လွှတ်တော်နဲ့ သတင်းရယူခွင့်
DVB
·
September 2, 2011

ကျင်းပနေဆဲ လွှတ်တော်အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ထူးခြားတာ တခုကတော့ အစိုးရ မီဒီယာတွေတင်မက အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်တွေကိုပါ သတင်းယူခွင့် ပေးလိုက်ခြင်းပါပဲ။ ဒီလို သတင်းရယူခွင့် ပေးလိုက်တဲ့အတွက် ပြည်သူတွေအတွင်း သတင်းစီးဆင်းမှု ချေမွေ့သွားပါပြီလား။ လွှတ်တော်နဲ့ ပတ်သက်ပြီး ပြည်သူတွေ သတင်းအပြည့်အဝ ရသွားကြပါပြီလား ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေ စတော့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းက ပုဂ္ဂလိက သတင်းဂျာနယ်တွေကိုပါ သတင်းယူဖို့ ဖိတ်ကြားခဲ့ပါတယ်။
ဒီအတွက် သတင်းထောက်ပေါင်း ၉ဝ ကျော် လွှတ်တော်ကို သွားရောက် သတင်းယူခဲ့ပါတယ်။ ဒီလို သွားရောက် သတင်းယူရာမှာ စည်းကမ်းချက် ၁၆ ချက် ထုတ်ပြန်ပြီး ကန့်သတ် ထိန်းချုပ်တာမျိုး လုပ်ခဲ့ပါတယ်။
အဲဒီ စည်းကမ်းချက်တွေအရ သတင်းထောက်တွေဟာ သတ်မှတ်ထားတဲ့ ဧရိယာမှာသာ သွားလာလှုပ်ရှားရပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွတ်လွတ် လပ်လပ် တွေ့ဆုံမေးမြန်းခွင့် မရပါဘူး။
လွှတ်တော်အဆောက်အဦ ပရဝဏ်အတွင်းမှာ တွေ့ဆုံမေးမြန်းခွင့် မရရုံမက လွှတ်တော်ပြီးလို့ ပြန်နားချိန် စည်ပင်ဧည့်ရိပ်သာလို နေရာမျိုးမှာလည်း လူချင်း သွားတွေ့လို့ မရပါဘူး။ တယ်လီဖုန်းကနေ တဆင့်သာ ဆက်သွယ် မေးမြန်းခွင့်ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ပါစေ၊ သတင်းထောက်တွေဟာ လွှတ်တော်အတွင်း အချိန်အကန့်အသတ်နဲ့ ဓာတ်ပုံရိုက်ခွင့်ရပါတယ်။
လွှတ်တော်အမတ်တွေ ပြောဆို ဆွေးနွေးနေတာကို သီးသန့်အခန်း ရုပ်သံကနေတဆင့် တိုက်ရိုက်မြင်ရပါတယ်။ ဒါကို အသံဖမ်းပြီး သတင်း ရေးနိုင်ပါတယ်။ ရေးထားတဲ့ သတင်းတွေကို လွှတ်တော်အဆောက်အဦတွေကနေ ပေးပို့ချင်ရင် အများပိုင် တယ်လီဖုန်းသုံးပြီး ကိုယ့်သတင်းဌာန သို့မဟုတ် ဂျာနယ်တိုက်ကို ပေးပို့နိုင်ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းကနေ ပေးပို့လို့မရတာ၊ အင်တာနက်ကနေ ပေးပို့လို့ မရတာမျိုးကတော့ အကန့်အသတ် ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော် အစည်းအဝေး တခုလုံးကိုတော့ သတင်းရယူနိုင်တာ ဖြစ်ပါတယ်။
နောက်ထပ် အစိုးရဘက်က လိုက်လျောတာတခုက သတင်းယူရမယ့် ရက် ကန့်သတ်ထားတာ မရှိခြင်းပါ။ ဒီအတွက် သတင်းဌာနတွေဟာ လွှတ်တော် သတင်းထောက် ထားချင်တယ်ဆိုရင် လွှတ်တော်ကျင်းပနေစဉ် ကာလ တလျှောက်လုံး ကိုယ့်သတင်းထောက် ကိုယ်ထားပြီး သတင်းယူနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေ ပြည်သူတွေထံ ရောက်ရဲ့လား ဆိုတာကတော့ မေးစရာ မေးခွန်းဖြစ်ပါတယ်။
နိုင်ငံခြား အခြေစိုက် သတင်းထောက်တွေကတော့ လွှတ်တော်ဝင်း အများသုံး တယ်လီဖုန်းကနေ သူတို့ အခြေစိုက် ရန်ကုန်က ရုံးခန်း၊ အဲဒီကနေ အင်တာနက် ကနေတဆင့် သက်ဆိုင်ရာ သတင်းဌာနတွေဆီ အချိန်နဲ့ တပြေးညီ သတင်းပို့နိုင်ကြပါတယ်။ ပုဂ္ဂလိက ဂျာနယ်တွေဟာလည်း အလားတူ သတင်းရယူ ပေးပို့လို့ ရပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်အစည်းအဝေး စပြီးလို့ တပတ်မပြည့်ခင်မှာပဲ နဂိုဖွင့်ပွဲနေ့က အယောက် ၉ဝ ကျော်လောက်ရှိတဲ့ သတင်းထောက်တွေအနက် ၂ ယောက်လောက်ပဲ လွှတ်တော်သတင်းယူတာ ရှိပါတော့တယ်။ ဒီလို ဘာကြောင့်ဖြစ်ရသလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။
နိုင်ငံခြားသတင်းဌာနက သတင်းထောက်တွေ ပြန်သွားကြတာကတော့ လူခွဲ မရှိလို့ပါ။ နောက် လွှတ်တော်အစည်းအဝေးတွေကလည်း နေ့စဉ် ထူးခြားမှု ရှိမယ် မရှိဘူး မပြောနိုင်လို့ ဖြစ်ပါတယ်။ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေ ပြန်သွားရတဲ့ ပထမ အချက်ကတော့ ဂျာနယ်အားလုံးဟာ တပတ်မှာ တကြိမ်သာ ထုတ်ဝေကြရလို့ ဖြစ်ပါတယ်။ ကိုယ်က နေ့စဉ် ဘယ်လောက်ပဲ သတင်းတွေ ရရ ရသမျှ တပတ်မှာ တကြိမ်သာ ထုတ်ဝေ ဖော်ပြခွင့်ရတာမို့လို့ ဘာမှမထူးဘူးလို့ ယူဆကြတာကြောင့် ဖြစ်ပါတယ်။
ဒီထက် ပိုအရေးကြီးတဲ့အချက်က လွှတ်တော်ထဲမှာ အရေးကြီးတာတွေ ပြည်သူတွေ သိသင့်တာတွေ ဆွေးနွေးမယ် ဒါကို သတင်းစာမှာလည်း မဖော်ပြဘူးဆိုရင် သတင်းထူး ဖြစ်ပါတယ်။ ဒါပေမယ့် အဲလို သတင်းတွေမှန်သမျှ စာပေစိစစ်ရေးက ပယ်ချတာကြောင့် ဖော်ပြခွင့်မရ ဖြစ်ကြပါတယ်။ ဒီလို စာပေစိစစ်ရေးကြောင့် ဖော်ပြခွင့်မရမယ့် အတူတူ သတင်းထောက်တွေ ဆက်မနေတာဘဲ ကောင်းတယ် ဆိုပြီး ဆုံးဖြတ်လိုက်ကြပုံလည်း ရပါတယ်။
နောက်တချက်ကတော့ စရိတ်ပါ။ ပြည်တွင်းက ဂျာနယ်တိုက် ပိုင်ရှင်အများစုဟာ သတင်းထောက်တွေကို ခရီးစရိတ် လုံလုံလောက်လောက် ပေးလေ့ မရှိပါဘူး။ ဒါကြောင့်လည်း သတင်းထောက်တွေ ကြာကြာမနေနိုင်ဘဲ ပြန်ကြတာ ဖြစ်ပါတယ်။ အဓိကကတော့ သတင်းထောက်တွေက ပေးပို့သမျှ သတင်းတွေအားလုံး စာပေစိစစ်ရေးတင် ခွင့်ပြုမှ ထုတ်ဝေဖြန့်ချိရတဲ့ အခက်အခဲကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်လည်း ခုနောက်ပိုင်း လွှတ်တော်သတင်းတွေနဲ့ ပတ်သက်ရင် ပြည်သူတွေဟာ သတင်းစာမှာ ဖော်ပြသလောက်သာ ဖတ်ရပါတယ်။ အစိုးရ သတင်းစာကလည်း နေ့စဉ်နဲ့အမျှ လွှတ်တော်သတင်းတွေကို ထိန်ချန်တာ၊ လိုရာ ဆွဲရေးတာ၊ မပြည့်မစုံရေးတာမျိုး လုပ်လာပါတယ်။
ဥပမာအားဖြင့် သင်္ဃန်းကျွန်း အမျိုးသားလွှတ်တော်အမတ် ဦးသိန်းညွန့်က တင်ပြပြီး စစ်တပ်ကိုယ်စားလှယ်တွေ အပါအဝင် ကိုယ်စားလှယ်အတော်များများ ထောက်ခံတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို စာကြောင်းရေနည်းနည်းနဲ့ မပြည့်မစုံ ဖော်ပြပါတယ်။
နောက် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းကော်မတီဖွဲ့ရေး ဒေါက်တာအေးမောင် တင်ပြတဲ့ အဲဒီအဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို တိုင်းပြည်က ကြည်ညို လေးစားသူကို ဖိတ်ခေါ်ထည့်သွင်းရေး ဆိုတာမျိုးကိုလည်း သတင်းစာက မဖော်ပြပါဘူး။ အလားတူ ဦးသိန်းညွန့် အဆိုတင်တဲ့ နိုင်ငံရေးသမားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ၁၉၅ဝ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ (၅) ရုပ်သိမ်းပေးဖို့ အဆို ဆွေးနွေးစဉ်တုန်းက ကြံ့ဖွံ့အမတ်တွေ မချေမငံ ပြောတာမျိုးကိုလည်း အစိုးရ သတင်းစာတွေမှာ မမြင်ကြရပါဘူး။
အားလုံးကို ခြုံငုံပြီး သုံးသပ်ရရင် လက်ရှိ အစိုးရဟာ ကျင်းပနေတဲ့ လွှတ်တော်အတွင်း သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး လမ်းဖွင့်ပေးလိုက်ပေမယ့် စာပေ စိစစ်ရေးအဖွဲ့ကြီးက နဂိုအတိုင်း မပြောင်းမလဲဘဲ စိစစ်ဖြတ်တောက်နေလို့၊ နေ့စဉ် ထုတ်ဝေနေတဲ့ သတင်းစာတွေမှာလည်း အပြည့်အစုံ မဖော်ပြလို့ ပြည်သူတွေဟာ လွှတ်တော်သတင်းတွေကို ပြည့်ပြည့်ဝဝ သိရှိနိုင်ခြင်း မရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
