လယ်ယာမြေတွေ ရောင်းချပြီး ထွက်ခွာစေချင်တဲ့ သဘောရှိတယ်
နေသွင်
·
September 2, 2011

လယ်ယာမြေ နိုင်ငံပိုင်ပြုရေး အပါအဝင်၊ လယ်သမားဆိုင်ရာ ဥပဒေ ၃ ခုကို ဖျက်သိမ်းပြီး ဥပဒေသစ်နဲ့ အစားထိုးနိုင်ရေး ဆွေးနွေးဖို့ ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးမှာ သဘောတူလိုက်ပါတယ်။
[caption id="attachment_15084" align="alignright" width="169" caption="ဦးနေမျိုးဝေ"]
[/caption]
ဖျက်သိမ်းဖွယ်ရှိတဲ့ ဥပဒေအဟောင်း ၃ ခုကြောင့် လယ်ယာကဏ္ဍနှင့် လယ်သမားတွေဘဝ တိုးတက်လာရေးအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက အတန်ကြာကတည်းက ထောက်ပြနေကြတာပါ။
ဒါပေမယ့် ဒီဥပဒေအဟောင်းတွေကို ဖျက်သိမ်းလိုက်ပြီးရင် ဘယ်လို ဥပဒေတွေနဲ့ အစားထိုးမလဲဆိုတာ မေးခွန်းတခု ဖြစ်လာပါတယ်။
မြေယာဥပဒေကို ပြုပြင်ဖို့ လွှတ်တော်ပြင်ပကနေ အတန်ကြာကတည်းက တိုက်တွန်းနေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ကိုနေသွင်က မေးမြန်းထားပါတယ်။
ဒီမြေယာဥပဒေနဲ့ ပတ်သက်ပြီး ကိုနေမျိုးဝေ တင်ထားတဲ့ ဥပဒေကြမ်းမှာ လက်ရှိ မြေယာဥပဒေက (ပြင်မယ်ဆိုတဲ့ ဥပဒေ) ပေါ့လေ။ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အဟန့်အတား ဖြစ်တယ်။ လူမှုဝန်းကျင်ထဲမှာလည်း ပဋိပက္ခတွေကို ဖန်တီးတဲ့ ဟာမျိုးပေါ့။ ကိုနေမျိုးဝေတို့က ဘယ်လို အချက်အလက်တွေကို အခြေခံပြီး ပြောတာလဲ ခင်ဗျ။
“အဲဒီဟာက အတွေ့အကြုံက တော်တော်များများ ရှိပါတယ်။ ဥပဒေက မူဝါဒ ပြဿနာ ဖြစ်နေတဲ့တော့ လုပ်ငန်းဆောင်တာတွေ လုပ်တဲ့အခါမှာ ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်တော့ အဲဒီ ၁၉၅၃ လောက်က ပြဋ္ဌာန်းတဲ့ ဥပဒေက လယ်လုပ်တဲ့ လူတွေအပေါ်မှာ အပြည့်အဝ ကာကွယ်ချင်တဲ့ ပုံစံမျိုးနဲ့ လုပ်ထားသော်လည်း တကယ့် တကယ် ဥပဒေက မခိုင်မာတဲ့အခါ၊ နောက်ပြီး ဈေးနှုန်းတန်ဖိုးတွေ မကိုက်ညီတော့တဲ့ အခါကျတော့ မကာကွယ်နိုင်တော့တဲ့ သဘော။”
ဟုတ်ကဲ့ မခိုင်မာဘူး ဆိုတာက ဘာကိုပြောတာလဲ။
“မခိုင်ဘူးဆိုတာ ဆိုလိုတာက လျော်ကြေး။ နိုင်ငံတော်က သိမ်းမယ်ဆိုလရင် လျော်ကြေးပေးရမယ်၊ လျော်ကြေးဥပဒေပေါ့။ လျော်ကြေးဥပဒေ ဆိုလို့ရှိရင်လည်း မြေခွန်တွဲ တဆယ့်နှစ်စာ မြေခွန်ကလည်း အဲဒီတုန်းက ကျပ်ဂဏန်းလေး ရှိတယ်။ သိမ်းရင် ဘောင်ဝင်သွားတဲ့ သဘော။ နောက်တခုက လက်ဝဲဆန်တဲ့ဘက်က စဉ်းစားထားတာက ပုဂ္ဂလိက ပိုင်ခွင့်တွေ မပေးရဘူး ဆိုပြီးတော့ ဥပဒေက ရှိပြန်တော့ လယ်သိမ်းခံရရင် လယ်သမားဆီက လယ်ကို သိမ်းပြီး နိုင်ငံတော်ပိုင်ပဲ ဖြစ်ရမယ်ဆိုတယ်။
“ဒါပေမယ့် အခုကျတော့ အဲဒီဥပဒေကိုလည်း မလိုက်နာဘဲနဲ့ ပုဂ္ဂလိကတွေကို မဖြစ်မနေ ပေးပြန်ရော။ လယ်သမားတွေ လက်ထဲကနေပြီးတော့ အစိုးရက နဲ့ ကုမ္ပဏီက သိမ်းတာလားဆိုလည်း မဟုတ်ပြန်ဘူး။ အစိုးရ အုပ်ချုပ်ရေး ယန္တရားမှာ ပါနေတဲ့ ခရကတို့၊ မြို့နယ်တို့၊ ရပ်ကွက်တို့ အဆင့်လူတွေက ပွဲစားသဖွယ် အလုပ် လုပ်နေရပြီးတော့ ပုဂ္ဂလိက လုပ်ငန်းရှင်ရဲ့ လက်အောက်ကို ရောက်သွားတယ်။ လယ်သမားလက်ထဲမှာ မြေက ရောင်းစားလို့ မရဘူး။ ကုမ္ပဏီပိုင်ရှင်တွေ လက်ထဲကျရင် ရောင်းစားလို့ ရသွားတယ်။ အဲဒီ ပုံစံဖြစ်တယ်။ အဲဒါတွေက ဥပဒေရဲ့ ရှုပ်ထွေးမှုတွေပေါ့။ ရှင်းရှင်းလင်းလင်း အာမ မခံနိုင်ဘူးလေ။ အဲဒါကြောင့် အဲဒီ ဥပဒေတွေ ပြင်သင့်ပြီလို့ ပြောတာ။”
ဟုတ်ကဲ့ အဲဒါဆိုရင် ခေတ်နဲ့ ကိုက်အောင် ဘယ်လိုမျိုး ဖြစ်သင့်လဲ။
“ခေတ်နဲ့ ကိုက်အောင်ဆိုရင် ကျနော်တို့ ဒီ နိုင်ငံမှာ အခု ပြောဆို ငြင်းခုန်နေတဲ့ အထဲမှာ မြေပိုင်ဆိုင်ခွင့်၊ မြေကို သုံးစွဲခွင့်က ၃ မျိုးလောက် စဉ်းစားရလိမ့်မယ်။ ပုဂ္ဂလိက က အပြတ်ပိုင်တယ်၊ ရောင်းလို့ရတယ်၊ ဝယ်လို့ရတယ်၊ ငှားလို့ရတယ်။ အဲဒီအပေါ်မှာ အစိုးရက ပတ်သက်မှု မရှိဘူးဆိုတဲ့ အမေရိကန် နိုင်ငံရဲ့ စနစ်မျိုး ရှိသလို၊ နောက်တခါ မဆလခေတ်ကတည်းက ရှိတဲ့ နိုင်ငံတော်က ပိုင်တယ်၊ ဘယ်သူမှ မြေမပိုင်ရဘူး။ နိုင်ငံတော်ဆီကနေပြီးတော့ လယ်လုပ်တဲ့ လူတွေက ငှားရမ်းရတယ်။ လယ်မလုပ်ချင်တော့ရင် ဒီလယ်မြေကနေ စွန့်ခွာသွား ဘာမှ မရဘူး။ တခြား လယ်လုပ်ချင်တဲ့လူကို ပြန်ချပေးမယ် ဆိုတဲ့ ပိုင်ဆိုင်ခွင့် အဆင့်အတန်း တမျိုး ဒါ ဒုတိယ။ တတိယ အမျိုးကတော့ လယ်ယာပဲဖြစ်ဖြစ်၊ ကိုင်း၊ ကျွန်း၊ ဥယဉ်၊ ခြံမြေ အကုန်လုံးပေါ့။ မြေကြီးပေါ်မှာ အလုပ်လုပ်တဲ့ လူတွေ အကုန်လုံးကို ဂရမ် ချထားပေးမယ်၊ ငှားရမ်းထားပေးမယ်။ အဲဒီ သုံးစွဲခွင့် ဂရမ်ကို ပေါင်နှံရောင်းချ ငှားရမ်းခွင့် ရှိရမယ်ဆိုတဲ့ ပုံစံမျိုးက အလယ်အလက် ကျတယ်။ အဲဒါ အခု ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆိုရင်လည်း အဲဒါက အလုပ်လုပ်လို့ ရတယ်။”
ကိုနေမျိုးဝေပြောတဲ့ ကြားကျတဲ့ ဥပဒေ တခု ပြင်လိုက်ရင် လယ်သမားတွေ အတွက် အသိသာဆုံး ဘယ်လို အခွင့်အရေးမျိုးတွေ၊ သူတို့အတွက် ကာကွယ်နိုင်တာ ဖြစ်မလဲ။ အကျိုးက ဘာတွေ ဖြစ်လာနိုင်လဲ။
“ဆိုးတာကို အရင်ပြောမယ်ဆိုရင် လယ်သမားတွေက အဲဒီ လယ်ယာမြေတွေကို ပေါင်နှံရောင်းချလို့ ရပြီး ဖြစ်တဲ့အတွက် ပေါင်နှံရောင်းချပြီးတော့ လယ်မဲ့ယာမဲ့တွေ ဖြစ်ကုန်မယ်။ နောက်တခါ မြေရှင် လူတန်းစာတရပ် ကြီးစိုးမယ်ဆိုတာ ဆိုးတာဖြစ်တယ်လို့ လက်ဝဲဆန်တဲ့ နိုင်ငံရေး သမားတွေက ထောက်ပြကြပါလိမ့်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဖြေရှင်းကုစားနိုင်တဲ့ နည်းလမ်း ကျနော့်မှာ ရှိပါတယ်။
“နောက် ကောင်းတာက ဘာလဲဆိုတော့ လယ်သမားတွေ အဲဒီ လယ်ယာမြေကို စိတ်ချမ်းသာ လက်ချမ်းသာ ဂရမ်ရှိတဲ့အတွက် ပိုင်ဆိုင်လို့ ရသွားတယ်။ သူပိုင်တယ်ဆိုတာ သက်သေပြလို့ ရတဲ့အတွက် စိတ်ချမ်းသာပြီးတော့ သူကိုယ်တိုင် အဆင်မပြေရင် ငွေဖြစ်မြန်အောင်လို့ ပေါင်လို့ ရမယ်၊ ရောင်းလို့ ရမယ်၊ ငှားလို့ရမယ်။ လယ်သမားက လယ်မလုပ်ချင်တော့ရင် လယ်ကို ရောင်းပြီးတော့ တခြားလုပ်ငန်းကို ပြောင်းလို့ ရတယ်။
“နောက်တခုက ကျနော်တို့နိုင်ငံမှာ လယ်ယာလေးတွေက အရမ်းသေးနေတယ်။ တဦးတည်းပိုင်ကို ၃ ဧကလောက်၊ ၅ ဧကလောက် ဖြစ်လာပြီ ဆိုရင် လယ်ဧကလေးတွေ အရမ်းသေးလာတာကို ကျနော်က မကြိုက်ဘူး။ ကျနော်တို့က လယ်သမားတွေ လယ်ယာမြေကနေ ရောင်းချပြီးတော့ကို ထွက်ခွာစေချင်တဲ့ သဘောရှိတယ်။”
မြန်မာပြည်မှာက ပိုက်ဆံ အများကြီး ချမ်းသာတဲ့ လူတွေ ရှိတယ်ဗျ။ နိုင်ငံခြားသားတွေလည်း ရှိတယ်။ သူတို့ကို ပေးမယ်ဆိုတဲ့သဘောလား။
“နိုင်ငံခြားသား မပေးဘူး။ ဥပဒေကြမ်းမှာ ကျနော်တို့ ရေးထားတာ ရှိတယ်ဗျာ မြေယာကို ဂရမ်ချထားပေးမယ့် လူတွေပေါ့။ အဲဒီ မြေယာကို ရောင်းဝယ်ဖောက်ကား လုပ်ခွင့်ရမယ့် လူတွေက ဘယ်သူတွေပါ ဆိုတာ ဥပဒေမှာ ရေးထားတယ်။ တဦးတည်းပိုင် ဧရိယာကန့်သတ်တာ အလျှော့အတင်း လုပ်လို့ ရတယ်ဗျာ။ ၅၀၀၀ များတယ်ဆိုရင် ၅၀၀ လုပ်ပေါ့ ဆိုလိုတာက ရတယ်။”
ကျနော်တို့ဆီမှာက ပိုက်ဆံရှိတဲ့လူတွေက ပေးပြီး နာမည်ခံခိုင်းပြီးတော့မှ အကုန်လုံး သူတို့လက်ထဲ ရောက်သွားမှာပေါ့။
“အဲဒါလည်း ခုနလို ဧရိယာ ကန့်သတ်ဗျာ။ နောက်တခုက တောင်သူလယ်သမားတွေရဲ့ လက်ထဲမှာ လယ်မြေသေးသေးလေးတွေ ရှိနေရင် အဲဒီလူတွေရဲ့ ဘဝကို နှစ်ရာလည်း ကျတယ်ဗျ။ ကျနော်တို့ ရေးတယ်ဗျာ။ အဲဒီမှာ ပညာရေး၊ ကျန်းမာရေး ကျဉ်းကျပ်တယ်ဆိုတာ အဲဒီမှာ ဘယ်သူမှကို ကျောင်းမထောင်ဘူး။ ကျောင်းသွားထောင်လို့ မရဘူး။ လွှတ်တော်ထဲမှာ မေးသေးတယ် ပြီးခဲ့တဲ့ အပတ်က။ ဘယ်ရွာက မူလတန်းကျောင်းကို အလယ်တန်းကျောင်း အဆင့် မြှင့်ပေးဖို့ကို။ သူက ကျောင်းသားဦးရေ ဘယ်လောက်ရှိရင် မြှင့်ပေးမယ် ပြောလိုက်တယ်။ ဘယ်တော့မှ ရှိမလာဘူး။ ဘာဖြစ်လို့ အဲဒီ ကျောင်းသားဦးရေက ရှိမလာလဲဆိုတော့ အဲဒီနေရာမှာ ရှိတဲ့ တောနေ တောင်နေ နေပြီးတော့ အဲဒီနေရာကို လာတက်မယ့် လူက အဲဒီလောက်ပဲ ရှိတာ။ ဘယ်တော့မှ အလယ်တန်း ပညာမရောက်ဘူး မူလတန်းပြီးရင် ကျောင်းကို ပြီးသွားပြီ။”
မနေ့တုန်းက လွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)ရဲ့ ကိုယ်စားလှယ် ဦးသိန်းဝင်းက ဥပဒေဟောင်းကို ဖျက်သိမ်းပြီး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့် မဆုံးရှုံးစေရေး၊ လုံခြုံမှု အပြည့်အဝ ပေးနိုင်ရေး၊ သီးနှံတွေကို ဈေးနှိမ်မခံရရေးဆိုတဲ့ စတဲ့ အချက်တွေ ပါဝင်တဲ့ ဥပဒေသစ်နဲ့ အစားထိုးဖို့ အဆိုကို တင်သွားထားပါတယ်။
