ထိုင်းတွင် မြန်မာအလုပ်သမားများစီးလာသည့်ယာဉ် သစ်ပင်ဖြင့်တိုက်၊ ၁ ဦးသေ ၁၂ ဦးဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ကားတစီး ဒီကနေ့ မနက် ၅ နာရီလောက်က သစ်ပင်နဲ့ တိုက်မိပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ တာ့ခ်ခရိုင် တာ့ခ်မြို့ ၀မ်းဟင်ရပ်ကွက် ထာ့မိုက်ဒဲန် ကျောင်းရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ သစ်ပင်တပင်နဲ့ တိုက်မိပြီး ပျက်စီးနေတဲ့ ငွေရောင်ပေါင်းမိုးပါ ဟိုင်းလပ်ကားတစီးကိုရော သေဆုံးဒဏ်ရာရသူတွေပါ တွေ့ရတာလို့ တာ့ခ်မြို့နယ်ရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆုမ်ကျစ် ရုန့်ကျမ်ရတ်ဆမီက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူ တစ်ဦး ဒဏ်ရာရသူပေါင်း ၁၂ ဦးရှိကာ ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ ကားပေါ်ပါလာသူတွေဟာ ကားသမားတဦးသာ ထိုင်းလူမျိုးဖြစ်ပြီး ကျန်တဲ့သူတွေအားလုံး ဘန်ကောက်မှာ အလုပ်သွားလုပ်တဲ့ မြန်မာအလုပ်သမားတွေဖြစ်ကာ မဲဆောက်ကိုအပြန် အခုလိုမတော်တဆ ထိခိုက်မှုနဲ့ ကြံရတာလို့ ဆိုပါတယ်။ လောလောဆယ် သေဆုံးဒဏ်ရာရသူတွေကို တာ့ခ်ဆင်မဟာရတ်ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒီယာဉ်တိုက်မှုမှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ရင်းကားမောင်းလို့ ဖြစ်ရတာလို့ ကနဦး ယူဆ ထားပြီး အကြောင်းအရင်းမှန်ကိုတော့ ဆက်လက်စစ်ဆေးနေတယ်လို့ တာဝန်ကျရဲအရာရှိမှ သတင်းထောက်တွေကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up