Home
မေးမြန်းခန်း
တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲရေးကို သတ္တိရှိရှိနဲ့ လုပ်ယူသွားဖို့လိုတယ် - ဦးကိုနီ
DVB
·
May 18, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူတာ အခုချိန်ဆို ၁ လနီးပါးရှိပြီ ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာပဲ ခေတ်စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေနှစ်ခုကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေကို အများပြည်သူ လေ့လာအကြံပြုနိုင်ဖို့အတွက် သတင်းစာတွေမှာ ထည့်သွင်းကြေညာထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုဥပဒေတွေကို ရုပ်သိမ်း ပယ်ဖျက်သင့်တယ်။ ဘယ်လိုဥပဒေတွေကို ပြင်ဆင်သင့်တယ်၊ အသစ်ရေးဆွဲသင့်တယ်၊ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အခုရက်ပိုင်းအတွင်းမှာ ဒီ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းဆိုပြီးတော့ သတင်းစာမှာ ကြေညာတာ တွေ့ရတယ်ပေါ့နော် ဆရာ။ အဲ့ဒီလိုပဲပေါ့နော် ဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကလည်း ရုပ်သိမ်း၊ ပယ်ဖျက်၊ ပြင်ဆင်ရေးဆွဲသင့်တဲ့ ဥပဒေ ၁၄၂ ခုရှိတယ်လို့ ပြောထားတာ သိရတယ်ရှင့်။ အဲ့တော့ ဆရာ အရင်ဆုံးပေါ့နော် အများပြည်သူတွေကို ပယ်ဖျက်တာနဲ့ ရုပ်သိမ်းတာဆိုတာ ဘယ်လိုကွာခြားလဲ ဆိုတာလေးကို အရင်ဆုံး ပြောပြပေးပါဆရာ။ ဖြေ - ဒါကတော့ ကျနော်တို့ ဥပဒေစကားလုံးပေါ့ဗျာ။ ဥပဒေပညာနယ်ပယ်မှာ သုံးတာ။ ရုပ်သိမ်းတယ်ဆိုတဲ့ စကားက ဥပဒေပြဋ္ဌာန်းချက် တခုလုံးကို ရုပ်သိမ်းတာ။ ဆိုကြပါစို့ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းမယ်ဆိုရင် ဆိုလိုတာက ဥပဒေကြီးတခုလုံးကို ရုပ်သိမ်းလိုက်တာ။ ဘယ်ပုဒ်မမှ အသက်မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်။ ပယ်ဖျက်တယ်ဆိုတာက ဥဒေတခုလုံးကို မရုပ်သိမ်းဘူး။ အဲ့ဒီ ဥပဒေစာအုပ်ထဲမှာရှိတဲ့ ပုဒ်မတခုနှစ်ခုကိုပဲ ဖျက်ချင်တယ်ဆိုရင် ပယ်ဖျက်တယ်ဆိုတဲ့ စကားကို သုံးပါတယ်။ မေး - အဲ့တော့ဆရာ ခုနကပြောသွားတဲ့ ရုပ်သိမ်းလိုက်တဲ့ ဥပဒေနှစ်ခုပေါ့နော်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာရယ်၊ ဒီဥပဒေက တကယ်ဆို ခေတ်စနစ်နဲ့ လုံးဝမကိုက်ညီတော့ဘူး။ အရင်ကတည်းကကို ရုပ်သိမ်းသင့်တဲ့ ဥပဒေပေါ့နော်။ အဲ့ဒီ ဥပဒေနှစ်ခု အကြောင်းလေးလည်း နည်းနည်းလောက် ရှင်းပြပေးပါလားရှင့်။ ဖြေ - အခုလောလောဆယ် သတင်းစာမှာပါလာတဲ့ ရုပ်သိမ်းဖို့အတွက် လာမယ့်လွှတ်တော်မှာ တင်ပြမယ်လို့ ရည်ရွယ်ထားတဲ့ ဥပဒေနှစ်ခုကို သတင်းစာမှာ ထည့်ခဲ့ပါတယ်။ အဲ့ဒီနှစ်ခုကတော့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေရယ်၊ ပြီးတော့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေရယ်။ ဒီဥပဒေနှစ်ခုကို ပြန်လည်ရုပ်သိမ်းဖို့ရှိတယ် ဆိုပြီးတော့ ပြည်သူလူထုကို အကြံဉာဏ်တောင်းတဲ့ကြော်ငြာ ကျနော်တို့ တွေ့ပါတယ်။ အဲ့တော့ ပထမဥပဒေက အရေးပေါ်စီမံမှု အက်ဥပဒေ၊ သူ့ကိုပြဋ္ဌာန်းတာ ၁၉၅၀၊ အဲ့တော့ ၁၉၅၀ ခုနှစ် ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေက အတော့်ကို အရေးကြီးနေတယ်။ တနိုင်ငံလုံး သူပုန်လက်ထဲ ရောက်နေတယ်။ ရောင်စုံသူပုန်ခေတ်လို့ ခေါ်ပါတယ်။ အဲ့ဒီလို တနိုင်ငံလုံး သူပုန်လက်ထဲ ရောက်နေတဲ့ အချိန်မျိုးမှာ လိုအပ်ရင် ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၅၀ အရေးပေါ်စီမံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့တာ။ အဲ့ဒီ ဥပဒေပြဋ္ဌာန်းပြီးနောက် အဲ့ဒီဥပဒေနဲ့ အရေးယူတယ်၊ ဆောင်ရွက်တယ်၊ ကျနော်တို့ ပြန်တိုက်တယ်။ ၁၉၅၂၊ ၁၉၅၃ မှာ တိုင်းပြည်ကြီး အေးချမ်းသွားပြီ။ ၁၉၅၄ မှာ ရွေးကောက်ပွဲတောင် ကျနော်တို့က ပြန်လုပ်ပြီ။ ဆိုတော့ မအေးချမ်းတဲ့အချိန်မှာ အရေးပေါ်လို့ ပြဋ္ဌာန်းထားရင်၊ အရေးမပေါ်တာနဲ့ ချက်ချင်း ပြန်ရုပ်သိမ်းရမယ်။ သို့သော် အဲ့ဒီတုန်းက အကြောင်းအမျိုးမျိုးနဲ့ ပါလီမန် ဒီမိုကရေစီအစိုးရက မရုပ်သိမ်းနိုင်ခဲ့ဘူး။ ကျန်ရစ်ခဲ့တယ်။ ပြီးတော့ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းပြီးလိုက်တဲ့နောက် တိုင်းပြည်က လုံးဝအေးချမ်းသွားပြီ၊ ပိပြားသွားပြီ။ နောက် ဘာမှ ဆူတာပူတာ၊ သောင်းကျန်းတာ မရှိဘူး။ အဲ့ဒီအချိန်မှာ ဖျက်ဖို့ကောင်းတယ်။ ဒါလည်း မဖျက်ခဲ့ဘူး။ ပြီးတော့ ဆိုရှယ်လစ်ခေတ် ရောက်လာတယ်။ ဘာမှ တိုင်းပြည်မှာ ဆူတာပူတာ၊ ပြဿနာမရှိဘူး။ ဒါပေမယ့်လို့ ဒီဥပဒေကို မဖျက်ဘူး။ နောက်အခုတခါ ဒီဘက် ၁၉၈၈ အရေးအခင်းဖြစ်တယ်။ ဒီဘက် ရောက်လာတယ်။ အဲ့ဒီအချိန်ကျတော့ အဲ့ဒီဥပဒေကို သုံးပြီးတော့မှ တော်တော်များများ လူတွေကို ထောင်ချခဲ့ပါတယ်။ စစ်ခုံရုံးကနေ ပုဒ်မ ၅(ည) နဲ့ ထောင်ချခဲ့တယ်၊ အဲ့ဒါပဲ။ အဲ့တော့ ဒီဥပဒေဟာ တကယ်တော့ မလိုအပ်တော့တဲ့ ဥပဒေကို လိုအပ်လာရင် ပြည်သူလူထုကို ဖိနှိပ်ဖို့ ယန္တရားတခုအနေနဲ့ သုံးနိုင်အောင်ဆိုပြီးတော့ အာဏာရှင် အစိုးရတွေက မပယ်ဖျက်ဘဲ ထားခဲ့တာ။ အခု ကျနော်တို့က အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ တက်လာပြီဆိုတော့ ဒီဥပဒေမျိုးဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အင်မတန် ကျဆင်းစေတယ်။ တိုင်းပြည်ရဲ့ပုံရိပ်ကို အင်မတန် ရုပ်ဆိုးစေတယ်။ ကျနော်တို့သွားမယ့် ဒီမိုကရေစီစနစ်ရဲ့ ပုံရိပ်ကိုလည်း အများကြီး ထိခိုက်စေတယ်။ ဒါ့ကြောင့်မို့လို့ ဒီဥပဒေဟာ ရုပ်သိမ်းရမယ့် ဥပဒေလို့ပဲ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ နောက်တခုက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေတဲ့။ ဒီဥပဒေကို ပြဋ္ဌာန်းတဲ့ခေတ်က ၁၉၇၄ ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဆိုရှယ်လစ်စနစ်ကို ကာကွယ်ဖို့ ပြဋ္ဌာန်းထားတာ။ ဆိုရှယ်လစ်စနစ်ဆိုတာ တစ်ပါတီတည်းက နိုင်ငံတော်အာဏာကို သူပိုင်တယ်လို့ မှတ်ယူပြီးတော့ အုပ်ချုပ်တဲ့ တပါတီ အာဏာရှင်စနစ်ပေါ့။ အဲ့တော့ အဲ့ဒီ တပါတီ အာဏာရှင်စနစ်ကို ပြည်သူတွေက မကြိုက်ဘူး။ မကြိုက်တဲ့အခါမှာ အသင်းအဖွဲ့တွေ ဖွဲ့ပြီးတော့မှ တော်လှန်တာမျိုး၊ သို့မဟုတ်လည်း ဒီအဖွဲ့ ပျက်ရာပျက်ကြောင်း လုပ်တာမျိုး ဒါတွေဖြစ်လာနိုင်တယ်။ အဲ့တော့ အဲ့ဒါမျိုးတွေ လုပ်လာရင် အဲ့ဒါကို ကာကွယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဥပဒေကို ပြဋ္ဌာန်းထားတာပေါ့။ သို့သော် ဆိုရှယ်လစ်စနစ်ကို ပယ်ဖျက်ပြီးတော့ စစ်တပ်က အာဏာသိမ်းပြီးတော့ စစ်အာဏာရှင်စနစ် ပေါ်လာတဲ့ အခါကျတော့ အာဏာရှင်က ဒီလိုဥပဒေမျိုးတွေကို မဖျက်ဘူး။ သူ့အကျိုးအတွက် ဆက်ပြီးတော့ ဒီဥပဒေကို ထားတယ်။ ပြီးတော့ ဒီဥပဒေကို သုံးပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်တို့၊ အန်ကယ် ဦးတင်ဦးတို့၊ အန်ကယ် ဦးကြည်မောင်တို့၊ တကယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူထောက်ခံတဲ့ နိုင်ငံရေးသမားတွေကို ဒီဥပဒေနဲ့ နေအိမ်အကျယ်ချုပ် ချုပ်ခဲ့တယ်။ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ပြီး ပြည်သူလူထုကို ဒုက္ခပေးတဲ့ ဥပဒေအမျိုးအစား ဖြစ်တဲ့အတွက် အဲ့ဒီဥပဒေနှစ်ခုစလုံးဟာ အလျင်အမြန်ဖျက်သင့်တဲ့ ဥပဒေလို့ ကျနော်က အဲ့ဒီလို သဘောထား မှတ်ချက်ပေးချင်ပါတယ်။ မေး - ဒီအစိုးရသက်တမ်း ၁ လအတွင်းမှာပဲ ဒီနှစ်ခုကို စပြီးတော့ ဖျက်သိမ်းဖို့ လုပ်နေပြီပေါ့နော်။ အဲ့တော့ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကလည်း ၁၄၂ ခု တင်ထားတယ်ဆိုတော့ အရင်ဆုံးပေါ့နော်၊ နောက်ထပ် ဒီဟာတွေပြီးရင်ကော ဘယ်ဟာတွေကို ဦးစားပေး ဖျက်သိမ်းသင့်တယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ပါသလဲရှင့်။ ဖြေ - ကျနော် နည်းနည်းလေး အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ၁၄၂ ခုဆိုတော့ သိပ်များတယ်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်စနစ်အောက်မှာ စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေအားလုံး လုံးဝရုပ်သိမ်းပစ်ရမယ်။ ကျနော်တို့ ရှေ့ကိုသွားမယ့် တကယ့်လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ လူ့အခွင့်အရေးကို ချုပ်ချယ်ကန့်သတ်တဲ့ ဥပဒေတွေ အဲ့ဒါတွေကို ပယ်ဖျက်ရမယ်။ လိုအပ်ရင် ပြင်ဆင်ရမယ်။ နောက်တခါ ပါတီစုံ ဒီမိုကရေစီစနစ်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေပြဋ္ဌာန်းချက်မျိုးတွေ ဒါတွေဟာ ကျနော်တို့ ပယ်ဖျက်ပစ်ရမယ်။ ဆိုကြပါတော့ ငြိမ်းစုစီဥပဒေ အရပ်အခေါ်ပေါ့၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဆိုပြီးတော့။ အဲ့တော့ ဒီဥပဒေဟာ ဒီမိုကရေစီစနစ်မှာ လိုအပ်တဲ့ ဥပဒေဖြစ်တယ်။ ဆိုတော့ သူ့ကို လုံးဝရုပ်သိမ်းပစ်လို့ မဖြစ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတွေမှာ လူတိုင်းလူတိုင်း၊ နိုင်ငံသားတိုင်းဟာ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။ အဲ့တော့ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတော့ ဆန္ဒထုတ်ဖော်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးဖို့ လိုတယ်။ စည်းကမ်းတကျ၊ စည်းစနစ်တကျ ပြဿနာမရှိဘဲ ဆန္ဒပြနိုင်တဲ့ အနေအထားမျိုး ဖြစ်ဖို့ဆိုရင် ဥပဒေပြဋ္ဌာန်းပေးဖို့ လိုတယ်။ အဲ့တော့ ငြိမ်းစုစီဥပဒေဟာ လိုတယ်။ ဒါပေမယ့် ပုဒ်မ ၁၈ ကျတော့ သူက လုံးဝ ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ ပုဒ်မ ၁၈ က ခွင့်ပြုချက်မရဘဲနဲ့ ဆန္ဒပြရင် ထောင် ၆ လ ချမယ်လို့ ပြောတယ်။ အဲ့တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ (က နဲ့ ခ) မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်တယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်တယ်။ စီတန်းလှည့်လည်နိုင်တယ်လို့ ပြောထားတယ်။ သူက ခွင့်ပြုချက်ရမှ ဆန္ဒပြခွင့်ရှိတယ်ဆိုရင် အဲ့ဒါဟာ လွတ်လပ်စွာလို့ ပြောလို့မရတော့ဘူး။ အဲ့တော့ ဥပဒေမှာ လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရတယ်။ ဒါပေမယ့် ငြိမ်းစုစီ ဥပဒေကျတော့ ရဲမှူးဆီမှာ ခွင့်တောင်းရမယ်။ ရဲမှူးခွင့်ပြုမှ ပြရမယ်။ ခွင့်ပြုချက် မရလို့ရှိရင် ထောင် ၆ လဆိုတော့၊ ကျနော်တို့ရဲ့ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ဘယ်သူက ကန့်သတ်နိုင်လဲဆိုတော့ ရဲမှူးက ကန့်သတ်နိုင်တယ်။ ရဲမှူးခွင့်ပြုမှ ကျနော်တို့က ဆန္ဒပြခွင့်ရှိတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်က အလကား ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ အဲ့ဒီ ပုဒ်မ ၁၈ ကတော့ လုံးဝမှားတယ်။ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရမယ်။ ပယ်ဖျက်ပြီးတော့ ပြင်ရမယ်။ ဘယ်လိုပြင်မှာလဲဆိုတော့ ငြိမ်းစုစီဥပဒေ၊ လူတိုင်း လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ်။ ပြမယ်ဆိုရင် ဘယ်အချိန်၊ အနည်းဆုံး ဘယ်နှစ်နာရီ ကြိုတင်ပြီးတော့မှ၊ ၂၄ နာရီကြိုတင်ပြီးတော့ ရဲစခန်းကို အကြောင်းကြားမယ်၊ ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားရမယ်။ ရဲတပ်ဖွဲ့မှူးကို အကြောင်းကြားမှ ရဲတပ်ဖွဲ့မှူးက လိုအပ်တာတွေ ပြင်ဆင်နိုင်မယ်။ သူ့ကို စောင့်ရှောက်ပေးနိုင်မယ်။ နောက်တယောက်က ဒီနေရာမှာ ဆန္ဒပြဖို့ရှိရင် အချိန်ကို လွှဲပေးမယ်။ အန္တရာယ်မဖြစ်အောင်၊ ပြဿနာမဖြစ်အောင် သူစီစဉ်နိုင်မယ်။ ဆိုတော့ အဲ့ဒီလိုမျိုးပေါ့ဗျာ။ အလျင်အမြန် လုပ်ရမယ့်ဟာတွေက ဒီမိုကရေစီစနစ်ကို သွားမယ့်ဥပဒေတွေထဲက ဆန့်ကျင်တဲ့ဟာဆို ပယ်ဖျက်မယ်။ နည်းနည်းပါးပါးပဲ ဆန့်ကျင်နေတယ်၊ သုံးဖို့လိုရင်တော့ လိုအပ်သလို ပြင်ဆင်ပြီးတော့ သုံးရမှာပေါ့။ မေး - နောက်တခုက အသစ်ထပ်ပြီးတော့ ရေးဆွဲဖို့လိုတာတွေလည်း ရှိတယ်ဆိုတော့၊ ဥပဒေတခု ရေးဆွဲတဲ့အခါမှာလည်း အချိန်က လိုအပ်တယ်လေ။ အဲ့တော့ အရင်ဆုံး ဦးစားပေးအနေနဲ့ပေါ့နော်။ အခု လက်ရှိနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့်ဟာမျိုး၊ ဘယ်လိုဥပဒေမျိုးကို အရင်ဆုံး ဦးစားပေး ရေးသင့်တယ်လို့ ဆရာသုံးသပ်ချင်ပါလဲရှင့်။ ဖြေ - ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစနစ်ကို ဦးတည်ထားတယ်။ ကာကွယ်ရေးဦးစီးချုပ်က အာဏာတွေ အများအပြား ယူထားပေမယ့်လည်း တအုပ်လုံးရဲ့ အနှစ်သာရက ဘာကိုညွှန်ပြနေသလဲဆိုတော့ ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မယ်ဆိုတဲ့ ဘက်ကို သူက ဦးတည်ပြီး ရေးသားထားတယ်။ ဒါပေမယ့်လို့ တကယ့်လက်တွေ့ ဒီကနေ့ တိုင်းပြည်ကို အုပ်ချုပ်နေတာက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မဟုတ်ဘူး။ တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးကနေပြီးတော့ အုပ်ချုပ်နေတယ်။ ပြည်ထဲရေးဝန်ကြီးကနေပြီးတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဆိုတဲ့ နိုင်ငံ့ဝန်ထမ်း အဖွဲ့တဖွဲ့ရယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတဲ့ နိုင်ငံ့ဝန်ထမ်း အဖွဲ့တဖွဲ့ရယ်၊ ပြီးတော့ ထောက်လှမ်းရေးအဖွဲ့တွေရယ်၊ အဲ့ဒီအဖွဲ့အစည်းတွေနဲ့ သူက တနိုင်ငံလုံးကို ပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်နေတယ်။ ပြည်နယ်၊ တိုင်းတွေမှာ ၀န်ကြီးချုပ်တွေ ရှိနေတယ်။ အစိုးရအဖွဲ့တွေ ရှိနေတယ်။ သူတို့က Jobless ပဲ။ သူတို့ဟာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဝန်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့သာ ပြောနေတာ။ တကယ်တမ်း တိုင်းပြည်ကိုအုပ်ချုပ်တဲ့အာဏာ သူတို့ကို ပေးမထားဘူး။ ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာ ရှိနေတယ်။ အဲ့ဒါ ဘာကိုပြနေသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်တွေ့ အုပ်ချုပ်နေတဲ့ဟာက အံမကိုက်ဘူး။ နည်းနည်း လွဲချော်နေတယ်ဆိုတာကို ပြောတာ။ ဆိုကြပါစို့၊ ကျနော်တို့ လက်ရှိ မြန်မာပြည်ရဲ့ အနေအထားကိုကြည့်ရင် အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် အဆင့်ငါးဆင့် ခွဲပြီးတော့ အုပ်ချုပ်တယ်။ အနိမ့်ဆုံးပြောရရင် ရပ်ကွက်၊ ကျေးရွာ၊ သူ့ရဲ့အပေါ်မှာ မြို့နယ်၊ သူ့ရဲ့အထက်မှာ ခရိုင်၊ ပြီးတော့ ပြည်နယ်၊ တိုင်းဒေသကြီး၊ ပြီးတော့ ပြည်ထောင်စု၊ အဆင့်ငါးဆင့်ရှိတယ်။ ပြည်ထောင်စုအဆင့်က ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက အုပ်ချုပ်တာ။ နောက် ပြည်ထောင်စုအစိုးရဆိုတာ တကယ့် ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်တဲ့ အစိုးရ ဖြစ်နေတယ်။ အလားတူ ဒုတိယအဆင့်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ အဲ့ဒါတွေလည်း ဒီအတိုင်းပဲ ပြည်သူလူထု လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်တဲ့ အစိုးရအနေနဲ့ ဖွဲ့စည်းထားတယ်။ အာဏာသာ အပြည့်အ၀ မပေးထားတာ၊ ရွေးကောက်တင်မြှောက်ထားတယ်။ နောက် အနိမ့်ဆုံးဖြစ်တဲ့ ရပ်ကွက်၊ ရပ်ကျေး ရွေးကောက်တင်မြှောက်တဲ့ စနစ်နဲ့ အုပ်ချုပ်ရေးမှူးကို ရွေးတယ်။ အနိမ့်ဆုံးအဆင့်လည်း ရွေးတယ်။ အမြင့်ဆုံး အဆင့်နှစ်ဆင့်လည်း ရွေးတယ်။ အလယ်မှာ မြို့နယ်နဲ့ ခရိုင်က လပ်နေတယ်။ အဲ့တော့ အဲ့ဒီ မြို့နယ်ကော၊ ခရိုင်ကော၊ ရပ်ကျေးရော အားလုံးကို ပြည်သူလူထုကရွေးတဲ့ လူတွေက အုပ်ချုပ်တဲ့စနစ်ကို ဖန်တီးဖို့ဆိုရင် ဥပဒေတခု အမြန်ရေးဖို့လိုပြီ။ အဲ့ဒီဥပဒေက ဘာတုန်းဆိုတော့ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေလို့ခေါ်တယ်။ ၁၉၅၃ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီခေတ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်။ အဲ့တော့ အဲ့ဒီဥပဒေကတော့ ဦးနေ၀င်း အာဏာသိမ်းလိုက်တဲ့အတွက် ၁၉၆၂ မှာ ပျက်သွားတယ်ပေါ့။ အဲ့တော့ အဲ့ဒီဥပဒေမှာ သူက ရေးထားတာက ရပ်ကွက်နဲ့ ကျေးရွာကို အုပ်ချုပ်ဖို့ ကောင်စီကိုရွေးရတယ်။ ပြည်သူလူထုက ရွေးရတာ။ ပြီးတော့မှ သူတို့က အုပ်ချုပ်တယ်။ မြို့နယ်ဆိုရင် အဲ့ဒီရပ်ကွက်ကနေပြီးတော့မှ မြို့နယ်အတွက် ကိုယ်စားလှယ်ကို ရွေးပေးရတယ်။ အဲ့ဒီလူတွေနဲ့ မြို့နယ်ကောင်စီကို ဖွဲ့ပြီးတော့ မြို့နယ်ကောင်စီက မြို့နယ်ကို အုပ်ချုပ်တယ်။ အဲ့ဒီ ထွေအုပ်ဝန်ထမ်းတွေက သူတို့အောက်မှာ အလုပ်လုပ်ရတယ်။ ခရိုင်ကောင်စီဆိုရင်လည်း အဲ့ဒီမြို့နယ်တွေထဲကနေ တမြို့နယ်ကို ကိုတာနဲ့ ရွေးပေးရတယ်။ အဲ့ဒီအဖွဲ့ကနေ ခရိုင်ကောင်စီဆိုပြီးတော့ ခရိုင်ကို အုပ်ချုပ်တယ်။ ဆိုတော့ အခု အရေးတကြီး လိုအပ်တာက အုပ်ချုပ်ရေးဘက်မှာ။ အဲဒီလို ဒေသန္တရ အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ပေးမယ့်၊ တကယ့်ပြည်သူလူထု လူတိုင်းလူတိုင်း၊ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းဟာ သူတို့ရွေးတဲ့လူကပဲ သူတို့ကို အုပ်ချုပ်တယ်ဆိုတဲ့ ပုံသဏ္ဌာန်ကို ဖော်ပေးဖို့အတွက် အဲ့ဒါ ပထမဦးစားပေး ရေးရမယ့် ဥပဒေတခုလို့ ဆရာ့အနေနဲ့ အကြံပေးချင်တယ်၊ တင်ပြချင်တယ်၊ လွှတ်တော်ကိုလည်း အကြံပေးချင်တယ်။ ပြည်သူလူထုကိုလည်း သိစေချင်တယ်။ အဲ့ဒါကို တောင်းဆိုစေချင်တယ်။ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေကို ပုံဖော်ပေးပါလို့ ပြောချင်တယ်။ နောက် ဒုတိယတခု ကျနော်အကြံပြုချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကတိမှာ တရားစီရင်ရေးစနစ်ကိုလည်း သူ ပြုပြင်ပြောင်းလဲမယ်၊ ဒီလို သူ ကတိပေးထားတာရှိတယ်။ အဲ့တော့ ကျနော်တို့ တရားရေးစနစ်က အတော့်ကို ဝေဖန်ခံနေရတယ်။ အတော့်ကို နာမည်ပျက်နေတယ်။ အဓိက အကြောင်းကတော့ တရားရေးဌာနဟာ အုပ်ချုပ်ရေးဌာနရဲ့ လက်ကိုင်တုတ် ဖြစ်နေတာ။ တရားသူကြီးကိုလည်း အုပ်ချုပ်ရေးဘက်ကနေပဲ ခန့်တယ်။ အုပ်ချုပ်ရေးဌာနက ခိုင်းတာတွေကိုပဲ တရားသူကြီးတွေက မလုပ်ချင်ဘဲနဲ့ လုပ်နေရတယ်။ အဲ့တော့ တရားရေးစနစ်ကို ပြောင်းမယ်။ လုံးဝ လွတ်လွတ်လပ်လပ် စီရင်နိုင်တဲ့ ပုံသဏ္ဌာန်ကို ဖန်တီးပေးမယ်။ တချိန်တည်းမှာ မိမိရဲ့ဆုံးဖြတ်ချက်ကိုလည်း မိမိတာဝန်ယူရမယ်။ အဲ့ဒီလို တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် တရားရေးဆိုင်ရာ ဥပဒေအသစ်တခုကိုလည်း ပြန်ပြီးတော့ ရေးရမယ်။ ကျနော်တို့ကတော့ ပြည်ထောင်စုအဆင့်ဆိုရင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပေါ့။ အဲ့ဒီမှာ ကျနော်တို့ ဥပဒေတခု ရေးရမယ်။ ရေးပြီးတော့ လွတ်လပ်ခွင့်လည်း ပေးရမယ်။ တာဝန်လည်း ယူခိုင်းရမယ်။ မှားရင် အမှားကိုဆုံးဖြတ်တဲ့ တရားသူကြီးတွေကို ဘယ်လို အရေးယူသွားမယ်ဆိုတာ အဲ့ဒီဥပဒေထဲမှာ ထည့်ပြီးတော့ ရေးရမယ်။ ပြည်သူတွေရဲ့ အခွင့်အရေးကို နောက်ဆုံး ကာကွယ်စောင့်ရှောက်ပေးတဲ့ တရားရေးဌာနကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် တရားရေးဌာန ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေတခုကို အလျင်အမြန် ဦးစားပေး ရေးဆွဲသင့်တယ်လို့ ကျနော် အဲ့ဒီလို အကြံပေးချင်တယ်။ အဲ့ဒီအကြံပြုချက်ကို လွှတ်တော်ကိုလည်း ကျနော်ပေးချင်တယ်။ ပြည်သူတွေလည်းပဲ သိစေချင်ပါတယ်။ နောက်အရေးကြီးတာတခု ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးဆိုတာ ရှိတယ်။ အဲ့ဒီ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို နိုင်ငံသားတွေ အပြည့်အ၀ ခံစားနိုင်အောင် နောက်ကနေ ဥပဒေတခုနဲ့ ပြဋ္ဌာန်း ပံ့ပိုးပေးဖို့လိုတယ်။ အဲ့ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အစိုးရဌာနတခုခုက ထိပါးလာရင်၊ အဖွဲ့အစည်းတခုခုက ထိပါးလာရင် အဲ့ဒါတွေကို  ချက်ချင်းလက်ငင်း ကျနော်တို့ ဘယ်လိုအရေးယူ ဆောင်ရွက်နိုင်မလဲ။ ဒါဟာ တော်တော်အရေးကြီးတယ်။ ဥပမာပြောမယ် ကျနော်တို့လို မျက်နှာပေါ့ဗျာ၊ သွေးနှောတွေ၊ မှတ်ပုံတင်ရုံးသွား မှတ်ပုံတင်ပျောက်သွားလို့၊ ပြဲလို့ အသစ်လဲတယ်။ မလွယ်ဘူး။ အမျိုးစုံချိန်းတယ်။ အမျိုးမျိုးအကြောင်းပြပြီးတော့ မလုပ်ပေးဘူး။ ဒီလိုဆို ကျနော် ဘာလုပ်ရမလဲ။ ဒါ ကျနော့်ရဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး၊ ကျနော့်နိုင်ငံသားကတ် ပျက်သွားတယ်၊ ပျောက်သွားတယ်၊ ကျနော့်ကို ချက်ချင်းပြန်ထုတ်ပေးရမယ်။ အဲ့ဒါကို လုပ်မပေးဘူးဆိုရင် ကျနော် ဘယ်မှာသွားပြီးတော့ တောင်းမလဲ။ အဲ့ဒါမျိုးအတွက် ဥပဒေပြဋ္ဌာန်းပေးရမယ်။ အဲ့ဒါဆိုရင် ဘယ်မှာသွားပြီးတော့ တိုင်ရမယ်။ ဘယ်မှာသွားတောင်းရမယ်။ ဆိုတော့ တရားရုံးကို တိုင်နိုင်တယ်ဆိုလည်း တရားရုံးတခု ထပ်ဖွဲ့ရမယ်။ ဒါ Administrative Court လို့ခေါ်တယ်။ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ အလုပ်မလုပ်ရင် သူတို့ကို တိုင်ဖို့အတွက် ရုံးတရုံးကို သပ်သပ်ဖော်ပေး၊ အဲ့ဒီရုံးမှာ ကျနော်တို့က တိုင်လို့ရတယ်။ အဲ့ဒီရုံးက ဆုံးဖြတ်ပေးမယ်။ အဲ့ဒီ အုပ်ချုပ်ရေးဌာန ၀န်ထမ်း တာဝန်ပျက်ကွက်ရင် သူ့ကို အရေးယူလိမ့်မယ်။ ကျနော့်ကိုလည်း လုပ်ပေးရမယ်၊ စသဖြင့် အဲ့လိုမျိုး နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ထိပါးခံရတာတွေ၊ ချိုးဖောက်ခံရတာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ဥပဒေတခု အလျင်အမြန် ရေးပေးဖို့လိုတယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ နောက်ဆုံးတခု ကျနော်ပြောပါမယ်။ ဒါကလည်း သိပ်အရေးကြီးလို့ ကျနော်ပြောတာက ဘာသာရေးကို အကြောင်းပြုပြီးတော့ ဆူပူသောင်းကျန်းမှုတွေဖြစ်အောင် ဖန်တီးနေတယ်။ အဲ့ဒါတွေကို အရေးယူနိုင်ဖို့အတွက် တိုက်ရိုက်အရေးယူနိုင်တဲ့ ဥပဒေမရှိဘူး။ ၁၉၄၇ မှာ လွတ်လပ်ရေးမယူခင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ရေးဆွဲခဲ့တယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး ပထမဦးဆုံး ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ အဲ့ဒီဥပဒေပုဒ်မ ၂၀ မှာ ဘာသာရေးလွတ်လပ်ခွင့် ပေးထားတယ်။ ၂၁ မှာ အဲ့ဒီ ဘာသာရေးလွတ်လပ်ခွင့်ကို တလွဲသုံးရင် အရေးယူဖို့အတွက် ဥပဒေပြဋ္ဌာန်းရမယ်လို့ ရေးထားတယ်။ ဒါပေမယ့် မရေးခဲ့ဘူး၊ ဥပဒေမရှိဘူး။ တခါ ၁၉၇၄ မှာ ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့ ဥပဒေအသစ် ပြဋ္ဌာန်းတယ်။ အဲ့ဒီ ဥပဒေပုဒ်မ ၁၅၆ မှာလည်းပဲ မြန်မာနိုင်ငံသားတွေဟာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်။ အဲ့ဒီ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို နိုင်ငံရေးမှာ မသုံးနဲ့၊ အခြား အကျိုးပျက်ရာပျက်ကြောင်း မလုပ်ရဘူး။ လုပ်လို့ရှိရင် အရေးယူဖို့အတွက် အပြစ်ပေးနိုင်အောင် ဥပဒေပြဋ္ဌာန်းရမယ်လို့ ရေးထားတယ်။ ဒါပေမယ့် ဥပဒေမရေးခဲ့ဘူး။ ဖွဲ့စည်းပုံမှာသာပါတာ၊ လက်တွေ့မရေးဘူး။ အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒီအတိုင်းပဲ။ ပုဒ်မ ၃၄ မှာ အခြေခံမူမှာ ဘာသာရေးလွတ်လပ်ခွင့် ရှိတယ်လို့ ရေးထားတယ်။ ပုဒ်မ ၃၆၄ မှာ အဲ့ဒီ ဘာသာရေးလွတ်လပ်ခွင့်ကို တလွဲမသုံးရဘူး။ နိုင်ငံရေးအတွက် မသုံးရဘူး။ ဘာသာတခုနဲ့ တခုကြားမှာ အမုန်းပွားအောင်ပြောရင် အဲ့ဒါတွေကို အရေးယူနိုင်အောင် ဥပဒေပြဋ္ဌာန်းနိုင်တယ်လို့ ပြောထားတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်မှာ မပြဋ္ဌာန်းဘူး။ အဲ့တော့ ဒီကနေ့ အဲ့ဒီဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဖန်တီးတဲ့သူတွေကို အရေးယူနိုင်တဲ့ဥပဒေ မရှိတဲ့အခါကျတော့ နေရာတကာမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖွနေတယ်၊ ဖန်တီးနေကြတယ်။ ကြံဖန်ပြီး ပြောနေကြတယ်။ ၁၅၃ (က) နဲ့ အရေးယူလို့ရတယ်၊ ဆိုလိုတာက လူအမျိုးအစား တခုနဲ့တခုအကြားမှာ အငြိုးအတေးဖြစ်အောင်၊ အမုန်းပွားအောင် ပြောရင်ဆိုတဲ့ဟာ အဲ့ဒါ Discrimination မဟုတ်သေးဘူး။ နောက်တခါ ၂၉၅ (က) ဆိုတာရှိတယ်။ အဲ့ဒါ ဘာသာတခုကို နာကျည်းအောင် စော်ကားပြောဆိုရင်၊ ဒါလည်းပဲ တိုက်ရိုက် Discrimination ခွဲခြားဆက်ဆံမှုနဲ့ မပတ်သက်ဘူး။ ၅၀၅ (ခ) ဆိုတာ အခုအသုံးများတဲ့ ဥပဒေရှိတယ်။ ဒါ အများပြည်သူ အကျိုးပျက်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒါတွေကစွဲတယ်။ ဆိုတော့ အဲ့ဒီပုဒ်မတွေ လှည့်ပြီးတော့ သုံးနေရတယ်။ အခုအချိန် သိပ်အရေးကြီးနေပြီ။ အရေးကြီးဆုံးကတော့ ဘာသာရေးအရ နှိမ့်ချဆက်ဆံတာ၊ ခွဲခြားဆက်ဆံတာ၊ ဘာသာတခုနဲ့တခုကြားထဲမှာ သဟဇာတမဖြစ်အောင်၊ ဟာမိုနီမဖြစ်အောင် လုပ်တာတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးနိုင်အောင် အမြန်ဆုံး ဘာသာအချင်းချင်းကြားထဲမှာ သဟဇာတဖြစ်စေမယ့် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ၊ ဒါ လေးခုလောက်ပဲ ကျနော် ပြောလိုက်တာပေါ့လေ။ မေး - နောက်တခုကပေါ့နော်။ အခု အသွင်ကူးပြောင်းရေးကာလပေါ့နော်။ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေးကာလမှာဆိုရင် ဥပဒေပြုရေးကဏ္ဍက တကယ်ကို အရေးပါတဲ့ ကဏ္ဍဖြစ်နေပြီ။ ပြည်သူတွေကလည်း ဥပဒေပြုရေးကို တော်တော်စိတ်ဝင်စားလာကြတယ်၊ အရင်ကထက်စာရင်ပေါ့နော်။ အဲ့တော့ ဒီလွှတ်တော်ကိုယ်စားလှယ်တွေ၊ အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေပေါ့နော်။ ဒါကလည်း ပြည်သူတွေက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာကလည်း ဥပဒေပြုမဏ္ဍိုင်တွေ ဖြစ်သွားပြီဆရာ။ အဲ့တော့ ဥပဒေပြုမဏ္ဍိုင်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အနည်းဆုံး ဘယ်လောက်ထိ သိထားသင့်တယ်လို့ ဆရာ့အနေနဲ့ သုံးသပ်ချင်လည်းရှင့်။ ဖြေ - အရေးကြီးဆုံးဖြစ်တဲ့ ဥပဒေပြုမဏ္ဍိုင်။ အဲ့တော့ လွှတ်တော်အမတ်တွေ အားလုံးဟာ သူတို့ရဲ့အလုပ်က အဓိကကတော့ ဥပဒေပြုပေါ့ဗျာ။ အဲ့တော့ ဥပဒေပြုလို့ ပြောပေမယ့်လို့ တကယ့်တကယ် တိတိကျကျပြောရင်တော့ လွှတ်တော်အမတ်ရဲ့ အလုပ်က အချုပ်၊ အကျဉ်းချုံးပြောရရင် ၄ ခုရှိတယ်။ နံပါတ် ၁ က လွှတ်တော်မှာ မေးခွန်းတွေမေးတာ။ ဒါ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ အခြားအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ မေးလို့ရတယ်။ မေးခွန်းတွေ လွှတ်တော်က မေးပြီဆိုရင် အဲ့ဒါ သက်ဆိုင်တဲ့လူတွေက လာဖြေရှင်းရတယ်။ အဲ့တော့ မေးခွန်းမေးတဲ့ အလုပ်ရှိတယ်။ ၂ က အဆိုတင်တာ။ လွှတ်တော်အမတ်တယောက်က ဒီအရပ်မှာ ဘာလုပ်သင့်တယ်၊ ဒီနေရာ ဘာလုပ်သင့်တယ်၊ ဒီဟာပယ်ဖျက်သင့်တယ်၊ ဒါ တည်ဆောက်သင့်တယ်၊ စသဖြင့် အဆိုတွေတင်တာ။ နောက် လွှတ်တော်အမတ်တွေဟာ ဥပဒေကြမ်းတွေ တင်လို့ရတယ်။ ကိုယ်ပြဋ္ဌာန်းချင်တဲ့ ဥပဒေတွေကို လွှတ်တော်ကို ရေးဆွဲတင်သွင်းနိုင်တယ်။ ဒါ သူတို့ရဲ့ လုပ်နိုင်တဲ့အလုပ်ကြီး ၃ ခု။ ဒီထဲမှာ သူတို့ရဲ့ အခွင့်အရေးကတော့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်နဲ့ မဲပေးခွင့်။ ဒါ လွှတ်တော်အမတ်တွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ကျနော်ပြောတာပေါ့လေ။ အဲ့တော့ ခင်ဗျားရဲ့ မေးခွန်းထဲမှာပါတဲ့ ဥပဒေပြုအမတ်တွေဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမှာ ဖြစ်တဲ့အတွက် ဥပဒေပြုရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်အတိုင်းအတာထိ သိသင့်သလဲ ဆိုတဲ့ကိစ္စ။ အဲ့တော့ အဲ့ဒီခေါင်းစဉ်ကြီးကတော့ တော်တော်ကျယ်ပြန့်တယ်။ ဥပဒေကြမ်း ရေးဆွဲတယ်ဆိုတာက ဘာသာရပ်တရပ်ဖြစ်တယ်။ အဲ့ဒီ ဘာသာတက္ကသိုလ်မှာ Bachelor ဘွဲ့ရှိတယ်၊ Master ဘွဲ့ရှိတဲ့အပြင် Phd. Dr ဘွဲ့အထိရှိတယ်။ အဲ့တော့ ဒါ တော်တော့်ကို မြင့်တယ်။ အဲ့ဒါ အမတ်တွေ မတတ်နိုင်ဘူး။ ဒီထဲမှာ အခု ရှေ့နေတွေ ရှိတယ်။ အဲ့ဒီရှေ့နေတွေလည်းပဲ သူတို့က ရှေ့နေပဲလိုက်တတ်မယ်၊ ဥပဒေကြမ်း မရေးတတ်ဘူး။ အဲ့တော့ အဲ့ဒီဥပဒေကြမ်း ရေးဆွဲခြင်းပညာ တတ်တဲ့သူတွေကို ကျနော်တို့က ခန့်ထားရတယ် လွှတ်တော်မှာ၊ ဒီပညာရှင်တွေကို ခန့်ထားရတယ်။ ခန့်ထားပြီးတော့မှ လွှတ်တော်က အဓိက ဘာလုပ်ရသလဲဆိုတော့ ဥပဒေကြမ်းတခု တင်မယ်ဆိုရင် အဲ့ဒီ ကျွမ်းကျင်တဲ့ပညာရှင်နဲ့ ရေးပြီးတော့ တင်ရတယ်။ ဥပမာ စီးပွားရေးဥပဒေဆိုရင် စီးပွားရေးနဲ့ဆိုင်တဲ့ ပညာရှင်တွေကို သူတို့ဆီက မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကိုယူ၊ ယူပြီးတော့မှ အခုနက ဥပဒေကြမ်းရေးတဲ့လူဆီကိုပေး၊ သူကနေရေး။ ပြီးတဲ့အခါကျတော့ သူတို့ကနေ အဲ့ဒါတွေကို ပုံစံချပြီးတော့ ဥပဒေကြမ်းဆိုတာ ပထမ Zero Level Draft လို့ခေါ်တယ်။ အဲ့ဒါထွက်လာမယ်။ အဲ့ဒါထွက်လာတဲ့အခါကျတော့ လွှတ်တော်အမတ်ရဲ့ ကဏ္ဍက အဲ့ဒီကျတော့မှ လာတာ။ ဥပဒေကြမ်းတခု ဘယ်ကပဲတက်လာတက်လာ၊ တက်လာပြီဆိုတာနဲ့ အဲ့ဒီဥပဒေကြမ်းအားလုံးကို လွှတ်တော်အမတ်တွေကို ဝေပေးရတယ်။ ဝေပေးပြီးတော့ လွှတ်တော်အမတ်တွေက အဲဒါကိုဖတ်။ ဖတ်ပြီးတော့မှ သူတို့သဘောထားကို လွှတ်တော်မှာ ဆွေးနွေး၊ သဘောမတူရင် ကန့်ကွက်မယ်။ နောက်ဆုံး သဘောတူ၊ မတူ ပြဿနာပေါ်ရင် မဲခွဲမယ်။ နိုင်ရင် အတည်ဖြစ်မယ်၊ ရှုံးလို့ရှိရင် ဒီဥပဒေကြမ်း အတည်မဖြစ်ဘူး။ တချို့ဆို တပိုဒ်ချင်း၊ တပိုဒ်ချင်းပြင်တယ်။ ဥပဒေတခုလုံး ပျက်တာတော့ မရှိပါဘူး။ သူတို့မကြိုက်တဲ့ အပိုဒ်တွေကို မဲခွဲလိုက်လို့ရှိရင် လုပ်ရတာပေါ့။ လွှတ်တော်အမတ်တွေဟာ ဥပဒေပြုတာဝန်ကို ထမ်းဆောင်ရတယ်။ အဲ့တော့ ဥပဒေပြုတာဝန်ဆိုတာ ပြောတော့သာ စကားလေးက သုံးလေးလုံး။ ပြုမယ့်ဥပဒေက ကျန်းမာရေးနဲ့ ဆိုင်မယ်၊ ပညာရေးနဲ့ ဆိုင်မယ်၊ လူမှုရေးနဲ့ ဆိုင်မယ်၊ အင်ဂျင်နီယာနဲ့ ဆိုင်မယ်၊ စီးပွားရေးနဲ့ ဆိုင်မယ်၊ နိုင်ငံခြားရေးနဲ့ ဆိုင်မယ်။ ဆိုတော့ လွှတ်တော်အမတ်တယောက်က အဲ့ဒါတွေအားလုံး ဘယ်လိုမှ မတတ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဥပဒေတခုချင်း ဥပဒေကြမ်း ရောက်လာတဲ့အခါကျမှ အဲ့ဒီ ဥပဒေကြမ်းကို ဖတ်ပြီးတော့မှ ကိုယ်ဉာဏ်မီသလောက်၊ ကိုယ်တတ်နိုင်သလောက်ပဲ။ ဒါ Expert မဖြစ်ဘူး။ ဒါ တကမ္ဘာလုံးမှာ ဒီပုံစံပဲ။ အဓိကကတော့ လွှတ်တော်ဆိုတဲ့ အဖွဲ့ဟာ ပြည်သူ၊ ပြည်သူတွေကိုယ်စား ရွေးလိုက်တဲ့ အမတ်တွေကနေ နောက်ဆုံးတော့ Final Decision ကို မဲနဲ့ချပေးလိုက်တာပဲ။ ဒါ့ကြောင့်မို့လို့ အားလုံးတော့ မတတ်နိုင်ဘူး။ သို့သော် တတ်နိုင်သမျှ ဖတ်ဖို့၊ မှတ်ဖို့လိုတယ်။ လွှတ်တော်အမတ်ရဲ့ အလုပ်ကို ပြောရမယ်ဆိုရင် တော်တော်ကြီးကို ကျယ်ဝန်းလွန်းအားကြီးပါတယ်။ မေး - အဲ့တော့ဆရာ ခုနက ပြောသွားသလိုပေါ့နော်။ ဥပဒေကြမ်းပညာရပ်တရပ် အနေနဲ့ အရင်ကလည်း ဆရာပြောဖူးတယ်။ ဒါကို နိုင်ငံခြားမှာတောင် သွားပြီးတော့ သင်ယူသင့်တယ်ပေါ့နော်။ အဲ့တော့ ဒီ မြန်မာနိုင်ငံမှာကော ဒီဥပဒေကြမ်းပညာရှင်တွေက နိုင်ငံအတိုင်းအတာ အနေနဲ့ဆိုရင် ဆရာ့အနေနဲ့ ရှိသင့်တဲ့ အတိုင်းအတာထိ ရှိတယ်လို့ထင်လား၊ လုံးဝကို နည်းတယ်လို့ ထင်လားပေါ့နော်။ အဲ့ဒါလေးလည်း နည်းနည်း ပြောပြပေးပါလားရှင့်။ ဖြေ - ကျနော်တို့ဆီမှာ ဥပဒေကြမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး တတ်တဲ့သူ တော်တော့်ကို နည်းတယ်။ ဥပဒေရုံးက ရှေ့နေချုပ်ရုံးကနေပြီးတော့ အငြိမ်းစားယူထားတဲ့ ပညာရှင်တွေတော့ တော်တော်များများရှိတယ်။ ဒါပေမယ့် လက်ချိုးရေလို့ရတယ်။ ၁၀ ယောက်တောင် မပြည့်ဘူးလို့ ကျနော်ထင်တယ်။ ရှိတယ် အလွန်နည်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်အဆင့် ဥပဒေပညာသင်ကြားရေးမှာ အဲ့ဒီဘာသာရပ် ပါကိုမပါဘူး။ ကျနော်တို့ Syllabus အဲ့ဒါထည့်ဖို့တောင်လိုတယ်။ အနည်းဆုံး Bachelor လောက်တော့ ကျနော်တို့ဆီမှာ သင်ပေးနိုင်ရင်ကောင်းမယ်။ Bachelor အဆင့် မသင်နိုင်ရင်တောင် Diploma လောက်အထိဖြစ်၊ ဥပဒေကြမ်းရေးဆွဲရေးပညာကို ကျနော်တို့ဆီမှာ သင်ကြားပို့ချတဲ့ School ကို မရှိသေးဘူး။ အဲ့ဒါတွေက နိုင်ငံခြားသွားပြီးတော့ သင်ရတာ။ အဲ့ဒါလည်းပဲ ဒါ ခင်ဗျားမေးတာ တော်တော်လေးကောင်းတယ်။ ကျနော်တို့ ဥပဒေပြုရေးကဏ္ဍ၊ ဒါ ဒီမိုကရေစီခေတ်မှာ ပြည်သူကိုအကျိုးပြုမယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ ပြည်သူ့လွှတ်တော်အမတ်တွေ လေ့လာနိုင်ဖို့။ သို့မဟုတ် ပြည်သူ့လွှတ်တော်အမတ်တွေကို ကူညီပေးနိုင်ဖို့အတွက် ဒီဥပဒေကြမ်း ရေးဆွဲခြင်းပညာ တတ်တဲ့သူတွေကို မွေးထုတ်ဖို့လိုတယ်။ ဒါလည်းပဲ ပြည်သူ့လွှတ်တော်အနေနဲ့ စဉ်းစားသင့်တယ်။ လိုအပ်ရင် တက္ကသိုလ်မှာ ကျနော်တို့က Syllabus တခုကို ထည့်မယ်။ မဟုတ်ရင်လည်း Course တခု အနေနဲ့၊ ဘာသာရပ်တခုအနေနဲ့ မြန်မာပြည်မှာရှိတဲ့ သင်နိုင်တဲ့သူသင်။ မတတ်နိုင်ရင် ကျနော်တို့က နိုင်ငံခြားက ပညာရှင်ခေါ်ပြီးတော့မှ သင်ရင်သင်ရမယ်။ ဒါ တော်တော် အရေးကြီးပါတယ်။ ဥပဒေအကောင်းစား၊ တရားမျှတတဲ့ ဥပဒေ၊ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ ဥပဒေတွေ ပေါ်ဖို့ဆိုရင် အဲ့ဒီ ဥပဒေကြမ်းရေးဆွဲတဲ့ ပညာရှင်တွေ များများမွေးထုတ်ပေးဖို့လိုတယ်။ မေး - ဒါနဲ့တဆက်တည်းပေါ့။ အခုလက်ရှိ အန်အယ်လ်ဒီအစိုးရကိုကော ဆရာ့အနေနဲ့ ဥပဒေကြမ်းပညာကို Course တခုအနေနဲ့ပေါ့နော်၊ ထည့်သွင်းသင်ကြားဖို့ အတွက်ကော ဆရာ့အနေနဲ့ အကြံပေးဖို့တို့၊ တင်သွင်းဖို့တို့ကော ရှိသလားရှင့်။ ဖြေ - ခင်ဗျားတို့ အခု မေးခွန်းမေးတယ်၊ ကျနော်ပြောလိုက်တယ်။ ဒါဆိုလို့ရှိရင်တော့ ဒါ အားလုံးပြန့်သွားမှာပဲ။ လွှတ်တော်အမတ်တွေလည်း သတိထားမိမှာပဲ။ ကျနော်လည်းပဲ ကျနော့်ပါတီလိုင်းကနေပြီးတော့ ကျနော် လူကြီးတွေကို အကြံတော့ ပေးမှာပါ။ ဒီ ဥပဒေကြမ်း ရေးဆွဲရေးနဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်မှာ သင်ဖို့၊ မဟုတ်ရင်လည်း အဲ့ဒီဟာက သိပ်ပြီးတော့ အကုန်အကျ များမယ်ဆိုရင်တောင် ၀ါသနာပါတဲ့ ဥပဒေကျောင်းသားတွေထဲကနေ ရွေးထုတ်ပြီးတော့မှ၊ ဥပဒေဘွဲ့ရပြီးသား လူတွေထဲက ၀ါသနာပါတဲ့သူတွေကို နိုင်ငံရပ်ခြား ပို့ပြီးတော့မှ သင်ကြားပေးသင့်တယ်လို့ ကျနော် အဲ့ဒီလို အကြံပြုချင်တယ်။ နောက်ပြီးတော့ နိဂုံးချုပ်ပေါ့ဗျာ ပြောရလို့ရှိရင် အခု ကျနော်တို့ Transitional Period က မြန်မာနိုင်ငံအတွက် အခုမှစတာပါ။ တကယ့်တကယ် သူများတွေက ပြောနေတာကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီး၊ ပထမ လွှတ်တော်သက်တမ်းကတည်းက ပြုပြင်ပြောင်းလဲရေးကာလလို့ ပြောပေမယ့် တကယ့်တကယ်တော့ ပထမလွှတ်တော်သက်တမ်းဟာ ပြုပြင်ပြောင်းလဲရေးကို မလုပ်နိုင်ခဲ့ပါဘူး။ ပြဿနာတွေ အများကြီးကိုပဲ သူတို့ ဖန်တီးခဲ့တာ တွေ့ရပါတယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် နည်းနည်းပါးပါး စာနယ်ဇင်းလွတ်လပ်ခွင့် ရတာလောက်ပဲ မှတ်တမ်းတင်စရာ ရှိပါတယ်။ ကျန်တဲ့အပိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ကျနော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ ကျနော်တို့ တကယ့်အခြေခံ အခွင့်အရေးတွေလည်း အပြည့်အ၀ မရသေးပါဘူး။ အဲ့တော့ အခုမှ အပြောင်းအလဲစတာ ဖြစ်တဲ့အတွက် ကျနော်တို့ နှစ်ပေါင်းငါးဆယ်ကျော် ပျက်လာတဲ့အပျက်ကို အချိန်တိုတိုနဲ့ ပြုပြင်ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့တော့ မြန်မြန်ဖြစ်ဖို့ဆိုရင် အဓိက လိုအပ်ချက်ကတော့ ပြည်သူလူထုရဲ့ အားပေးမှုနဲ့ ပံ့ပိုးကူညီမှု၊ ဒါ ဒေါ်အောင်ဆန်းစုကြည်လည်း အမြဲပြောတယ်။ တော့်တော့်ကို ကျနော်တို့ အရေးကြီးတယ်။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့၊ တိုင်းပြည်ကောင်းဖို့အတွက် ကြိုးစားအားထုတ်ပြီး လုပ်နေတဲ့အချိန်မှာ တချိန်တည်းပဲ နောက်ပြန်ဆွဲဖို့၊ တိုင်းပြည်ပျက်ရာပျက်ကြောင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့ အုပ်စုတွေက ရှိနေတယ်။ အဲ့တော့ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက လုံးဝသွေးမကွဲဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နောက်မှာ၊ အဲ့လို ပါတီနာမည်နဲ့ မပြောရင်လည်း အခု ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့နောက်မှာ အခိုင်အမာ ကျနော်တို့က ရပ်တည်ပေးဖို့လိုတယ်။ အလားတူပဲ လက်ရှိ လွှတ်တော်အစိုးရကလည်း အဲ့ဒီ ပြည်သူ့အားကို အခိုင်အမာရအောင် ယူဖို့လိုတယ်။ ပြီးတော့ ပြည်သူတွေရဲ့ အခုတက်နေတဲ့ နိုင်ငံရေးရေချိန်ကိုလည်း ကျမသွားအောင် လက်ရှိအစိုးရအနေနဲ့ ထိန်းသွားပြီးတော့ တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲရေးကို သတ္တိရှိရှိနဲ့ ကျနော်တို့ လုပ်ယူသွားဖို့လိုတယ်။ ကျနော်ထင်တယ်၊ ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာ ဒီကနေ့လောက် လူထုက တညီတညွတ်နဲ့ ထောက်ခံပေးတဲ့ ထောက်ခံမှုမျိုး၊ ကျနော်ထင်တယ် ရှေ့မှာ မရှိခဲ့ဖူးဘူး။ ဒါဟာ တော်တော့်ကို ကျနော်တို့ ခဲရာခဲဆစ် စုစည်းထားရတဲ့၊ နှစ်ပေါင်း နှစ်ဆယ်ကျော် ပေးဆပ်ထားပြီးတော့မှ ရထားတဲ့ ညီညွတ်မှုအားပေါ့။ ဒီအားကို သုံးပြီးတော့ တဆင့်ပြီးတဆင့် သတ္တိရှိရှိနဲ့၊ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျနော်တို့ ရှေ့ဆက်သွားဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024