Home
မေးမြန်းခန်း
နိုင်ငံခြားသားဝယ်နိုင်တဲ့ ဥပဒေကို ပြဋ္ဌာန်းပေးမှရမယ် - ဦးကိုကိုထွေး
DVB
·
May 21, 2016
ကွန်ဒိုမီနီယံဥပဒေ ထွက်လာပြီးနောက်ပိုင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်း ထူးခြားမှု၊ နိုင်ငံခြားသားများ ကွန်ဒိုမီနီယံတိုက်ခန်း ၀ယ်ယူနိုင်မှု အခြေအနေ၊ ကွန်ဒိုမီနီယံဥပဒေရဲ့ အကျိုးသက်ရောက်မှု စတာတွေနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌနဲ့ တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုထွေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဆုံး သိချင်တာက Condominium Law က ပြဋ္ဌာန်းလိုက်ပြီ။ နိုင်ငံခြားသားတွေ ၀ယ်ယူနိုင်ဖို့ပေါ့နော်။ ကွန်ဒိုမီနီယံဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ ဒီ အိမ်၊ ခြံ၊ မြေ ဈေးကွက်က ဘာတွေ ထူးခြားလာတာ အရင်ဆုံးတွေ့ရလဲ ပြောပြပေးပါဆရာ။ ဖြေ - ကျနော့်အမြင်နဲ့ ပြောရရင်တော့ Condominium Law တော့ ထွက်ပြီ။ တချို့ကတော့ နည်းဥပဒေ မထွက်သေးလို့ အသက်မ၀င်သေးဘူးတို့ ဘာတို့ပြောတယ်။ ဒါပေမယ့် Condominium Law မှာ နိုင်ငံခြားသား ၀ယ်ယူနိုင်တဲ့ အကန့်အသတ်တွေ အများကြီးရှိတယ်။ ဘယ်လိုဟာတွေလဲဆိုတော့ ကွန်ဒိုမီနီယံကိုပဲ ၀ယ်ယူခွင့် ပေးထားတာဖြစ်တယ်။ ကွန်ဒိုမီနီယံရဲ့ ကန့်သတ်ချက်နဲ့ အနေအထားနဲ့ ပြောမယ်ဆိုရင် သူက မြန်မာနိုင်ငံမှာ ဥပဒေမှာပါတဲ့ ကန့်သတ်ချက်နဲ့ လျော်ညီတဲ့ ကွန်ဒိုတွေဟာ တော်တော်ရှားတယ်လေ။ မြေပါ ပိုင်ဆိုင်မှု ပေးတဲ့အတွက် ဘီအိုတီနဲ့ ပေးထားတဲ့ဟာတွေပါ ကျနော်တို့က ရောင်းမရဘူးဖြစ်တာက တကြောင်းပေါ့နော်။ နောက်တခုက လက်ရှိ လုပ်ထားပြီးသားဟာတွေကလည်း တချို့တ၀က် ရောင်းပြီးပြီ။ ရောင်းတာက မြေမပါဘူး ရောင်းထားတာ၊ အဲ့ဒါကို မြေပါပေးရမယ်ဆိုရင် ပိုင်ရှင်ကလည်း သူ့အတွက် ပိုက်ဆံထပ်လိုချင်တယ်။ ၀ယ်တဲ့သူကလည်း ထပ်ပေးမှာ မဟုတ်တဲ့အတွက် ဒီပြဿနာ တွေဟာ ရှင်းလို့မရတော့ ကွန်ဒိုဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကွန်ဒိုအနေနဲ့ အခန်းကလည်း ရှားတယ်။ နောက်ပြီးတော့ ကွန်ဒိုတိုင်း ဖြစ်လာရင် ကွန်ဒိုတခုလို သတ်မှတ်တဲ့အတိုင်း ဖြစ်လာခဲ့ရင်လည်း သူက ဧရိယာတွေ ကျယ်တဲ့အတွက် ဈေးများတယ်။ နောက်ပြီးတော့ နေရာကောင်းမှာပဲ ကွန်ဒိုက ဆောက်တာကိုး။ အဲ့အခါကျတော့ နေရာကောင်း၊ ဈေးကွက်ကောင်းတဲ့နေရာမှာ ဆောက်တဲ့အတွက်လည်း ဈေးမြင့်တယ်။ အဲ့တော့ ကွန်ဒိုတွေက ထုံးစံအားဖြင့်တော့ ရိုးရိုးအခန်းတွေထက်တော့ ဈေးမြင့်တယ်။ ဈေးမြင့်တော့ နိုင်ငံခြားသားက လာဝယ်ရင် အကုန်လုံးက ကျနော်တို့ဆီကို လာတာက ပိုက်ဆံချမ်းသာတဲ့လူတွေ၊ ပေါများနေတဲ့ လူတွေချည်းပဲ လာတာမဟုတ်ဘူးလေ။ အများစုကတော့ အလုပ်လုပ်ပြီးတော့ နေမယ့်လူတွေ လာတာ။ မီလျံနာတွေ၊ သူဌေးတွေက မလာဘူးလေ။ အဲ့တော့ ကျနော်တို့ဆီမှာ ကွန်ဒိုတွေနဲ့ အနေအထားက ရောင်းရမယ်ဆိုရင် သိပ်ပွင့်လင်းလာလို့ ကောင်းလာရင်တောင် နည်းနည်း ရောင်းရမှာပေါ့။ ဒါပေမယ့် အခုလက်ရှိ အနေအထားအရ ပြောရရင် ရိုးရိုးတိုက်ခန်းတွေကို ၀ယ်နေချင်တဲ့ နိုင်ငံခြားသားက အများကြီးပဲ။ သူတို့နာမည်ခံပြီးတော့ ၀ယ်နေတာတွေ ရှိတယ်။ နှစ်ရှည်ငှားနေတဲ့ လူတွေရှိတယ်။ ဒီလိုမျိုးနဲ့ ကျနော်တို့ ဥပဒေနဲ့ လွတ်ပြီးတော့ လုပ်နေရတာတွေရှိတယ်။ အဲ့တော့ ကျနော်တို့ နိုင်ငံခြားသားက ၀ယ်ချင်နေတာ။ ၀ယ်ဖို့ ခွင့်ပေးဖို့ကို Condo Law ကြီးက အကန့်အသတ်တွေ များတဲ့အခါကျတော့ မဖြစ်ဘူး။ ဒါကြောင့်မို့လို့ ဘာမှ ထူးခြားမလာဘူးလို့ ပြောချင်ပါတယ်။ မေး - ထူးခြားမလာဘူး ဆိုတာက နဂိုတုန်းက Condominium Law မထွက်ခင်တုန်းက နိုင်ငံခြားသားတွေက Condominium Law ထွက်လာရင် သူတို့ တိုက်ခန်းတွေ၊ ကွန်ဒိုတွေပေါ့နော်။ ရနိုင်တဲ့ အနေအထားရှိတယ်လို့ မျှော်လင့်နေကြတယ်။ အခုကျတော့ Condominium Law ထွက်လာပြီ။ ထွက်လာတဲ့နေရာမှာ ဒီ Condominium Law ကြောင့် နိုင်ငံခြားသားတွေက တိုက်ခန်းတွေကို ၀ယ်နိုင်ဖို့ ခက်ခဲနေတာလား၊ ဒါမှမဟုတ် ဈေးကွက်ကြောင့် နိုင်ငံခြားသားတွေက အိမ်ရာတိုက်ခန်း၊ ကွန်ဒိုမီယံ တိုက်ခန်းတွေ ၀ယ်ဖို့ ခက်ခဲနေတာလား။ အဲ့ဒီအပေါ်မှာ ဆရာ ဘယ်လိုသုံးသပ်ပေးလို့ရမလဲ။ ဖြေ - အဓိကကတော့ ကွန်ဒိုကနေပြီးတော့ နိုင်ငံခြားသားဝယ်ဖို့ အခွင့်အလမ်းက အကန့်အသတ် များတဲ့အတွက်၊ ကွန်ဒိုခန်းတွေလည်း သိပ်မရှိသေးတဲ့အတွက် သူတို့ဝယ်ချင်တဲ့ တိုက်ခန်းက ရှာမရဘူး ဖြစ်နေတာလေ။ တကယ့် ဥပဒေအရ ၀ယ်ရမယ့် တိုက်ခန်းမရှိဘူး။ နောက်တခုက ဈေးကွက်အနေအထား ကျတယ်ဆိုတာ နိုင်ငံခြားသားတွေ ၀ယ်ချင်တဲ့ ဈေးကွက်အနေအထား ကျတာမဟုတ်ဘူး၊ Local မှာ ကျနေတာလေ။ ဒါပေမယ့် Local မှာ ဆိုပေမယ့်လည်း အာဆီယံနိုင်ငံတွေ အကုန်လုံးမှာလည်း ဈေးကွက်ကျနေတာပဲ။ ကျနေတော့ ကျနော်တို့က ဈေးကွက်ကြောင့်လည်း ပြောလို့ရတာပေါ့လေ။ သို့သော်လည်း အဓိကကတော့ ကျနော်တို့က နိုင်ငံခြားသားဝယ်နိုင်တဲ့ ဥပဒေကို ပြဋ္ဌာန်းပေးမှသာ နိုင်ငံခြားသား ၀ယ်လို့ရမယ်။ နိုင်ငံခြားသားက ဘယ်လိုဝယ်နိုင်တယ်၊ ဘယ်လိုဝယ်ချင်လဲ။ ၀ယ်လို့ရတဲ့ အနေအထားကို ကျနော်တို့က ဖန်တီးရင် ကျနော်တို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်လည်း ပြန်ကောင်းလာမှာပေါ့လေ။ မေး - စောစောက Condominium Law က ထွက်လာပြီ။ ခုနက ဆရာထည့်ပြောထားတဲ့ အထဲမှာ နိုင်ငံခြားသားတွေ ၀ယ်နိုင်တဲ့ ဥပဒေမျိုးပေါ့နော်၊ ထွက်ပေးမှ အဆင်ပြေမယ်ဆိုတော့ အခု နည်းဥပဒေကလည်း မထွက်သေးဘူး။ အဲ့ဒါကို ရှင်းအောင် ဘယ်လို ပြန်ပြောပြပေးလို့ရမလဲ။ ဖြေ - အခု ကန့်သတ်ထားတဲ့ ကွန်ဒိုမီနီယံကတော့ Condominium Law အနေနဲ့ပဲ ရပ်တည်နေမှာပေါ့လေ။ ဒါကတော့ နိုင်ငံခြားသား ၀ယ်ဖို့အတွက် အကန့်အသတ်တွေ များတယ်။ သူ့ဘောင်နဲ့ဝင်တဲ့ အဆောက်အဦတွေက သိပ်မရှိသေးဘူး။ အခုရှိပြီးသားတွေမှာ နိုင်ငံခြားသားတွေ ရောက်နေတာတွေ အများကြီးပဲ။ နေနေတာတွေလည်း အများကြီးပဲ။ အဲ့ဒါတွေကို သူတို့ Legalise လုပ်ပြီးတော့ သူတို့ တကယ် တရားဝင် ၀ယ်ယူနိုင်တဲ့ အနေအထား ဖြစ်သွားရင် နိုင်ငံတော်အစိုးရလည်း အခွန်ဘဏ္ဍာတွေရမယ်။ ၀ယ်တဲ့ Market လည်း ပြန်ပွင့်လင်းလာမယ်ပေါ့။ အဲ့ဒီဟာတွေ ဖြစ်ဖို့ဆိုရင် တိုက်ခန်းများ ဥပဒေကို ကျနော်တို့ ပြဋ္ဌာန်းပေးမှသာ ဒီတိုက်ခန်းတွေကို ၀ယ်ယူလို့ရမယ်။ ဒါပေမယ့် လိုအပ်တဲ့ အကန့်အသတ်လေးတော့ နည်းနည်းပါးပါးပါမယ်။ ဒါပေမယ့် နိုင်ငံခြားသား အများစု ၀ယ်နိုင်တဲ့ အနေအထားကို ပထမဦးဆုံး ဖွင့်ပေးလိုက်ရမှာပေါ့နော်။ နောက်မှ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ ရောက်လာရင် သူတို့ ရင်းနှီးမြှုပ်နှံလို့ရမယ့် အခွင့်အရေး၊ ဒါက ကျနော်တို့ ဈေးကွက်အရ ဖြစ်ပေါ်လာတဲ့ အတိုင်းမှာ ဥပဒေနဲ့ လိုရင် ကန့်သတ်ပြီးတော့ ရောင်းချပေးလိုက်ရင် နိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေပင်ငွေရင်းတွေ ရလာမယ်။ ဒါ ကျနော်တို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ကျနော်တို့နိုင်ငံရဲ့ တိုက်ခန်းတွေ ရောင်းလို့ရတာဟာ အကောင်းဆုံး Foreign Investment တွေ ရလာမယ်။ အဲ့တော့ ကျနော်တို့နိုင်ငံက အရင်းအနှီးတွေကို တိုက်ရိုက်ရနိုင်တဲ့ နည်းလမ်းမှာ ဒီနည်းလမ်းဟာ အကောင်းဆုံးလို့ ကျနော်ထင်ပါတယ်။ မေး - နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူနိုင်ဖို့ဆိုပြီး Condominium Law ထွက်လာတယ်။ ထွက်လာတာနဲ့အညီပေါ့၊ တကယ် နိုင်ငံခြားသားတွေမှာ ဒီ Condominium Law ပေါ်မှာ အမှီပြုပြီးတော့ ဘယ်လိုအခွင့်အရေးတွေ ရှိလဲဆရာ၊ ဘယ်လို အခက်အခဲတွေ ရှိလဲ။ အဲ့ဒါလေးကို အနှစ်ချုပ်အနေနဲ့ ပြန်သုံးသပ်ပေးပါအုံး။ ဖြေ - Condominium Law ကတော့ ထွက်လာတယ်။ နိုင်ငံခြားသားတွေအတွက် ၀ယ်ယူနိုင်ဖို့ဆိုတာ ခုနက ကျနော်ပြောသလိုပဲ။ ကွန်ဒိုဥပဒေထဲမှာ အကန့်အသတ်တွေ များတယ်။ ကွန်ဒိုတခု ဖြစ်ဖို့ဆိုရင် အနည်းဆုံး ဧက၀က် ပေ ၁၀၀၊ ၂၀၀ ရှိရမယ်။ အဲ့အပေါ်မှာ ၆ ထပ်နဲ့အထက်ကိုမှ ၀ယ်ယူရမယ်။ အဲ့တော့ ၆ ထပ် အထက်ကို ၀ယ်ယူရမယ်လို့ ပြောတဲ့အတွက် နိုင်ငံခြားသားက ရုံးခန်းဖွင့်ချင်တယ်တို့၊ Showroom ဖွင့်ချင်တယ်တို့ အဲ့အခါကျတော့ သူက မြေညီထပ် လိုချင်တယ်။ သူဝယ်လို့မရတော့ ၆ ထပ်ဆိုရင် နေဖို့သက်သက်ပဲရှိတယ်။ မြန်မာပြည်ကိုလာတာက စီးပွားရေးလုပ်ဖို့ လာကြတာလေ။ နေလို့ကောင်းလို့ ဌာနပြောင်းလာတာမှ မဟုတ်ဘဲ။ အဲဒါကြောင့် ကျနော်တို့က ဒီ ကန့်သတ်တဲ့ ဥပဒေလေးမှာ နည်းနည်းလေး မှားနေတယ်လို့ ထင်တယ်လေ။ ၆ ထပ်နဲ့အထက်ကျမှ ၀ယ်ရမယ်ဆိုရင်လည်း ဒါ မှားတာတခုပေါ့။ နောက်တခုက နိုင်ငံခြားသားတွေဝယ်ဖို့ လက်ရှိ ရှိပြီးသား တိုက်ခန်းတွေကို သူတို့က လိုချင်နေတာ။ အဲ့ဒါတွေကို ရောင်းခွင့်မရဘဲနဲ့ ကွန်ဒိုဥပဒေက အကုန်ကန့်သတ်ပြီးတော့ ထားတဲ့အတွက် ၀ယ်ချင်တဲ့သူကလည်း ၀ယ်လို့မရ၊ ရောင်းချင်တဲ့သူကလည်း ရောင်းလို့မရတဲ့ ဥပဒေကြီး ဖြစ်နေတယ်။ အဲ့တော့ အဲဒါကြီးကို ကျနော်တို့က ထပ်ပြင်နေမယ့်အစား တိုက်ခန်းများဆိုင်ရာ ဥပဒေတခုကို ကျနော်တို့က ပြဋ္ဌာန်းလိုက်ရင် တိုက်ခန်းများဥပဒေပေါ့နော်။ အဲ့တော့ တိုက်ခန်းနဲ့ပတ်သက်ရင် ဥပဒေဟာ ဘယ်လိုဆောက်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ပါသင့်တာတွေ ပါပြီးတော့ နိုင်ငံခြားသားကိုတော့ ၆ ထပ်နဲ့အထက်ရှိတဲ့ တိုက်ခန်းတွေကို ရောင်းခွင့်ရှိတာကို ပြောတာ။ ၆ ထပ်နဲ့အထက်အလွှာမှာ မြင့်တဲ့တိုက်ခန်းကို ပြောတာမဟုတ်ဘူး။ သဘောကတော့ ၆ ထပ်ပဲရှိတဲ့ တိုက်ခန်းက ၁၂ ခန်းပဲရှိမယ်။ သူတို့က ၁၂ ခန်းလုံး ၀ယ်လိုက်ရင် တိုက်ကြီးတခုလုံး ပိုင်သွားမှာ။ ဒါမျိုးကို မဖြစ်အောင် ကန့်သတ်လိုက်တာ။ တိုက်ခန်းတခန်းလုံးမှာ ၆ ထပ်နဲ့အထက်ဆိုတော့ ၈ ထပ်ဆိုရင် သူက မြေညီထပ် ၀ယ်လည်းရတယ်။ ဒါမျိုးဖြစ်ရမှာလေ။ အဲ့ဒါတွေကို ကျနော်တို့ဆီက Definition မှားဖွင့်ပြီးတော့ ကန့်သတ်လိုက်တဲ့အခါကျတော့ ဒါတွေက နိုင်ငံခြားသားဝယ်မရဘူး ဖြစ်သွားတဲ့ အကန့်အသတ်လေးကို ကျနော်ပြောချင်တာ။ မေး - အခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေက ဥပမာပေါ့ ရန်ကုန်၊ နေပြည်တော်မှာ ရေရှည်ပေါ့ Long Term နေတဲ့ နိုင်ငံခြားသားတွေက ဘယ်လိုပုံစံမျိုးနဲ့ နေနေတာ တွေ့ရလဲဆရာ။ လက်ရှိ သူတို့ နေနေကြတဲ့အပေါ်မှာရော သူတို့အတွက် အဆင်ပြေမှုတွေ၊ ခက်ခဲမှုတွေ ဘယ်လိုမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆရာပြောပြလို့ရမလဲ။ ဖြေ - သူတို့ အခု ဥပမာပေါ့၊ မုဒိတာတိုက်ခန်းထဲမှာ လာငှားနေကြတာ။ သီရိကွန်ဒိုမှာ ငှားနေတာတွေ တွေ့ရတယ်။ အဲ့တော့ မုဒိတာတိုက်ခန်းဆိုတာ ကျနော်တို့က Low Cost Housing လို ဆောက်ထားတာလေ။ ကားရပ်ဖို့၊ ကားပါကင်တောင် ထည့်မစဉ်းစားထားဘူး။ ဘာလို့ဆိုတော့ ဆင်းရဲသားအတွက်ဆိုတာ ကားစီးနိုင်တဲ့ လူတန်းစားကို ကျနော် ရောင်းတာမဟုတ်ဘူး။ အခြေခံလူတန်းစားကို ရောင်းတာ။ ဒါပေမယ့် နိုင်ငံခြားသားတွေ အများကြီးပဲ အဲ့ဒီထဲမှာ ငှားနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တလကို သူက ဒေါ်လာ ၂၀၀၊ ၃၀၀ နဲ့ နေလို့ရတာကို။ ၂၀၀၀၊ ၃၀၀၀ နဲ့ပေးပြီးတော့ မနေနိုင်တော့ သူတို့က ဒီမှာလာနေတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အခု ကျနော်တို့ စမ်းချောင်းရပ်ကွက်ထဲမှာ ကြည့်ရင်လည်း မနက်ဆို လက်ဘက်ရည်ဆိုင် လာထိုင်နေကြတာ နိုင်ငံခြားသားတွေ အများကြီးတွေ့တယ်။ အဲ့ဒါ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာပဲ သူတို့တွေ တိုက်ခန်းတွေငှားပြီးတော့ လာနေကြတယ်။ တချို့ကျတော့ တိုက်ခန်းကို နာမည်ခံပြီးတော့ ၀ယ်နေတယ်။ သူ့ရဲ့ Staff တယောက်ကို နာမည်ခံပြီးတော့ဝယ်။ အဲ့တော့ ကျနော်တို့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံခြားသားအတွက်လည်း ရှုပ်ယှက်ခတ်နေတာပေါ့။ ပြီးတော့ လူမှုရေး ရှုပ်ထွေးမှုတွေလည်း ဖြစ်ပေါ်စေတာပေါ့လေ။ အဲ့တော့ တကယ်တမ်းကျတော့ ဥပဒေနဲ့အညီ ၀ယ်နိုင်တယ်ဆိုရင် ပွင့်လင်းသွားရင် ၀ယ်လိုအားတွေ အများကြီးဖြစ်လာမယ်။ အဲ့အခါကျတော့ ပွင့်လင်းသွားမယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားသားတွေ လက်ရှိ အများဆုံး ၀ယ်ချင်နေတာ ကွန်ဒိုအကြီးကြီးတွေပဲ မဟုတ်ဘူး။ သူတို့ သင့်သင့်တင့်တင့် သူတို့လာတဲ့ Staff တွေ၊ ၀န်ထမ်းအဆင့်ရှိတဲ့ လူတွေကို ရောင်းပေးနိုင်တဲ့အဆင့်ကို ပထမ ရောင်းရမှာလေ။ ပြီးမှ ကျနော်တို့ဆီက သူဌေးတွေ၊ ဘာတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ ရောက်လာတော့ သူတို့ ကွန်ဒိုတွေ ၀ယ်နေမှာပေါ့။ ဒီလိုမျိုးအဆင့် မရောက်ခင်မှာ ကျနော်တို့က ဒီလိုဖွင့်ပေးမှ နောက်မှာ လိုက်လာမှာလေ။ ရှေ့ကတည်းက ပိတ်ထားရင် နောက်လိုက်လာဖို့ မရှိတော့ဘူးပေါ့။ ဒါကြောင့်မို့ ကွန်ဒိုမှာ စဖွင့်ကတည်းက ရည်ရွယ်ချက်တွေက ဖြစ်သင့်တဲ့ဟာတွေနဲ့ ကွာဟနေတယ်လေ။ မေး - ဒါ ကွန်ဒိုမီနီယံလောနဲ့ ပတ်သက်တာ ပြောပြသွားတယ်။ လက်တွေ့မှာကျတော့ နိုင်ငံခြားသားတွေက မြန်မာပြည်မှာ ဘယ်လိုမျိုး ဖြတ်ကျော်နေတယ်ကို ပြောပြတယ်။ အဲ့တော့ ဆိုလိုချင်တာက အခုနောက်ပိုင်းမှာ နိုင်ငံခြားသားတွေက ကွန်ဒိုတွေကို အကြောင်းအမျိုးမျိုးကြောင့် ကန့်သတ်ချက်တွေကြောင့်၊ ဈေးနှုန်းတွေကြောင့် မ၀ယ်နိုင်ဘူး။ ရပ်ကွက်ထဲမှာ ဒီလိုပဲ ဆရာတို့ မုဒိတာအိမ်ယာမျိုးတွေမှာ နေရတယ်။ အဲ့ဒီလိုနေရတဲ့ အနေအထားမျိုးမှာ တကယ် မြန်မာနိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားတယောက်က မြန်မာနိုင်ငံကပေးထားတဲ့ အခွင့်အရေးနဲ့ လျော်ညီမှု ရှိရဲ့လားဆရာ။ မလျော်ညီဘဲနဲ့ ဖြစ်သလိုပဲ ဖြတ်သန်းနေရတာလား။ ဒီအပေါ်မှာကော ဆရာဘယ်လို ပြောပြပေးလို့ရမလဲ။ ဖြေ - ဒါကတော့ ကျနော်တို့ ဘယ်နိုင်ငံမှာပဲသွားသွား နိုင်ငံခြားသား ဆိုတာမျိုးကလည်း သူဌေးတွေကြီးပဲ သွားနေကြတာမှ မဟုတ်ဘဲလေ။ ၀န်ထမ်းတွေ၊ Staff တွေ လာကြတယ်။ သူတို့မိသားစုတွေ ပါလာတယ်။ ပါလာတဲ့ မိသားစုတွေအတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး အဆင်ပြေအောင် သူတို့ ဒီမှာ ကြာကြာနေမယ့်သူတွေက အခြေချပြီးတော့ ၀ယ်ထားချင်တယ်။ ဈေးလေးတည့်ရင် ပြန်ရောင်းချင်တယ်။ သူတို့လည်း ဒီလိုလုပ်ချင်တာပေါ့နော်။ အဲ့ဒီလို လုပ်ဖို့အတွက်ကို ကျနော်တို့က သေသေချာချာ လေ့လာပြီးတော့မှ ဘယ်လိုခွင့်ပြုမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဥပဒေပြုရင်တော့ ဒါ မှန်ကန်တဲ့ ဥပဒေပေါ့။ အခုဟာက သူတို့ဖြတ်သန်းနေရတာက ဖြစ်သလို ဖြတ်သန်းနေရတာ။ ကျနော်တို့ ၁၉၈၇ ဥပဒေအရ ပြောမယ်ဆိုရင် တနှစ်ထက် ပိုငှားလို့ မရဘူးလေ။ အဲ့တော့ သူတို့က ကုမ္ပဏီလာဖွင့်မယ်။ ဥပမာ ဘဏ်ဖွင့်တယ်။ တိုက်လုံးချင်းတွေ ငှားပြီးတော့ ဖွင့်နေရတယ်လေ။ ဖွင့်တော့ တနှစ်တည်းငှားပြီးတော့ ပြင်လိုက်ရင် ဘယ်လိုမှ အဆင်မပြေဘူး။ အဲ့အခါကျတော့ သူတို့က ၁၀ နှစ်ငှားမယ်၊ ၁၅ နှစ်ငှားမယ်၊ အနှစ် ၂၀ ငှားမယ်။ အဲ့လိုငှားတာတွေက ဥပဒေဘောင်ကို ကျော်ပြီးတော့ လုပ်နေတာ။ အဲ့ဒီ ဘောင်ကျော်ပြီးတော့ လုပ်နေရတဲ့အတွက် ငှားတဲ့လူမှာလည်း တာဝန်ရှိသလို၊ ပိုင်ရှင်မှာလည်း တာဝန်ရှိတယ်။ ဥပဒေဘောင်ကျော်နေတဲ့ တာဝန်ဖြစ်သွားတယ်။ ဒါတွေကို ကျနော်တို့က ဥပဒေပြုတယ်ဆိုတာ လက်ရှိအနေအထားမှာ တိုင်းပြည်အတွက် အကျိုးရှိမယ်။ တိုင်းသူပြည်သားတွေအတွက် အကျိုးရှိမယ် ဆိုတဲ့ဟာတွေကို တွန်းအားပေးပြီးတော့ ဥပဒေပြုရမယ်။ တိုင်းသူပြည်သားတွေအတွက် အကျိုးယုတ်စေမယ့် ကိစ္စတွေကို ကာကွယ်ပေးရတယ်။ ဒါဟာ ဥပဒေရဲ့ သဘောတရားပဲ။ အခု ကျနော်တို့ ဒီဥပဒေက အဲ့ဒီသဘောတရားကို လွတ်နေတယ်  ကျနော်ပြောချင်တာက။ ဒါကြောင့်မို့လို့ Condominium Law သည် တကယ်ကျတော့ နည်းဥပဒေပဲထွက်ထွက်၊ ဘာထွက်ထွက် ကျနော့်အနေနဲ့ ပြောရရင်တော့ အသုံးဝင်တဲ့ ဥပဒေလို့ မမြင်ပါဘူး။ မေး - ဒါက Condominium Law နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားတာဆိုတော့ နည်းဥပဒေက မထွက်သေးဘူး။ အကယ်၍ နည်းဥပဒေ ထွက်လာမယ်ဆိုရင်ရော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ နိုင်ငံခြားသားတွေအတွက်၊ ပြည်တွင်း Local တွေအတွက် ပြောင်းလဲမှုတွေ ရှိလာနိုင်လားဆရာ။ ဖြေ - ပင်မဥပဒေကိုက မဖြစ်နိုင်တဲ့ကိစ္စတွေ ပါထားတာကိုး။ ပင်မဥပဒေကို ကျော်ပြီး နည်းဥပဒေက ခွင့်ပြုလို့မှ မရဘဲ။ အဲ့ဒါကြောင့်မို့လို့ နည်းဥပဒေထွက်လည်း သိပ်တော့ အကြောင်းမထူးပါဘူး။ ဒါပေမယ့် သူ့ Law က သူ့ဟာသူ သပ်သပ်ရှိနေလည်းရတယ်။ ခုနကလို Apartment Law သပ်သပ် ထွက်လိုက်ရင်လည်း အဆင်ပြေသွားတာပဲ။ နို့မို့ဆို ဒါကြီးကိုဖျက်ပြီး နောက်တခါ ပြန်ပြင်ဆိုရင် ထွက်ထားတဲ့ ဥပဒေ  တော်တော်များများက ပြင်ရမလို ဖြစ်နေတာကိုး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024