သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းမည့်ကိစ္စ အစိုးရသစ်ထံ တင်ပြသွားမည်
ထွန်းထွန်းသိန်း
·
May 18, 2016

သစ်တောပြုန်းတီးမှု ကာကွယ်ရေးအတွက် သစ်တောဌာနက သစ်ထုတ်လုပ်မှု တနှစ်ရပ်ဆိုင်းမယ့်ကိစ္စကို အစိုးရသစ် အဖွဲ့အစည်းထံ တင်ပြသွားဖို့ ရှိပါတယ်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကို ကျွန်းသစ်နဲ့ သစ်မာထုတ်လုပ်မှု ရပ်ဆိုင်းဖို့ မြန်မာ့သစ်လုပ်ငန်းက စီစဉ်နေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ့သစ်လုပ်ငန်းဌာနမှာ မေလ ၁၄-၁၅ နှစ်ရက်တာကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က “ကျွန်းသစ်အရေအတွက်အနေနဲ့ ပင်အရေကလည်း ၁၉၀၀၀ လောက်ပဲရှိတယ်။ နောက်တခုကလည်း ထုတ်မယ့်နေရာတွေနဲ့ ကြည့်ပြန်ရင်လည်း အပင်ရေ နည်းနည်းပဲ ရှိတဲ့အခါကျတော့ ဒီလိုမျိုး ထုတ်မယ့်အစား တနှစ်ရပ်ပြီးတော့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ကြည့်မယ်။ အထူးသဖြင့်တော့ ပဲခူးရိုးမပေါ့။ ပဲခူးရိုးမက ကျွန်းအများဆုံး ပေါက်တဲ့နေရာဖြစ်တယ်။ ကျွန်းအရည်အသွေးလည်း ကောင်းတဲ့နေရာဖြစ်တဲ့အတွက် ကျွန်းပင်တွေကို မခုတ်ဘဲနဲ့ တနှစ်ရပ်ပြီးတော့ ကျနော်တို့ မျိုးစပ်ခြင်းလုပ်ငန်းတွေကို သေချာလုပ်မယ်ဆိုရင် သင့်တော်မယ်။ ဒါကြောင့်မို့ ကျွန်းကို ကျနော်တို့ရပ်ဆိုင်းမယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကစပြီး သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းခဲ့တဲ့အတွက် သစ်တောထုတ်လုပ်မှုကို အပြီးတိုင် မရပ်ဆိုင်းသင့်ဘဲ အကန့်အသတ်နဲ့ ထုတ်လုပ်သင့်တယ်လို့လည်း သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
“ပြည်ပပို့တာနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းအားဖြင့်တော့ ၂၀၁၄ ပြည်ပတင်ပို့မှု ရပ်ဆိုင်းတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ၂၀၁၅ မတ်လ ၃၁ ရက်နေ့အတွင်းမှာ ဒီကနေပြီးတော့ တန်ချိန်ကိုးသောင်းကျော်၊ ဒီ တန်ချိန်ကိုးသောင်းကျော်အတွက် လိုအပ်တဲ့ ကုန်ကြမ်း သစ်လုံးပမာဏဟာ တန်ချိန်နှစ်သိန်းအောက်မှာပဲ ရှိတယ်။ ဒါကို တိုးမြှင့်ထုတ်မယ်ဆိုရင်တောင်မှ နှစ်သိန်း နှစ်သိန်းခွဲထက် ပိုမလိုပါဘူး။ ဆက်ထုတ်မယ်ဆိုလည်း လက်ရှိ ဆက်ထုတ်နိုင်မယ့် ပမာဏအရဆိုရင်တော့ ကျနော်တို့ ပြည်တွင်းလိုအပ်ချက်ကော၊ ပြည်ပတင်ပို့တာကော သိပ်အခက်အခဲဖြစ်မယ်မထင်ဘူး။”
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှု အများဆုံးဖြစ်နေတဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ ဖြစ်ကြပါတယ်။
ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံမှာ နဂိုမူလအတိုင်း တည်ရှိနေတဲ့ တောကောင်းဧရိယာက သစ်တောဖုံးလွှမ်းမှုရဲ့ ၂၇ ရာခိုင်နှုန်းပဲ ကျန်ရှိတော့တဲ့အတွက် သစ်တောတွေကို ထုတ်ယူမှုမပြုဘဲ အနားပေးဖို့ လိုအပ်နေတာပါ။
မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်တာ၊ တောင်ယာမီးရှို့တာတွေကြောင့် ၂၀၁၅ ခုနှစ် ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံး ဆယ်နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၃ နေရာမှာ တည်ရှိနေပါတယ်။