နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ရွှေတိဂုံတွင် ပြုလုပ်
ရွှေအောင်
·
September 5, 2011

နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ် ဆိုတဲ့စာတမ်းပါ အပြာရောင်တီရှပ်တွေ ၀တ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲကို ရွှေတိဂုံဘုရားမှာ ကျင်းပခဲ့တယ်လို့ ဆုတောင်းပွဲ ပါဝင်ခဲ့တဲ့ လူငယ်တဦးက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား မိသားစုများနဲ့ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့တွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင် ကွန်ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ခန့် စုဝေးပြီးတော့ ရွှေတိဂုံဘုရား စနေထောင့်မှာ မနေ့မွန်းလွဲပိုင်းက ၀တ်ပြုဆုတောင်းခဲ့တာပါ။
ဝတ်ပြုဆုတောင်းပွဲမှာ မကြာခင် ကျရောက်တော့မယ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ်အဖြစ် အ၀ါရောင် ပန်းစည်းများ ဆပ်ကပ်လှူဒါန်းခြင်းနဲ့ သ၀ဏ်လွှာများ ဖတ်ကြားခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ထို့နောက် အကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အရှေ့ဘက်မုဒ်ကနေ ညီညီညာညာနဲ့ စီတန်းလှည့်လည်ပြီး ဆင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အရင်က အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က မြို့နယ်တွေအလိုက် ဆုတောင်းခဲ့ကြပြီး ဒီတကြိမ်မှာတော့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့အတူ ရွှေတိဂုံဘုရားမှာ ပထမအကြိမ် ၀တ်ပြုဆုတောင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်တဲ့အထိ ဆုတောင်းပွဲတွေ ဆက်လုပ်သွားမယ်လို့လည်း အင်္ဂါဆုတောင်းအဖွဲ့က ဒေါ်နော်အုန်းလှက ပြောပါတယ်။
ဝတ်ပြုဆုတောင်းပွဲမှာ ပြည်သူလူထု တထောင်ကျော်လောက် ၀န်းရံ အားပေးကြပြီး အာဏာပိုင်တွေလည်း မနှောင့်ယှက်ဘူးလို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ လောက် အကျဉ်းကျနေဆဲလို့ သိရပါတယ်။
