ဧရာဝတီမြစ်ကြီးကို အသက်ရှင်စေချင်တယ် (ဆရာမောင်ဝံသနှင့် မေးမြန်းချက်)
ရွှေအောင်
·
September 1, 2011

ဧရာဝတီမြစ် တိမ်ကောပပျောက်သွားစေမယ့် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှု ရပ်တန့်ပေးဖို့ ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများအဖွဲ့က သမ္မတဦးသိန်းစိန်ထံ ဒီကနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။
[caption id="attachment_15026" align="alignleft" width="310" caption="စာရေးဆရာ မောင်ဝံသ (ဓာတ်ပုံ - myanmarisp.com)"]
[/caption]
လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသကို မေးမြန်းထားပါတယ်။
ဆရာလက်မှတ်ထိုးတာ စာပေပညာရှင် တယောက်အနေနဲ့ ထိုးတာလား၊ ဒါမှမဟုတ် မြန်မာပြည်သား တယောက်အနေနဲ့ ထိုးတာလား။ ဘာကြောင့် လက်မှတ်ထိုးတယ်ဆိုတာ ပြောပြပေးပါ။
“နှစ်ခုစလုံးအနေနဲ့ပေါ့ဗျာ။ မြန်မာပြည်သား တယောက် အနေနဲ့အဆင့်က ပထမပေါ့။ ဒုတိယကတော့ ကျနော့်ရဲ့ အသက်မွေးဝမ်းကြောင်းပေါ့။ စာနယ်ဇင်းသမားပေါ့၊ သတင်းစာသမား စာရေးဆရာ။”
ဒီဧရာဝတီက ဘယ်လောက်အထိ အရေးတကြီး ကယ်တင်ဖို့ လိုအပ်နေပြီလို့ ဆရာထင်မြင် ယူဆမိပါသလဲခင်ဗျ။
“ကျနော်ကတော့ ဖတ်ထားတာတွေကတော့ အများကြီးဗျ။ နောက် ကျနော်တို့ စာနယ်ဇင်းတွေမှာ ပြည်တွင်း စာနယ်ဇင်းတွေမှာ တွေ့ရတာတွေလည်း အများကြီးပဲလေ။ ပြီးတော့ ကျနော့်မိတ်ဆွေ ဓာတ်ပုံဆရာတွေ၊ နောက် ကျနော်မိတ်ဆွေ ခရီးသွားပြီးတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ဆီက ဓာတ်ပုံတွေလည်း တွေ့ရတယ်။ ဆောင်းပါးတွေလည်း ဖတ်ရတယ် အခြေအနေက ပြောရရင်တော့ အများကြီးပေါ့။ ဒါပေမယ့် ခြုံပြောလို့ရှိရင် ဒါက တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ကလည်း ဒါကို ဝင်ပြီးတော့ မိမိရဲ့ ဆန္ဒကို ဖော်ထုတ်ရတာပေါ့။”
ဘယ်လောက် အရေးတကြီး လိုအပ်နေပြီလဲ။
“ကျနော်တို့က ဧရာဝတီမြစ်ကြီးကို အသက်ရှင်စေချင်တယ်ဗျာ။ ရှင်သန်စေချင်တယ်။ ဧရာဝတီမြစ်ကြီး အန္တရာယ်ကင်းစေချင်တယ်။ အဲဒါပါပဲ လိုရင်းပြောရမယ်ဆိုရင် အဲဒါပါပဲ။ အဲဒီတော့ အန္တရာယ်အလားအလာတွေ ရှိနေတယ် အန္တရာယ်တွေကို မြင်နေရတယ်ပေါ့ဗျာ။ ဒီအတိုင်း ဆက်သွားမယ် ဆိုလို့ရှိရင်တော့ ဧရာဝတီ မြစ်ကြီးအတွက်က ရင်လေးစရာကောင်းတယ် အဲဒီလို မြင်ရပါတယ်။”
အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ဧရာဝတီမြစ်စုံ ရေကာတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ အစိုးရအဖွဲ့ တာဝန်ရှိ ပြောသွားတဲ့ အထဲမှာ သူတို့လည်း ရမ်းမလုပ်ပါဘူး၊ သူတို့လည်း ဧရာဝတီကို ချစ်ပါတယ်ပေါ့။ ဒီအပေါ်မှာ ဆရာတို့ အခု ကမ်ပိန်းနဲ့ ပေါင်းစပ်ပြီး ပြောရင် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာနိုင်လဲ။ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ ဆရာ။
“အဲဒီလို ပြောတာကို ကျနော်တို့ကတော့ ကြိုဆိုတယ်လေ။ ဒါပေမယ့် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ပြောတာထက်စာရင် ဒါကို ချိန်ချိန်စစနဲ့ လုပ်တယ်၊ ဘက်ပေါင်းစုံက လေ့လာပြီး ဆက်ပြီးတော့ လုပ်သင့် မလုပ်သင့်ကို ဆောင်ရွက်သွားမယ် ဆိုတဲ့ သဘောထားမျိုး ပြောတာကို ကျနော်တို့က သဘောကျတယ်။ အဲဒီအတိုင်းပဲ ဖြစ်စေချင်တယ်လေ။
“ဆိုလိုတာက ကျနော်တို့ကပဲ တဖက်သတ် အစိုးရိမ်ကြီးနေတယ် ဆိုတာ ဆိုရင်လည်း တကယ့်ကို ခိုင်လုံတဲ့ အကြောင်းအရာတွေနဲ့ ပြောရင် ကျနော်တို့က ဟိုဘက် ဒီဘက် လေ့လာလို့ ရတာပေါ့။ အခု ကျနော်တို့က ဒီဘက်က ဒါကို ဆက်လုပ်မယ်ဆိုတဲ့ အရင်လုပ်ထားတဲ့ ပုဂ္ဂိုလ်တွေဘက်က ပြောတာဆိုရင် သတင်းစာ ဆောင်းပါး ၂ ပုဒ်လောက်ပဲ ကျနော် သေချာ ဖတ်ရသေးတယ်။ ဒါပေမယ့် တဖက်က ဆိုကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကြတော့ တော်တော်များတယ်ဗျ။ ကျနော် သိသလောက်ကတော့။ အဲဒီလို ဖြစ်နေတယ်။ အဲဒီတော့ နှိုင်းနှိုင်းချိန်ချိန်နဲ့ လုပ်သွားမယ်ဆိုတဲ့ သဘောထားရှိတယ် ဆိုရင်တော့ ကောင်းပါတယ်။”
ဧရာဝတီနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိသင့်တယ်ထင်တဲ့ ဒါမှမဟုတ် တမျိုးသားလုံး သိသင့်တယ်ဆိုတဲ့ အပိုင်းလေး ပြောပေးပါလား။
“ဧရာဝတီမြစ်ကြောင်း ကမ်းရိုးတလျှောက်မှာ နေတဲ့ လူတွေကတော့ ကျနော်တို့ထက်တောင် ပိုသိဦးမယ်ဗျ။ နောက်တခါ အခု ပြောနေကြတဲ့နေရာ မြစ်စုံဒေသမှာရှိတဲ့ လူတွေအတွက်လည်း ပိုနေမှာပဲ။ ကျနော်တို့က မလိုအပ်ဘဲနဲ့ ပုံကြီးချဲ့တဲ့ သဘောလည်း ဘယ်လိုမှ မဖြစ်ချင်ဘူး။ မဖြစ်စေချင်တာ ပြည်သူတွေ ကိုယ်တိုင်ကလည်း ဒီအပေါ်မှာ စိတ်ဝင်စားပြီးတော့ လေ့လာပြီးတော့မှ ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်ကြဖို့ အဲဒီလို ကျနော်က တိုက်တွန်းချင်တယ်။”
ဒီဧရာဝတီနဲ့ ပတ်သက်ပြီး ရေးသားပြောဆိုနေတာတွေက ပုံကြီးချဲ့တယ်လို့ ပြောမယ်ဆိုရင် ရပါသလား။
“ကျနော်ကတော့ အဲဒီလို မမြင်ဘူးလေ။ ကျနော်ကတော့ ပုံကြီးချဲ့တာ မဟုတ်ဘူး။ ဒီလူတွေက တကယ့်ကို မျက်မြင်ရေးတဲ့လူတွေဗျာ အများကြီး ရှိပါတယ်။ ဓာတ်ပုံတွေ ရိုက်ခဲ့တဲ့လူတွေ၊ ရုပ်ရှင်တွေ ရိုက်ခဲ့တဲ့လူတွေ အဲဒီလို လူတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ ဒီလို လူတွေကျတော့ ကျနော်က လူတွေကိုပါ သိနေတာလေ။ ဒီလူတွေက မဟုတ်တာ ပြောမယ့်သူတွေ မဟုတ်ဘူး။ ပုံကြီးချဲ့မယ့် လူတွေလည်း မဟုတ်ဘူး။ အဲဒီလို ကျနော် ယုံကြည်မှုနဲ့ ပြောတာပါ။”
ဒီလောက် ကျယ်ကျယ်လောင်လောင် ဧရာဝတီနဲ့ ပတ်သက်ပြီး ဝိုင်းဝန်း ပြောဆိုနေတဲ့ကြားက အခုလို လက်မှတ်ထိုး တောင်းဆိုမှုတွေလည်း ပေါ်လာပြီဆိုတော့ ဒီလို လှုပ်ရှားမှုတွေ၊ ဒီလို ရေးသားဖော်ပြမှုတွေက ဘယ်လောက် အတိုင်းအတာထိ မျှော်လင့်နိုင်မလဲ ဆရာ။
“ဒါကတော့ဗျာ သူတို့ အခု ဆက်ပြီးတော့ ဒါကို လုပ်သင့်မလုပ်သင့် ဆိုပြီး မူဝါဒ ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်များက ဒါကို ထည့်စဉ်းစားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ အခုလို စာနယ်ဇင်းတွေမှာ ပြောခွင့်၊ ဆိုခွင့်၊ ရေးခွင့်၊ သားခွင့် အဲဒီလို ရနေတာကိုကပဲ ကောင်းတဲ့ အလားအလာပဲလေ။”
