ကျ​နော်တို့​ငယ်ငယ်တုန်း​ အ​တွေး​အ​ခေါ်ပိုင်း​ကတည်း​က ကျ​နော်တို့​အချင်း​ချင်း​က သင်တန်း​တွေ ကျန်တဲ့​ ​နေရာ​တွေမှာ ဆိုရင် အမြဲတမ်း​ ​ဝေဖန်တတ်ပါတယ်။ ဒီစနစ်ရဲ့​ မ​ကောင်း​တာ​တွေ၊​ ဒီအ​ခြေအ​နေအရ မလှုပ်ရဲတာ​တွေ ကျ​နော်တို့​ ရှိကြတာကိုး​။ ၉၃-၉၄ ​လောက် ကျ​နော်တို့​ စစ်ရုံး​မှာ ရှိကတည်း​ကိုက ကျ​နော်တို့​ သူငယ်ချင်း​တွေ ​ကောက်ချက်ချတယ်​လေ။ ဗိုလ်ချုပ်ကြီး​သန်း​ရွှေသာ ဦး​စီး​ချုပ် ဖြစ်လာမယ်၊​ တိုင်း​ပြည်​ခေါင်း​ဆောင် ဖြစ်လာမယ်ဆိုရင် တပ်ပျက်ပြီ၊​ တိုင်း​ပြည်လည်း​ ပျက်ပြီလို့​ ကျ​နော်တို့​ ​ပြောကြပါတယ်။” မြန်မာတပ်မ​တော်မှာ အခုလို ‘ကစထ’မှူး​တွေ၊​ တိုင်း​မှူး​တွေကို အစုအပြုံလိုက် ​နေရာ​ရွှေ့​ပြောင်း​ဖယ်ရှား​တာမျိုး​ဟာ ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် လက်ထက်မှာပဲ ဖြစ်လာခဲ့​တာပါ။ ‘ကစထ’မှူး​တွေနဲ့​ တိုင်း​မှူး​တွေ အ​ပြောင်း​အလဲ ဖြစ်တာဟာ ဒီပုဂ္ဂိုလ်​တွေရဲ့​ အမိန့်​မနာခံမှုနဲ့​ လာဘ်​ပေး​လာဘ်ယူ မှု​တွေ​ကြောင့်​ ဖြစ်ရတာလို့​လည်း​ ​ပြောဆို​ဝေဖန်တာ​တွေ ရှိပါတယ်။ မြန်မာ့​တပ်မ​တော်ဟာ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက်တုန်း​ကနဲ့​ ကွား​ခြား​တာ​တွေ ရှိ​နေပြီလို့​လည်း​ စစ်​ရေး​လေ့​လာသူ​တွေက သုံး​သပ်ကြပါတယ်။ ‘ကစထ’မှူး​ ၆ ​နေရာက​နေ ၂ ​နေရာထိ ပြန်​လျှော့​ချထား​တာ​ကြောင့်​ တပ်မ​တော်မှာ အုပ်ချုပ်မှု မနိုင်နင်း​တာ​တွေ၊​ ထိန်း​ချုပ်မှု လစ်ဟာတာ​တွေ ဖြစ်လာနိုင်တယ်လို့​ သုံး​သပ်သူ​တွေလည်း​ ရှိပါတယ်။ တပ်တွင်း​ ​ပြောင်း​လဲမှု​တွေ​ကြောင့်​ လက်ရှိတပ်မှူး​တွေထဲမှာ သံသယ​တွေ ပိုများ​နေတယ်လို့​ စစ်​ရေး​အကဲခတ် ဦး​ကျော်ကိုက သုံး​သပ်ပါတယ်။ “​လော​လောဆယ်က​တော့​ ​ကောင်း​တဲ့​ဘက်ကို​တော့​ အများ​ကြီး​ မမြင်နိုင်​သေး​ဘူး​ပေါ့​ဗျာ။ ​လော​လောဆယ် တပ်ထဲမှာ အ​ပြောင်း​အလဲ ဖြစ်လာတဲ့​ အ​ပေါ်မှာ​တော့​ လူ​တွေက ​ဝေဖန်ချက် နည်း​နည်း​ ရှိနိုင်တယ်။ ​နောက် လက်ရှိ တာဝန်ထမ်း​ဆောင်​နေတဲ့​ တပ်မှူး​တွေ၊​ စစ်​ခေါင်း​ဆောင်​တွေ ကြား​ထဲမှာလည်း​ သို့​လောသို့​လော သံသယစိတ်​တွေက ပိုများ​လာနိုင်မယ် ထင်တယ်။ ဘာဖြစ်လို့​လဲ ဆို​တော့​ ဒီအ​ရေး​ယူမှု​တွေ၊​ စစ်​ဆေး​မှု​တွေကို ​တောက်​လျှောက် ဒီဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် တာဝန်ယူပြီး​နောက်ပိုင်း​ စပြီး​ ထွက်​ပေါ်လာတာ​ပေါ့​နော်။ ​လော​လောဆယ် တပ်ပိုင်း​နဲ့​ မတည်ငြိမ်မှု ပြန်​ပြောမယ်ဆိုရင် မ​ကောင်း​တဲ့​ဘက်က ပိုများ​နေတာ​ပေါ့​။” မြန်မာတပ်မ​တော်တွင်း​ ​ပြောင်း​လဲမှု​တွေဟာ တိုင်း​ပြည်အတွက် နိုင်ငံ​ရေး​အရ အ​ကောင်း​ဘက်ကို ဦး​တည်​နေတာမဟုတ်ဘဲ တပ်ထဲက မတည်ငြိမ်မှု​တွေက​တော့​ အတွင်း​ပဋိပက္ခဆီကို ဦး​တည်​နေတယ်လို့​ သုံး​သပ်သူ​တွေလည်း​ ရှိပါတယ်။ ကာကွယ်​ရေး​ဦး​စီး​ချုပ်သစ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ဟာ တပ်မ​တော်ထဲမှာ ပြုပြင်​ပြောင်း​လဲ​နေသလို တပ်တွင်း​စည်း​ကမ်း​ပိုင်း​နဲ့​ အဂတိ လိုက်စား​မှုကိစ္စ​တွေကိုလည်း​ ​သေ​သေချာချာ ကိုင်တွဲမယ်လို့​လည်း​ ပြည်ပ​ရောက် တပ်မ​တော်အရာရှိ​ဟောင်း​တွေက သုံး​သပ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up