Home
ဆောင်းပါး
တောင်းပန်တတ်တဲ့ ကလေးငယ်
DVB
·
May 19, 2016
ညီအစ်မနှစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားနေရာကနေ အစ်မဖြစ်သူရဲ့ ကစားစရာ အရုပ်လေးကို မိညိုဟာ အတင်းဆွဲယူ လွှင့်ပစ်လိုက်ပါတယ်။ ဒါကိုမြင်လိုက်တဲ့ မိခင်ဖြစ်သူက ခပ်တင်းတင်းနဲ့ ချက်ချင်းပဲ လှမ်းဆူလိုက်ပါတယ်။ “မမကို ပြန်တောင်းပန်လိုက်.. သမီး၊ ဆောရီးလို့ ပြောလိုက်ပါ”၊ “သမီးကို အဲဒီလို မတရား မလုပ်ရဘူးလို့ ပြောထားတယ်လေ။” ဒါပေမယ့် မိညိုဟာ မတောင်းပန်တဲ့အပြင် တွန့်ဆုတ်ဆုတ် ပေကပ်ကပ်နဲ့ပဲ အတန်ကြာ ရှိနေသေးတဲ့အတွက် မိခင်က သူမကို ဆွဲယူပြီး အိပ်ခန်းထဲမှာ တယောက်တည်း ထည့်ထားလိုက်ပါတယ်။ “မမကို ဆောရီးလို့ပြောပြီး မတောင်းပန်မချင်း အဲဒီအခန်းထဲက မထွက်ရဘူး။ သူငယ်ချင်းတွေနဲ့လည်း ပေးမဆော့ဘူး။ ကြားလား မိညို”။ အခန်းထဲက သူမရဲ့ ကုတင်ပေါ်မှာ မျက်မှောင်ကုတ်ပြီး ထိုင်ရင်း ငြိမ်သက်လို့နေပါတယ်။ ဒီလိုနဲ့ နာရီဝက်ကျော်ကျော်လောက် ရှိတဲ့အခါမှာတော့ အခန်းဝမှာ ပြူတစ်ပြူတစ်နဲ့ ထွက်လာပြီး အစ်မဖြစ်သူကို တောင်းပန်စကား ဆိုလိုက်ပါတယ်။ “ဆောရီးပါ”။ ချက်ချင်းဆိုသလိုပဲ ကလေးတသိုက်ဟာ နာကျင်ခံစားမှု အဖုအထစ် မရှိကြတော့ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ ဆက်လက် ဆော့ကစား နေကြပါတော့တယ်။ အင်မတန်မှကိုပဲ လွယ်ကူရိုးစင်းလှတဲ့ ဒီ နေ့စဉ်ကြုံတွေ့ရတတ်တဲ့ မိသားစုတွင်း အဖြစ်အပျက်ငယ်လေးထဲမှာ ပြန်လည်သင့်မြတ်ခြင်းနဲ့ ရင်ကြားစေ့ရေးအတွက် စိတ်ပညာဆိုင်ရာ လေ့လာစရာတွေ ပါရှိနေပါတယ်။ ကျနော်တို့ လူကြီးတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေက ဒါဟာဖြင့် တောင်းပန်သင့်တဲ့ကိစ္စလို့ ထင်မြင်ယူဆကြပေမယ့် ငယ်ရွယ်သေးတဲ့ ကလေးငယ်များကတော့ အဲဒီလိုမျိုး သိနားလည်ခြင်း ရှိချင်မှရှိမှာပါ။ သူတို့အမှားကိုလည်း အမှားရယ်လို့ အမြဲတမ်းတော့ မမြင်တတ်ကြပါဘူး။ သူတို့ရဲ့ လုပ်ရပ်တခုခုဟာ မှားသွားပြီလို့ သိတဲ့အခါမှာလည်း တောင်းပန်စကား ဆိုဖို့ကိုလည်း တွန့်ဆုတ် ၀န်လေးနေတတ်ပြန်ပါတယ်။ တချို့ ကလေးတွေကြပြန်တော့ ဆောရီးလို့ ပြီးစလွယ် ပြောလိုက်တာဟာ လူကြီးမိဘနဲ့ ဆရာ ဆရာမတွေကို စိတ်ကျေနပ်အောင် လုပ်ပြီးတော့ သူငယ်ချင်းတွေနဲ့အတူ ပြန်ဆော့ကစားချင်တဲ့ စိတ်ကြောင့် အဓိက ဖြစ်နေတတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ တောင်းပန်စကား ဆိုရမလဲ ဆိုတာရယ်၊ သူငယ်ချင်းရဲ့ နာကျင်ခံစားမှုကို ဘယ်လိုသက်သာစေမလဲ ဆိုတာမျိုးတွေကို ကလေးတွေ သိရှိနားလည်လာအောင် သင်ကြားပေးသင့်ပါတယ်။ ဒီအတွက် အချိန်တော့ ဖြည်းဖြည်းချင်း ယူရပါလိမ့်မယ်။ ဒါပေမယ့် ကလေးငယ်ဟာ ဆောရီးပါလို့ တောင်းပန်စကား ဆိုတတ်လာပြီဆိုရင် ဒါဟာ လူမှုဆက်ဆံရေး စွမ်းရည်ထက် များစွာ ကျော်လွန်တဲ့ အသိဉာဏ်ကို ရရှိလာတာဖြစ်တယ်။ သူတို့လေးတွေဟာ အမှားကို ပြင်ဆင်ဖို့ရာ လေ့လာခွင့် ရရှိကြတယ်။ မိမိရဲ့ လုပ်ရပ်အပေါ်မှာ တာဝန်ယူမှုရှိတဲ့သူတွေလည်း ဖြစ်လာကြပြီ။ သူတပါးရဲ့ နာကျင်ခံစားရမှု အပေါ်မှာ စာနာ ထောက်ထားတတ်တဲ့ ကရုဏာတရားကိုလည်း ရင်ဘတ်ထဲမှာ ထည့်ထားနိုင်ကြတဲ့ မြန်မာငယ်လေးတွေပါပဲ။ တောင်းပန်ခြင်းသင်ခန်းစာ မစတင်မီ ကလေးငယ်ဟာ တောင်းပန်စကား ဆိုတတ်ဖို့ရာအတွက် သူမဟာ အရင်ဦးဆုံး အမှားတစုံတရာကို ကျူးလွန်လိုက်ပြီရယ်လို့ ခံစားသိမြင်နိုင်ရပါမယ်။ အထူးသဖြင့် မူကြိုအရွယ် ကလေးငယ်များဟာ ငါဆိုတဲ့ “အတ္တ” ကို အလွန်အမင်း ဗဟိုပြု တွေးခေါ် ပြုမူလုပ်ကိုင် တတ်ကြသူတွေပါ။ အိမ်ကလည်း မြှောက်စားထားလေတော့ သူမရဲ့ “ငါ” ဟာ ကြီးထွားချင်တိုင်းကို ကြီးထွားနေတော့တယ်။ ထစ်ကနဲဆို အော်ငိုလိုက်မယ်၊ ပစ္စည်းတွေကို ဆွဲယူ လွှင့်ပစ်လိုက်မယ်၊ မျက်နှာပေးကလည်း လုပ်တတ်ကြသေး။ ကိုယ့်အမှားကို မြင်ဖို့နေနေသာသာ၊ အတ္တစိတ်ရဲ့ လွန်ကဲ လွှမ်းမိုးမှုအောက်မှာ သူတို့ဟာဖြင့် ထာဝစဉ် မှန်ကန်နေသူတွေလို့လည်း တလွဲ (သူတို့ဘက်က အမှန်) သိထားကြပြန်တယ်။ ဒီနေရာမှာ မိဘများနဲ့ ဆရာ ဆရာမတို့က ၀င်ရောက်ပြီး သူတို့ရဲ့အမှားကို သိမြင်နားလည်ဖို့ရာ ညင်သာစွာ ကိုင်တွယ်ဆုံးမတတ်ဖို့ လိုအပ်လှတယ်။ ၂ နှစ်အရွယ်လောက်က စလို့ မူကြိုအရွယ်မှာကတည်းက စည်းမျဉ်းစည်းကမ်းဆိုတာနဲ့ ယဉ်ပါးနေတတ်အောင် လေ့ကျင့်ပေးရမှာပါ။ “ငါ” ဗဟိုပြုနေတဲ့ သူတို့လေးတွေကို နည်းမှန်လမ်းမှန်နဲ့ ထိန်းကျောင်းခြင်းဟာ ပျော်စရာလည်းကောင်းပြီး သိမ်မွေ့နက်ရှိုင်းလှတဲ့ သင်ကြားခြင်း အနုပညာတရပ်လည်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အမှားလုပ်တာ နည်းလာကြပါလိမ့်မယ်။ ခဏခဏ တောင်းပန်စရာလည်း မလိုတော့သလို လိုအပ်ခဲ့ရင်လည်း တွန့်ဆုတ် ၀န်လေး ပင်ပန်းနေမှာ မဟုတ်ပါ။ သို့ပေတဲ့ အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ် ကလေးငယ်များကိုတော့ တောင်းပန်စကား ဆိုတတ်ဖို့ကို မဖြစ်မနေ လေ့ကျင့်သင်ကြားပေးသင့်တယ်လို့ ကလေးဖွံ့ဖြိုးမှု သုတေသနက ထောက်ပြထားပါတယ်။ ဆုံးမတဲ့အခါမှာလည်း ကလေးနားလည်နိုင်လောက်အောင် လွယ်ကူရိုးစင်းစွာ ရှင်းပြနိုင်ဖို့ လိုအပ်တယ်။ “အခြားသူ တယောက်ယောက်ကို၊ သူငယ်ချင်းတွေကို စိတ်မကောင်းဖြစ်အောင်၊ နာကျင်အောင် လုပ်မိခဲ့ရင် ချက်ချင်း တောင်းပန်တတ်ရတယ် သမီးလေး။” အခြား သူတပါးနေရာကနေ ၀င်ရောက်ခံစားပေးဖို့ ဆိုတာက အသက် ၄ - ၅ နှစ်အရွယ် ကလေးတွေအတွက် သိပ်မလွယ်ကူလှပါဘူး။ သူတို့ရဲ့သူငယ်ချင်း ၀မ်းနည်းနေတဲ့ အခါမျိုးမှာ၊ နာကျင်ခံစားနေတဲ့ အခါမျိုးမှာ နမူနာပြပြီးတော့ “စာနာစိတ်” ကို ရှင်းပြပေးနိုင်ပါတယ်။ “သားသားရဲ့ ကားကို ယူပြီး လွှင့်ပစ်လိုက်ရင်ရော သားသား ကြိုက်မလား”။ “သမီးဆွဲထားတဲ့ ပုံလှလှလေးကို ဆွဲဖြဲလိုက်ရင် သမီးလည်း ငိုမှာပဲ မဟုတ်လား”။ ၀န်ခံတောင်းပန်တတ်ဖို့ကို သင်ကြားပေးဖို့ထက် အမှားကို သိမြင်လာအောင် ရှင်းပြပေးဖို့က ဒီအရွယ်လေးတွေမှာ ပိုလို့ အရေးကြီးတာပါ။ အပြုအမူအမှား၊ လုပ်ရပ်အမှားကို ချက်ချင်းပဲ ဆွေးနွေးပေးနိုင်ဖို့ပါ။ မှားယွင်းတဲ့ အပြုအမူကို ပြုပြင်ပြောင်းလဲဖို့ရာ ရည်ရွယ်ချက် မပါရှိဘဲနဲ့တော့ တောင်းပန်ခိုင်းခြင်းဟာလည်း သိပ်တော့ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ စည်းကမ်း၊ နည်းလမ်းတွေကို စတင်ရှင်းပြသင့်တဲ့အရွယ် ရောက်လာပြီ။ အကျိုးဆက်တွေကိုလည်း သိမြင်လာအောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြရတော့မယ်။ “ဒီ မိသားစုထဲမှာ ဆဲဆိုတာမျိုးကို လုံးဝ မလုပ်ရဘူးနော် သားသား၊ ဆဲဆိုတဲ့ကလေးဟာ တခွန်းဆဲရင် ရေချိုးခန်းထဲမှာ ၁၀ မိနစ် မတ်တပ်ရပ်နေရမယ်။ ပြီးတော့ ပေးမကစားဘူး။” ကြီးလေ ဉာဏ်ပိုရှိလေ အသက် ၆ နှစ်အရွယ်လောက် မူလတန်းကျောင်း စတင်တက်ရောက်တဲ့ အရွယ်မှာတော့ အမှားနဲ့အမှန်ကို သူတို့လေးတွေ နည်းနည်းလောက် သဘောပေါက် နားလည်စပြုပြီ။ မူကြိုအရွယ်တွေမှာ ရှင်းပြရတာ သိပ်ကိုခက်ခဲတဲ့ သဘောတရားကို စဉ်းစားတတ်စ ပြုလာပြီ။ သို့ပေတဲ့ မိမိရဲ့ လုပ်ရပ်အမှားကို ၀န်ခံ တောင်းပန်တတ်ဖို့ ဆိုတာကတော့ ခက်ခဲ ပင်ပန်းနေတုန်းပါပဲ။ သူတို့လေးတွေအတွက် သိပ်တော့ မလွယ်ကူသေးဘူး။ သူငယ်ချင်းအပေါ်မှာ၊ မမအပေါ်မှာ မတရား လုပ်မိလိုက်ပြီရယ်လို့တော့ သဘောပေါက်စ ပြုလာသလို လူကြီးတွေက ဘယ်လိုထင်သွားမလဲ ဆိုတာကိုလည်း စိုးရိမ်တတ်လာပြီ။ ဒါပေမယ့် မိမိရဲ့ လုပ်ရပ်အမှားကို ၀န်ခံလိုက်ခြင်းကြောင့် အားလုံးက ကဲ့ရဲ့ပြစ်တင်ပြီး ၀ိုင်းကြည့်ခံရမှာကိုတော့ စိုးရွံ့နေတတ်တယ်။ အသက်နည်းနည်း ကြီးလာတဲ့ ကလေးကြီးတွေကတော့ အပြစ်ကြီးကြီးတွေကို ကျုးလွန်တတ်လာတာဟာ သဘာဝပါပဲ။ ဒီအတွက် တောင်းပန်ခြင်းတွေကို ပိုလို့ လုပ်တတ်လာရတော့မယ်။ မိမိရဲ့အမှားတွေကို သိမြင်ခံစားပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ နည်းလမ်းတွေကိုလည်း မိမိဘာသာပဲ သိမြင်လာကြပြီ။ ဘောလီဘောပုတ် ကစားရင်း ပြတင်းပေါက်က မှန်ချပ်ကို ထိမှန်လို့ ကွဲသွားတဲ့အခါ တအုပ်စုလုံး မုန့်ဖိုးထဲက ဖဲ့စုရင်း ပြန်လျော်ပေးတာမျိုး။ နေရာပြောင်း ကစားကြဖို့ သဘောတူတာမျိုး။ ရွယ်တူသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေဟာလည်း ပိုလို့ အရေးကြီးလာပြီ။ အမြင်မတူတာမျိုး၊ ဆက်ဆံရေး တင်းမာတာမျိုး၊ အချေအတင် ဖြစ်တာမျိုးတွေကို ညှိနှိုင်း ကုစားတတ်လာပြီ။ ပေါင်းသင်းဆက်ဆံရေး အဖုအထစ်တွေကိုလည်း ဘယ်လို ရှောင်ကျဉ်နိုင်သလဲဆိုတာ လေ့လာနေပါပြီ။ တဆက်တည်းမှာပဲ ဉာဏ်နီ၊ ဉာဏ်နက်တွေကိုလည်း ထုတ်သုံးလာနေပါ။ မိမိရဲ့လုပ်ရပ်၊ အဖွဲ့ရဲ့ လုပ်ရပ်အမှား၊ အပြုအမူ အလွဲတွေကို ဘယ်လို ဖုံးကွယ်နိုင်မလဲ ဆိုတာကိုလည်း သိနေတာ မဟုတ်လား။ စံလွဲနေတဲ့ အပြုအမူတွေကို ကိုင်တွယ်ရတော့မယ့် မိဘတွေ၊ ကျောင်းဆရာ ဆရာမတွေဟာ တည်ငြိမ်မှုရှိဖို့ အရေးကြီးလှတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးပေးတတ်ခြင်းဟာ ကလေးများရဲ့ လုပ်ရပ်ကို ပြန်လှန်စဉ်းစားတတ်လာအောင် ကူညီပေးရာ ရောက်ပါလိမ့်မယ်။ ကလေးတွေဘက်ကလည်း ဖြစ်ရပ်အမှန်ကို ရိုးရိုးသားသား ၀န်ခံတတ်လာကြမှာပါ။ “ဖေ့ဖေ့အိတ်ကပ်ထဲက ပိုက်ဆံနှိုက်တာကိုတော့ ဖေဖေ မကြိုက်ဘူးသား။ ဒါပေမယ့် သားက အခုလို ၀န်ခံပြောဆိုရဲတဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်ကွယ်။” တောင်းပန်တတ်တဲ့လူမျိုး၊ ၀န်ခံရဲတဲ့နိုင်ငံဖြစ်လာဖို့ လေ့ကျင့်ပေးကြပါစို့ ဘယ်အသက်အရွယ်မှာမဆို ကျနော်တို့ မြန်မာလူမျိုးများအတွက် ၀န်ခံတောင်းပန်ရတာဟာ သိပ်တော့ မလွယ်ကူလှပါဘူး။ ကလေးတချို့ဆို အပြစ်ပေါ်တင်ကြီး လုပ်လိုက်ပြီးတော့ မသိသလိုမျိုးတောင် လုပ်နေတတ်သေး။ “ဘာလို့တောင်းပန်ရမှာလဲ၊ မဖြစ်စလောက်လေးနဲ့ဟာကို၊ သိပ်ကြီးကျယ်လွန်းတယ်။” ဒါမှမဟုတ်ရင်လည်း ၀န်ခံပြောဆိုလိုက်လို့ လူကြီးတွေက အပြစ်ဒဏ်ခတ်မှာကို ကြောက်လန့်ပြီး အစိုးရိမ်လွန်ကဲတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ရွယ်တူသူငယ်ချင်းတွေအကြား၊ အိမ်နီးနားချင်းတွေ အကြားမှာ အရှက်ရသွားစေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အင်းဝခေတ် မြန်မာ့ပညာကျော် ရှင်မဟာရဋ္ဌသာရရဲ့ အဆုံးအမဟာလည်း ပညာရေးစိတ်ပညာအတွက် တန်ဖိုးရှိလှပါတယ်။ “တစ်ရံတစ်ဆစ်၊ အပြစ်နာဆာ ရှိသောခါမူ၊ ကွယ်ရာခေါ်၍ ဆုံးမလေ့၏။ သူ့ရှေ့သူ့မှောက်၊ ပွဲပြင်ရောက်မူ မြှောက်မြှောက်စားစား၊ သားအားပိုက်ဖြူး၊ မိဘကျူးသို့ ကျေးဇူးကိုသာ၊ ရှာ၍ ချီးဆို ထဲကြည်ညိုလျက်…။ (ကိုခန်းပျို့ ၁၅၈) အပြစ်ကင်းမဲ့စွာ မွေးဖွားလာကြသော်ငြားလည်းပဲ တစတစ အပြစ်တွေ တလှေကြီးကို နိစ္စဓူဝ ကျုးလွန်လာကြတော့မယ့် မြန်မာကလေးငယ်တွေအတွက် ၀န်ခံတောင်းပန်တတ်ဖို့ရာ လူကြီးမိဘများနဲ့ ကျောင်းဆရာ ဆရာမများ အသုံးပြုနိုင်တဲ့ နည်းလမ်းအချို့ကို မျှဝေလိုက်ပါတယ်။ ဘက်မလိုက်ပါနဲ့ ... ကလေးတွေအချင်းချင်း ရန်ဖြစ်၊ ပဋိပက္ခဖြစ်၊ ငြင်းခုန်ကြတဲ့အခါ လူကြီးများက ဘက်မလိုက်သင့်ပါဘူး။ ဘယ်သူမှားတာလဲဆိုတာကို ချက်ချင်းသိဖို့ကလည်း တခါတခါမှာ ခက်ခဲနေတတ်တယ်။ အဲဒီအတွက် တောင်းပန်ရမယ့်ကလေးကို သိဖို့ ကြိုးစားရမှာပါ။ “သူအရင်လုပ်တာ” ဆိုပြီး ကလေးတွေက တယောက်ကိုတယောက် အပြန်အလှန် စွပ်စွဲပြောဆိုတာကို နားထောင်ရင်းနဲ့ ၀န်ခံတောင်းပန်တတ်တဲ့ ကလေးဟာ အပြစ်ရှိမှ မဟုတ်ဘူးဆိုတာကို ရှင်းပြပေးပါ။ ကလေး ၂ ယောက်စလုံးက ဆောရီးလို့ အပြန်အလှန် ပြောနိုင်သေးတာပါပဲ။ တင်းမာနေတဲ့ အခြေအနေ နည်းနည်းငြိမ်သွားဖို့က စတင်ရမှာပါ။ နာကျင်ခံစားမှုနဲ့ မတရားလုပ်ခံရနေရသူတွေဘက်ကို ကုစားပေးခြင်းနဲ့ စတင်နိုင်ပါပြီ။ အတူတူ ၀န်ခံတောင်းပန်ပါ ... ၀န်ခံတောင်းပန်တတ်ဖို့ဟာ သိပ်မလွယ်ကူဘူးဆိုတာ ကလေးတွေကို ရှင်းပြပေးပါ။ ကလေးနဲ့အတူတူ လိုက်ပါ ပြောဆို တောင်းပန်လိုက်ပါ။ “လာလာ… သမီးလေး၊ မေမေတို့ အတူတူ သူငယ်ချင်းကို တောင်းပန်လိုက်ကြရအောင်… ကဲ ဆောရီး ပြောမယ်..”။ ကလေးအချို့အတွက် ချက်ချင်းဆိုသလို တောင်းပန်စကားကို ပြောထွက်ဖို့ အခက်အခဲ ရှိနေနိုင်ပါတယ်။ နည်းနည်း ငြိမ်သက်တဲ့အထိ၊ ပြန်လှန်စဉ်းစားချိန် ခဏလောက်ဖြစ်ဖြစ် အချိန်ပေးပါ။ “သား မနက်ဖြန် ကျောင်းသွားတဲ့အခါမှာ သူငယ်ချင်း ကျော်ကျော်ကို ဆောရီးလို့ပြောလိုက်နော်။ ဖေဖေလည်း လိုက်ခဲ့မယ်။ လိုက်ပြောကူမယ်”။ ကလေးတချို့အတွက် ပုံလေးတပုံဆွဲပြ၊ မှတ်စုတိုကလေးတကြောင်း၊ နှစ်ကြောင်းလောက် ရေးခြစ်ပြီး ကျေအေး တောင်းပန် ရင်ကြားစေ့ခြင်းကိစ္စ ပြီးစီးနိုင်ပါတယ်။ ပန်းလေးတပွင့် ယူလာပေးလိုက်တာမျိုး၊ နာသွားတဲ့ သူငယ်ချင်းကို ဖက်လှဲတကင်းလုပ်ပြီး “သူငယ်ချင်း… ဆောရီးပါကွာ၊ ကျနော် မှားသွားတယ်” လို့ ပြောလိုက်တာမျိုးနဲ့လည်း အကြင်နာတရားနဲ့ စာနာမှုကို ပြသနိုင်ပါတယ်။ အတင်းမခိုင်းပါနဲ့ ... ၀န်ခံတောင်းပန်စကား ဆိုတတ်ဖို့ကို လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်ပေမယ့် အတင်းအကျပ်တော့လည်း မလုပ်ခိုင်းသင့်ပါဘူး။ အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။ အရှက်တရားနဲ့ စိတ်ဒဏ်ရာ ရသွားစေတတ်တယ်။ အတင်းအကျပ် လုပ်ခိုင်းတာကြောင့် ကလေးအားလုံးအတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်သွားစေနိုင်ပါတယ်။ ပြီးစလွယ်ပြောတာပဲဖြစ်ဖြစ်၊ မပြောချင် ပြောချင်၊ မပွင့်တပွင့်၊ မျက်နှာထိ မျက်နှာထားနဲ့၊ အပိုးမကျိုးပဲ “ဆောရီး” လို့ ပြောလိုက်တာဟာလည်း ၀န်ခံတောင်းပန်ခြင်းရဲ့ အဓိပ္ပာယ် သိပ်တော့ ထိရောက်မှာ မဟုတ်ပါဘူး။ လုပ်ရပ်အမှားအပေါ်မှာ ခံစားသိမြင်ဖို့ရာ လိုအပ်ပါတယ်။ လူကြီးဒေါသကို ထိန်းထားပါ ... လူကြီးတွေမှာက ဒေါသထွက်စရာ တခုမဟုတ်တခု ရှိနေတတ်တာ မဟုတ်လား။ အလုပ်ကလည်း များရတဲ့အထဲ။ “နင် အခုချက်ချင်း တောင်းပန်လိုက်စမ်း။ ဒါမှမဟုတ်ရင်တော့ နင်တော့… နာပြီသာမှတ်။” ဆိုပြီး ဒေါသတကြီး ပြောမိတတ်ကြပါတယ်။ ဒီလို မိမိရဲ့ ဒေါသစိတ်ကို ရှေ့တန်းတင်ပြီး ပြောမယ့်အစား “သားရဲ့ သူငယ်ချင်း ဘာကြောင့် ငိုသွားရသလဲဆိုတာကို သားက ပြန်ပြောပြီးမှ သူနဲ့အတူတူ ဆက်ကစားလို့ရမယ်။” လူကြီး… စိတ်ထိန်းပါ။ ဆရာမ.. မပေါက်ကွဲလိုက်ပါနဲ့။ စံပြ လုပ်ပြပါ ... ကလေးက သိပ်ကို စိတ်ပျက်နေတဲ့ ပုံစံမျိုး၊ ၀န်ခံ တောင်းပန်စကားဆိုဖို့ အင်မတန် တွန့်ဆုတ်နေတာမျိုး ဖြစ်နေရင်တော့ ကလေးအစား မိဘများက နမူနာ တောင်းပန်ပြသင့်တယ်။ အတုယူလာပါလိမ့်မယ်။ “ဆောရီးနော် သားသား။ သားသူငယ်ချင်းကို အန်တီ အိမ်ရောက်ရင် ဆုံးမ ပြောပြပေးမယ်။ ရော့ ဒီမှာ သားရဲ့အရုပ်ကလေး။” ကလေးကို နောက်မှ တဖြည်းဖြည်း ဆုံးမပြောဆိုနိုင်ပါတယ်။ ပြီးစလွယ် မပြောပါစေနှင့် ... ရင်ကြားစေ့ရေးဆိုတာမျိုးက ပြီးစလွယ်လုပ်ရမယ့်ကိစ္စမျိုး မဟုတ်ပါ။ နာကျင်ခံစားခဲ့ရသူဘက်က စဉ်းစားပေးဖို့က ပထမဦးစားပေးအဆင့်။ ကလေးအချို့ဟာ အကျဉ်းအကျပ်ထဲက ထွက်ပေါက်ရလိုရငြား ဖြစ်ဖြစ်၊ အဆူမခံရဖို့ပဲဖြစ်ဖြစ်၊ ဆက်ကစားနိုင်ဖို့ပဲဖြစ်ဖြစ် “ဆောရီး… ဆောရီး.. ဆောရီး..” ဆိုပြီး ပြီးစလွယ် ပြောတတ်ကြပါတယ်။ တခုခု မှားသွားပြီဆိုတာနဲ့ ချက်ချင်းပဲ တောင်းပန်စကားကို အလွယ်ပြောလိုက်တာမျိုး။ ပြောပြီးစလစ်၊ ပြဿနာ ပြေလည်သွားပြီလို့လည်း စိတ်ထဲ မှတ်ထားတတ်ကြပြန်တယ်။ မွေးထားတဲ့ အမေတို့၊ ကျေးဇူးရှင် ဆရာမတို့ကိုများ ဘာမှတ်သလဲ မသိဘူးနော်။ သူတို့လေးတွေက အမှားလုပ်ရင် ဆောရီးပြောရမယ်လို့ လူကြီးတွေ ခိုင်းထားတဲ့အတိုင်း ပြောလိုက်ပေမယ့် လူကြီးတွေက စိတ်ဆိုးနေတုန်းပဲ။ ပြီးတော့ သိပ်မကြာမတင်လေးမှာပဲ စောစောက လုပ်ရပ်အမှား၊ အပြုအမူအမှားကို ထပ်လုပ်ပြန်ပြီ။ အမှတ်ကို မရှိတဲ့ ကလေးလို့လည်း အပြစ်တင် ပြောခံရပေါင်း များလှပြီ။ ဆောရီးလို့ လျှာဖျားက ပြောတတ်တာပဲ ရှိသေးတယ်။ လုပ်ရပ်အမှားကို နားမလည်သေးဘူး။ အဲဒီအတွက် ပြီးစလွယ် ပြောတာမျိုး မဟုတ်ဘဲ မိမိရဲ့လုပ်ရပ်ကြောင့် သူတပါး ထိခိုက်နစ်နာသွားတာ၊ နာကျင်ခံစားသွားတာကို သိမြင်လာအောင် ဦးစွာ ပြောဆိုဆုံးမရမှာပါ။ မေတ္တာစိတ်ကို လေ့ကျင့်ပေးတာလို့လည်း ပြောနိုင်ပါတယ်။ ကလေးကိုလည်း တောင်းပန်ပါ လူကြီးတွေအနေနဲ့ကလည်း ကလေးများအပေါ် တောင်းပန်စကားကို လိုအပ်တဲ့ အခါတိုင်းမှာ ဆိုကြရပါလိမ့်မယ်။ သူတို့ကချည်းပဲ တောင်းပန်ရမှာ မဟုတ်သလို လူကြီးတွေကလည်း တောင်းပန်သင့်တဲ့အခါ တောင်းပန်ရတယ်ဆိုတာကို သိမြင်ခွင့်ရကြမယ်။ မပြည့်စုံတဲ့ လူသားတွေချည်းပါပဲ။ အဲဒီအတွက် မိဘများ၊ ဆရာ ဆရာမများ ကိုယ်တိုင်လည်း ချွတ်ချော်မှုတခုခုအတွက်ဖြစ်ဖြစ်၊ ကတိက၀တ် မတည်သေးတာကိုပဲဖြစ်ဖြစ်၊ ဒေါသစိတ်နဲ့ ပြောမှားဆိုမှား လုပ်မိတဲ့အခါဖြစ်ဖြစ် ကလေးတွေအပေါ် တောင်းပန်စကားကို ဆိုရမှာပါ။ ပိုမို ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာ ဖြစ်သလို ယုံကြည်မှုတွေလည်း တိုးပွားစေပါတယ်။ ကလေးတွေအပေါ် တောင်းပန်စကားဆိုရတဲ့ အကြောင်းရင်းကို ရှင်းပြပေးပါ။ ဋီကာချဲ့နေစရာတော့လည်း မလိုပါဘူး။ ဆင်ခြေဆင်လက် အများကြီးလည်း ပေးမနေပါနဲ့။ အကြောင်းရင်းကို နည်းနည်းလောက် ရှင်းပြပြီး ရိုးရိုးရှင်းရှင်းသာ တောင်းပန်စကား ဆိုနိုင်ပါတယ်။ လူကြီးများအနေနဲ့ ခဏခဏ ဆောရီးလို့ ကလေးတွေကို ပြောနေရပြီ ဆိုရင်တော့လည်း ပြန်လှန်စဉ်းစားချိန် ရောက်နေပြီ။ ကလေးများနည်းတူ ကိုယ့်ဘက်ကလည်း အပြုအမူကို ပြောင်းလဲချိန် တန်နေပြီလေ။ တကယ်တော့လည်း ချစ်စရာကောင်းတဲ့ မြန်မာကလေးငယ်များအတွက် စာနာစိတ်ကို ပျိုးထောင်ပေးလိုက်ခြင်းဟာ အနာဂတ်ဘ၀အတွက် လုံခြုံမှုအရှိဆုံး ဖြစ်ပါလိမ့်မယ်။ ၀န်ခံတောင်းပန်တတ်တဲ့ အလေ့အကျင့်တွေကို ကလေးများ ရရှိသွားမှသာ နောင်တချိန် လူကြီးတွေ ဖြစ်လာတဲ့အခါမယ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေဟာ ပိုလို့ အနှစ်သာရ ပြည့်ဝမှာဖြစ်ပါတယ်။ ၀န်ခံတတ်တဲ့ လူမျိုး၊ တောင်းပန်တတ်တဲ့ နိုင်ငံအတွက် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဟာ အလှမ်းမဝေးပါ။ သိန်းနိုင် (မောက္ခပညာရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024