စစ်တပ်လေလံပစ်ထားတဲ့ ငါးမွေးကန်ရေ ဖောက်ထုတ်မပေးတာကြောင့် မန္တလေးမြို့က ဒေါနခြံရပ်ကွက်မှာ လူတရပ်စာထိ ရေနစ်မြုပ်နေတာ နှစ်ပတ်ရှိပြီလို့ ရေဘေးကယ်ဆယ်ရေး လုပ်သားတဦးက ပြောပါတယ်။
“ဒေါနခြံအလယ်ဘက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ စံပြသစ္စာကို နှစ်စဉ်လေလံပေးတဲ့ ငါးကန်ပေါ့။ အဲဒီငါးကန်ကနေ မြောင်းရေထွက်ပေါက်တွေကို ပိတ်ပြီးတော့ ရေမထုတ်ပေးတဲ့အတွက်ကြောင့် ဒေါနခြံမှာ ရေကြီးနေတာ။”
ဒီအကြောင်း မီဒီယာကိုခေါ်ပြဖို့ လုပ်တော့ ရဲနဲ့ တားဆီးပိတ်ပင်ထားတယ်လို့ ပြောပါတယ်။
“ရေထွက်ပေါက်တွေကို ဂျာနယ်လစ်တွေ၊ မီဒီယာတွေခေါ်သွားပြီး ဒီတံတားတွေ ပိတ်ထားလို့ ရေမကျတာပါဆိုပြီးတော့ ကျနော်တို့က သတင်းပေးချင်လို့ ခေါ်သွားတာ လည်း သွားခွင့်မပေးဘူး။ ရဲနဲ့ပိတ်ထားတယ်။”
ဒေါနခြံရပ်ကွက်ဟာ မန္တလေး မဟာအောင်မြေမြို့နယ်အတွင်း ရွှေတချောင်မြောင်းနဲ့ သင်္ဂဇာချောင်းကြားမှာ တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။
ရေဘေးကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ရပ်ကွက်အတွင်း သွားလာလို့ရအောင် ခြေတံ ရှည်တံတားတွေ ထိုးပေးနေပြီး အမရပူရမြို့နယ်စည်ပင်ကလည်း ဝပ်နေတဲ့ရေတွေကို ရေစုပ်စက်နဲ့ ထုတ်ပေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
မန္တလေးမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း လူနေအိမ်တိုက်တာ ဆောက်လုပ်ရာမှာ ရေစီးရေလာကောင်းမွန်ဖို့ ထည့်မတွက်ဘဲ ဆောက်လုပ်ခဲ့မှုကြောင့် ခုလို ရေကြီးမှုတွေ ဖြစ်နေတာ ၃ နှစ်လောက်ရှိပြီလို့ မြို့ခံက ပြောပါတယ်။