လယ်သိမ်းခံရမှု နေပြည်တော်သို့ သွားရောက်တင်ပြ
နေသွင်
·
September 1, 2011

လယ်သိမ်းခံရတဲ့ လယ်သမား ၂၀ ကျော်က သူတို့ နစ်နာချက်တွေကို ဥပဒေအကာအကွယ် ရဖို့ နေပြည်တော် လွှတ်တော်ရုံးကို သွားရောက်တင်ပြခဲ့ပါတယ်။
ဒဂုံဆိပ်ကမ်း မြို့နယ် လယ်သမားတွေက ဩဂုတ် ၂၉ ရက်နေ့မှာ တင်ပြခဲ့တာဖြစ်ပြီး လွှတ်တော်ကျင်းပနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
လယ်သမား ၄၀ ပိုင်တဲ့ လယ်မြေဧက ၂၀၀ ကျော်ပေါ်မှာ ကောင်းမြန်မာ ပန်းပုကုမ္ပဏီက ပန်းပုရွာတည်ဖို့ဆိုပြီး ၄ လပိုင်းကတည်းက အလံတွေ ဝင်စိုက်သွားတယ်လို့ လယ်သမားတွေက ပြောပါတယ်။
လယ်သိမ်းခံရတဲ့ လယ်သမားတဦးက “တခြားအလုပ်တွေ ဘာအလုပ်မှ မရှိပါဘူး။ ဒီလယ်ပဲလုပ်တတ်ပါတယ်။ လယ်ပြန်ရဖို့ပဲ လိုချင်ပါတယ်။ ဒီလယ်လေးနဲ့ဆိုတော့ သားသမီးတွေရဲ့ ပညာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။ သားသမီး သုံးယောက်ရှိတယ်။ ၉ တန်းရယ်၊ ၇ တန်းရယ်၊ ၁၀ တန်းရယ်ဖြစ်ပါတယ်။ ဒါလေးတွေကို ပညာသင်ပေးချင်လို့ ဒီလယ်ထဲမှာ ကြိုးစားနေတာပါ” လို့ ပြောပါတယ်။
လယ်သမားတွေ သွားရောက်ခဲ့တဲ့ နေပြည်တော် လွှတ်တော်ရုံး (ရုံးအမှတ်-၂၀) ဟာ ပြည်သူတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ဥပဒေအကြံပြု စာတမ်းတွေ ပေးပို့နိုင်တဲ့ ရုံးလို့ သိရပါတယ်။
လယ်ဧက ၂၀ အသိမ်းခံရတဲ့ လယ်သမား ဦးတင်ဦးက “သူတို့သိမ်းလိုက်တော့ ထမင်းအိုးခွက် ပျောက်သလိုပေါ့။ ကျနော်တို့မှာ ဘာမှစားစရာ မရှိတော့ဘူး။ ဆန်ဝယ်စားစရာ ပိုက်ဆံကို မရှိတော့ဘူး” လို့ ပြောပါတယ်။
လယ်သမားတွေရဲ့ စာနဲ့တင်ပြချက်ကို လွှတ်တော်ရုံး ဦးစီးအရာရှိ ဦးဌေးဦးနဲ့ တာဝန်ရှိသူတွေက လက်ခံထားပြီး လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ ပေးပို့ သွားမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ လယ်သမားတွေက ဆိုပါတယ်။
ကောင်းမြန်မာ ကုမ္ပဏီက အခုလို လယ်တွေ သိမ်းယူခဲ့တာဟာ တရားမျှတမှုမရှိဘူးလို့ လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
“စိုက်ပျိုးဧကတွေဟာ စပါးသီးနှံတမျိုးတည်းကိုပဲ စိုက်ပျိုးနိုင်တဲ့ လယ်ယာတွေ ဖြစ်တယ်။ တောင်သူလယ်သမားတွေက စိုက်ပျိုးထွန်ယက် လုပ်ငန်းကိုပဲ လုပ်တတ်တာဖြစ်တော့ တခြားနည်းနဲ့ အသက်မွေး ဝမ်းကျောင်းနိုင်တာ မဟုတ်ဘူး။ ဒါကြောင့်မို့ လူမှုတရားမျှတမှု ကင်းမဲ့နေတယ်လို့ပဲ ပြောချင်ပါတယ်။”
ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့ပိုင်း မြို့နယ်၃ ခုမှာလည်း ကုမ္မဏီ ၁၄ ခုက သိမ်းထားတဲ့ ဧက တသောင်းကျော်ရှိပြီး မိသားစုပေါင်း ၁ သောင်းရဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နေတယ်လို့ ဦးဖိုးဖြူက ပြောပါတယ်။
မြန်မာပြည်မှာ ခေတ်အဆက်ဆက်ကတည်းက ကျင့်သုံးလာတဲ့ မြေယာ ဥပဒေဟာ လယ်သမားတွေကို အကာအကွယ် မပေးနိုင်တာကြောင့် ဥပဒေသစ်နဲ့ အစားထိုးဖို့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက အကြံပြုနေကြပါတယ်။
